Pages

Saturday, April 14, 2012

ကျိုးကြောင်းဆက် ပုဂ္ဂလပညတ် (၁၅)

၁။ ဦးဖိုးသင်ကို ဆရာလှိုင်မှ မည်သို့ ပြုစားသနည်း။
ဦးဖိုးသင်နှင့် ဆရာလှိုင်၊ အိုင်ကလောင်နှင့် တော်ခရမ်း၊ ရွာနီးချင်းမိတ်ဆွေများ။ ပြောမနာ၊ ဆိုမနာ။ တစ်နေ့ - 
ဦးဖိုးသင်မှ “ခင်ဗျားတို့ ဆရာတွေဟာ စုန်းပြုစားတဲ့ ပယောဂဝေဒနာတွေတော့ ကုပြီး စုန်းပညာ ကျတော့ ဘာလို့ မတတ်သလဲ” မေး၍ “ခင်ဗျား - ဆရာတွေကို အထင်သေးတာကို။ ဆရာတွေက စုန်းထက် တတ်သေးတယ်။ ခင်ဗျားမှမသိဘဲကို”ဟု ဆရာလှိုင်မှ ပြန်ပြောသည်။ “ခင်ဗျား စုန်းတွေထက် တတ်တယ်ဆိုရင် ကျုပ်ကို ပြုစားပြစမ်းပါ။ သေတော့ မသေစေနဲ့ဗျို့။” ဒါက ဦးဖိုးသင်၏ ခနဲ့သံ။ ဤသို့ဖြင့် ဇာတ်လမ်းစခဲ့သည်။

ရာသီက တပို့တွဲ၊ နှာရည်တရွှဲရွှဲဖြင့် ချမ်းအားကောင်းဆဲ။ တော်ခရမ်းအင်းမ အနောက်ရွာသူကြီးအိမ်မှ ထမင်းနှဲပွဲ။ ဆရာလှိုင်နှင့် ဦးဖိုးသင်ကိုလည်း ဖိတ်ကြား။ သို့ဖြစ်၍ ဆရာလှိုင်မှ မိုးမလင်းခင်ကပင် ဦးဖိုးသင်အိမ် အရောက်သွား။ ဝါးမီးများထည့်၍ ဦးဖိုးသင်ပါ မီးလှုံကြ။ နံနက်လင်းစ အင်းမတံတား ဖြတ်လျှောက်၍ ထမင်းနှဲပွဲ သွားကြ။ အင်းအလယ်ရောက်။ မတော်တဆဟန်ဖြင့် ဦးဖိုးသင်အား ဆရာလှိုင်မှ ရေထဲတွန်းချ။ ဦးဖိုးသင်လည်း တစ်ကိုယ်လုံးရေရွှဲ၍ အိမ်ပြန်လာကြ။ မကြာပါ။ ဦးဖိုးသင် ချမ်းတုန်၍ ဖျားတော့သည်။ ဆရာလှိုင်သွားပင့်တော့ “မသေပါဘူးကွာ။ မတည့်တဲ့ အစာသာ မကျွေးနဲ့။ သန်ဘက်ခါ ငါလာခဲ့မယ်။” ဟု ပြောလိုက်။ ခေတ္တတော့ ဖျားပေဦးတော့ ဦးဖိုးသင်။
၂။ မည်သို့ဓာတ်ခိုက်၍ ဖျားရသနည်း။
· လူတိုင်းဓာတ်ခံကောင်းလျှင်၊ ဓာတ်ကောင်းနေလျှင် ကျန်းမာရေးကောင်းနေမည်။ ဓာတ်ခံမကောင်း လျှင်၊ ဓာတ်ပျက်လျှင် ရောဂါပေါင်းစုံ ဝင်နိုင်သည်။
· ပုဂ္ဂလပညတ် ဆေးပညာသည် ပါပ၊ သောမမလွဲဖို့၊ ရုပ်၊ နာမ် မလွဲဖို့သည် အဓိကသော့ချက် ဖြစ်သည်။
· ပါပ၊ သောမ၊ ရုပ်ဆေး၊ နာမ်ဆေး - ဆေးချက်မှန်နေလျှင် မူလဓာတ် ရှင်သန် ကျန်းမာနေမည်။ ကျန်းမာအောင် ထောက်ပံ့ထားမည်။
ဤအချက်များသည် ကျန်းမာရေးအတွက် အရေးကြီးသော ဥပဒေသများ ဖြစ်သည်။ လွဲမှား၍ မရ။
ဦးဖိုးသင်က သောကြာသား၊ သောမ။ ၎င်း၏ဓာတ်ဖက်က ဗုဒ္ဓဟူး၊ သောမ။ ဝါး(+)နာမ်ဆေးချက်ကို ရုပ်ဆေးချက်လုပ်၍ ဝါးမီးမှိုင်းတိုက်၊ ဝါးမီးလှုံစေခဲ့သည်။ ဦးဖိုးသင်၏ ဓာတ်ဖက် ဗုဒ္ဓဟူးကို ရုပ်နာမ်လွှဲ၍ဖျက်၊ ဓာတ်ပျက်၍ ဦးဖိုးသင် ကျန်းမာရေး ထိခိုက်ပေတော့မည်။
သင်(-)၊ ဝါး(+) ဖိုဓာတ်၊ မဓာတ်။ ရုပ်၊နာမ် လွဲ၍ shock ဖြစ်။ သင်မှ (-)လည်း ဓာတ်ခိုက်၊ ဓာတ်ဖက် ဝါးမှ (+)လည်း ပျက်သွားသည်။ ဦးဖိုးသင် ဓာတ်ယုတ်ရောဂါ ခံစားရပြီး ဖျားပြီ။ သို့သော် ကြိုတင်၍ အင်းရေ (+) ရုပ်ဆေးချက်အမှန်ဖြင့် ကြိုတင်ဖြေပေးလိုက်သည်။ နဝင်းရုပ်ဆေးချက်ဖြစ်၍ ဖြေဆေးက ထက်ပါသည်။ သို့ဖြစ်၍ မသေနိုင်ပါ။ သို့သော် ဝါးမီးခိုးမှိုင်းရော၊ ဝါးမီးအပူရှိန်ပါ တစ်ကိုယ်လုံးကို ထိခိုက်ပျံ့နှံ့ လက်ဦးမှုယူထား ၍ ခေတ္တတော့ ခံရပေဦးတော့မည်။ တစ်နည်းအားဖြင့် ခေတ္တဓာတ်ခိုက်စေနည်း ဖြစ်ပါသည်။
၃။ နဝင်းရုပ်ဆေးဖြင့် ဖြေပါလျက် အဘယ်ကြောင့် မပြေသနည်း။
ရုပ်ဆေး၊ နာမ်ဆေးမှန်လျှင် မူလဓာတ်ခံကို ရှင်သန်ကျန်းမာစေမည်ဟု အပိုဒ်(၂)တွင် ပြထားသည့် အတိုင်း အင်းရေ(+) ရုပ်ဆေးအမှန်ဖြင့် ဖြေထား၍ ဦးဖိုးသင် ခံသာ၊ နေသာ ရှင်သန်နေသည်။ မသေနိုင်ပါ။
၄။ ဘာကြောင့် လုံးဝမပြေသနည်း။
ဦးဖိုးသင်၏ ဓာတ်ဖက် (+)နာမ်ဆေးချက် လွဲခဲ့သည်။ ပျက်ခဲ့သည်။ ယခု အစားထိုး ဖြေပေးသည်က အင်းရေ(+) ရုပ်ဆေးချက်။ (+)အစားရ၍ ခံတော့ ခံသာသည်။ မူလပျက်သွားသော နာမ်ဆေး(+) မဟုတ်သေး၍ လုံးလုံးတော့ မပြေသေး။ သို့ဖြစ်၍ ဦးဖိုးသင် ဖြေဆေးမရသရွေ့ တစ်ရက်၊ နှစ်ရက်တော့ ဖျားပေ ဦးတော့။ သူကိုယ်တိုင်က ပြုစားပြပါလို့ ဆိုခဲ့တာကို။ “သေတော့ မသေစေနဲ့ဗျို့။”ဆိုသဖြင့် ကြို၍ ဖြေပေး ထားလိုက်ပါသည်။ “ရေမှုတ်ထဲ မိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့ မိကျောင်း”တဲ့။ ရေမှုတ်ထဲက မိကျောင်းက အသေအကိုက်ခိုင်းလျှင် အသေကိုက်နိုင်ရဲ့။ ဦးဖိုးသင်ကို အင်းရေနှင့် မဖြေဘဲ အုန်းရေသာ တိုက်လိုက်ပါက နှစ်ဆင့်မှာ ကိစ္စပြတ်သွားနိုင်သည်။ စုန်းပညာထက် ထက်တဲ့ ဓာတ်ပညာ ကြောက်စရာ၊ အံ့သြစရာပင်။
၅။ မည်သို့ပြန်ဖြေ ကုသနည်း။
အထက်မှာ ပြဆိုခဲ့သည့်အတိုင်း ပျက်ထားတာက ဓာတ်ဖက် ဝါး(+) နာမ်ဆေး၊ ခေတ္တ အစားထိုး ဖြေထားတာက အင်းရေ(+) ရုပ်ဆေး။ ဆေးချက်မှန်နေ၍ တော်သေးသည်။ မသေအောင် ထိန်းထားနိုင် သေးသည်။
ယခုဆေးချက်အမှန်၊ ကုသချက်ဆေးမှာ ဝါးရွက်(+)ကို ပြုတ်၊ သကြား(+)ပါ ထပ်ကူ၍ ပူပူမှုတ်၍ သောက်စေသည်။ နာမ်ဆေးအမှန်ဖြင့် ဖြေလိုက်သည်။ ဆေးချက်မှန်တော့ တစ်ခွက်ဖြင့် ချွေးပြန်၍ ဆီးများသွား ပြီး အဖျားပျောက်ခဲ့ပါကြောင်း - ဆရာကြီး ဦးသာတင့်၏ (၅၅-၅၇)တို့ကို ကိုးကား၍ တင်ပြအပ်ပါသည်။
၆။ ဆရာ့ဆရာကြီးများ အဘယ့်ကြောင့် ပညာကုန် မပြခဲ့သနည်း။
ပုဂ္ဂလပညတ် ဓာတ်ဆေးပညာသည် ပါပ၊ သောမ၊ ဖို၊ မ၊ မိတ်၊ ရန်၊ ရုပ်၊ နာမ်၊ နဝင်း ဓာတ်ညှိ၍ ကုသရ သော ဆေးပညာ၊ ပုံသေဖော်နည်းကား မရှိသော ပညာကု ဆေးပညာ၊ အလွန်အစွမ်းထက်သော ဆေးပညာ၊ စုန်းပညာထက် ထက်သော ဆေးပညာ၊ မသူတော်တို့ မတတ်သင့်သော ဆေးပညာဖြစ်၍လည်း “ငါနှင့် ထပ်တူ၊ ဉာဏ်ရည်တူ ယူကြလော့”ဟု လျှို့ဝှက် ထိန်းထိန်းသိမ်းသိမ်း ထားခဲ့သောပညာ ဖြစ်ပါသည်။ ဆရာကြီး ဦးသာတင့်မှလည်း ၎င်း၏ အဖွင့်နိဒါန်းတွင် -
“မြန်မာ့ရိုးရာ ပုဂ္ဂလပညတ် ဆေးပညာကို လျှို့ဝှက်သည်ဟု အများက အသိအမှတ်ပြုကြသည်။ အများ က အသိအမှတ်ပြုသကဲ့သို့ လျှို့ဝှက်ခြင်းလည်း ရှိပါ၏။ နက်နဲခြင်းလည်း ရှိပါ၏။ ယင်းသို့ဖြစ်ရသည်မှာ နှောင်းလူများ မတတ်စေလိုသော၊ ကျဉ်းမြောင်းသော အမြင်ဖြင့် လျှို့ဝှက်ထားခဲ့ခြင်း မဖြစ်နိုင်ချေ။ သီလ၊ သမာဓိ မရှိဘဲ လောဘ၊ ဒေါသ အလိုရမ္မက်ကြီးသူများ ဤပညာကို တတ်မြောက်သွားပါက အလွန်တရာ ဘေးဥပါဒ် အန္တရာယ်များနိုင်သည်။ ဤပညာတတ်မြောက်သူမှာ ရန်ဓာတ်၊ မိတ်ဓာတ်တို့ကို သိရှိနားလည်သည့် အလျောက် တခြားသူတစ်စုံတစ်ယောက်ကို နာစေ၊ ဖျားစေ၊ ပျက်စီးစေ၊ ကောင်းစားစေနိုင်သည်။ သို့ဂလို ဘေး အန္တရာယ် များပြားလှသည့် ပညာရပ်ဖြစ်သဖြင့် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသူမှသာ၊ ပညာရှိများသာလျှင် တွေးတောကြံဆ လေ့လာနိုင်ရန်အတွက် လျှို့ဝှက်စွာ ထားခဲ့ခြင်း ဖြစ်တန်ရာသည်။”ဟု နိဒါန်းတွင် ရေးသားခဲ့ပါ သည်။
သို့ပါ၍ ပုဂ္ဂလပညတ်ဓာတ်ဆေးပညာသည် အလွန်ထက်သော ပညာတစ်ရပ်ဖြစ်၍လည်း မတိမ်ကော၊ မပပျောက်စေရေး တတ်စွမ်းသူပညာရှိ၊ သူတော်ကောင်းအပေါင်းတို့မှ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းနိုင်ရန် ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။
၅.၆.၂၀၁၀

အစာလည်းဆေး - ဆေးလည်းအစာ - ပုဂ္ဂလပညတ် ဆေးပညာ

ကျိုးကြောင်းဆက် ပုဂ္ဂလပညတ် (၂၄)

ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာစာအုပ်ကို တကျော့ပြန်၍ ဖတ်ကြည့်ပါသည်။ ၎င်းစာအုပ်မှ (အရှေ့နှင့် အနောက်)ဟူသော ဆောင်းပါးတွင် ခေတ်ပညာဆေးသိပ္ပံဘွဲ့ရ အင်္ဂလိပ်ဆရာဝန်မကြီး တစ်ဦးမှ မြန်မာ့ဆေးပညာကို စိတ်ဝင်တစား လာရောက်လေ့လာပုံကို ရေးသားထားသည်မှာ အားကျစရာ ဖတ်ရှုရ ပါသည်။


အင်္ဂလိပ်ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်သည် (အမ်ဘီဘီအက်စ်၊ အမ်အာစီအက်စ်)(လန်ဒန်) ဟူသော တော်ဝင်သမားတော်ဘွဲ့ရ ဆရာဝန်မကြီးဖြစ်ပြီး “ဟိုမယိုပသီ” ဆေးကုနည်းကိုလည်း   ကောင်းစွာတတ်ကျွမ်း ကြောင်း၊ လူနာများကို ၎င်းနည်းများကို ၎င်းနည်းနှင့် စမ်းသပ်ကြောင်းကိုလည်း ၎င်းမှပြောပါသည်။ မြန်မာပြည် ရောက်ခိုက် မြန်မာ့ဆေးပညာကိုလည်း စိတ်ဝင်တစားလေ့လာခဲ့ကြောင်း -

“ကမ္ဘာလှည့်ပြီး တရုတ်၊ကုလား ဆေးဝါးကုထုံးတွေကို အနည်းအကျဉ်း လေ့လာဆည်းပူးကြည့်ခဲ့တယ်။ မထူးခြားလှဘူး။ ဒီဆရာကြီးပြောတဲ့ “ရောဂါကိုအစာနဲ့ကုတယ်”ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်။” - ဟူ၍ ဂျာနယ်ကျော်မမလေး၏ လက်ဦးဆရာ နေလဝိဇ္ဇာဆရာခိုင်နှင့် အင်္ဂလိပ် ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်တို့   မြန်မာ့ဆေး ပညာအကြောင်း ဆွေးနွေးအပြီး အင်္ဂလိပ်ဆရာဝန်မကြီးမှ မှတ်ချက်ပေးခဲ့ပုံကို ရေးသားထားပါသည်။

၎င်းဆွေးနွေးပွဲတွင် နေလဝိဇ္ဇာဆရာခိုင်မှ မစ္စစ်ဟတ်ဆင်ကို “ဆေးမရှိတဲ့နေရာ မှာ ဝေဒနာပျောက် အောင် ခင်ဗျားတို့ ဘယ်လိုကုမလဲ”ဟူသော တစ်ခုတည်းသော မေးခွန်းကို မေးခဲ့ရာ ဆရာဝန်မကြီးမှ အဖြေ မပေးဘဲ ပြုံး၍သာနေခဲ့ကြောင်း၊ ဆရာကြီးမှ ဆက်၍ “နောက်ဆုံးဆေး မရှိတဲ့ နေရာ   ရောက်နေပြီး  ဆေးမရှိဘူး ဆိုပါတော့” စားပွဲပေါ်မှ စာရွက်ကိုထောက်ပြလျက် “နောက်ဆုံး ဒီစက္ကူဘဲရှိတယ် ဆိုပါတော့၊ ဒီစက္ကူကိုဘဲ ဆေး ဖြစ်အောင်၊ ဗမာက ပျောက်အောင် ကုသွားမယ်။” ဆရာဝန်မကြီးမှာ ပြုံးစေ့စေ့ နားထောင်နေကာ စကားဆုံးလျှင် “ဘာ့ကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်ရတယ်ဆိုတာ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် စက္ကူနဲ့လည်း ပျောက်အောင်လုပ်တတ်ရင် ပျောက်တယ်ဆိုတာတော့ ကျွန်မအဖို့ အင်မတန် စိတ်ဝင်စားစရာ ကောင်းနေပြီ”ဟုလည်း ဆရာဝန်မကြီးမှပြောခဲ့ကြောင်း၊ ထိုဆောင်းပါး၏စာမျက်နှာ(၁၂၆)တွင် ဖတ်ရှုရပါသည်။

ပုဂ္ဂလပညတ်ဓာတ် မြန်မာ့ဆေးပညာသည် အင်္ဂလိပ်ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်မှ တအံ့တသြ မှတ်ချက်ပြုလောက်အောင် မည်သည့်အတွက် အစားအစာနှင့် စက္ကူစသော ရုပ်ဝတ္ထုများမှာ ဆေးကဲ့သို့ စွမ်းဆောင်နိုင်ကြပါသနည်း? ကျမ်းအကိုးအကားများ ဖွေရှာရန်၊ ကျိုးကြောင်းဆက်တင်ပြရန် လိုလာပါသည်။

ပုဂ္ဂလပညတ်ဓာတ်ဆေးပညာသည် ဖော်စပ်ပြီးဆေးများထက် သင့်လျော်ရာဓာတ်စာနှင့် ထိရောက် သော အရေးပေါ်ရုပ်ဆေးချက်ဝတ္ထုပစ္စည်းတို့ကို အလေးထား၍ ဦးစားပေး အသုံးပြုခဲ့ကြကြောင်း၊ ကျမ်းပြုဆရာ ကြီးများ၏ ကုထုံးဟောင်းတို့တွင် တွေ့ရှိရပါသည်။ အရံသင့်ဖော်စပ်ပြီး ဆေးအဖုံဖုံ များများမရှိပါ။ ဖော်ပြမထား ကြပါ။ ရွက်ခေါက်မြစ်သီး လိုတိုင်းပြီး၍ နွယ်မြက်သစ်ပင်အားလုံးပင် ဆေးဘက်ဝင်သည်ဟူသော ဆရာဇီဝက၏ အဆိုကို အားကိုးလက်ကိုင်ပြု၍ အလျဉ်းသင့်တွေ့ကြုံရာ အစားအစာ၊ ဆေးဝါး၊ ပစ္စည်းဝတ္ထုတို့ကို ဆေးပြု၍ သုံးခဲ့ကြပါသည်။ တနည်းအားဖြင့် အစားအစာ (ဓာတ်စာ)တို့ဖြင့် ရောဂါများကို ကုသပေးခဲ့ကြပါသည်။

ပုဂ္ဂလပညတ်ဓာတ်ပညာအလိုအရ သင်္ခတဓာတ်ဟု ခေါ်ဆိုအပ်သော လောကသုံးပါးမှ အမည်ပညတ် မှည့်ခေါ်အပ်လေသော အရာအားလုံး “ပညတ်ခိုက်ရာ၊ ဓာတ်သက်ပါကြောင်း၊ ဉာဏ်ဖြင့်လောင်း၍၊ ကုကောင်း စွာလှ”ဟူ၍ ပုဂ္ဂလပညတ်ဆရာ ဆိုလေသည်။ လက်လှမ်းမီတွေ့ကြုံရာ အရာဝတ္ထု၊ ဆေးဝါး၊ အစားအစာ အမည် ရှိသော အရာအားလုံးမှာ ဓာတ်များပါဝင်နေ၍ ဆေးအဖြစ် သုံးနိုင်သည်။ ကမ္ဘာတည်ဦးစကပင် နေနှင့်လတို့ ပေါ်ထွက်လာကြပြီး နေနှင့်လတို့၏ အရောင်အောက်မှာ တည်ရှိကြကုန်သော သြကာသလောက၊ သတ္တ လောကသားအားလုံး နေနှင့်လဟူသော အပူနှင့်အအေးတို့၏ သက်ရောက်မှုကို ယနေ့တိုင် ရရှိနေကြပါသည်။ နေနှင့်လတို့ကြောင့် ဥတုဟူသော အပူ၊အအေး ဖြစ်ခဲ့သည်။နေ့မှာပူ၍ ညမှာအေးသည်။ လရောင်သည် အအေး ဓာတ်ဆောင်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ၎င်းနေနှင့်လဟူသော အပူ၊ အအေးနှစ်ပါးမှ နေ့ညအလှည့်ကျ ချယ်လှယ်၍ အလွန်အယုတ်မရှိ၊ အပူအအေးမျှတအောင် ထိန်းကြောင်းပေးထားပါသည်။ သက်ရှိလူသား အားလုံးကို ဖြစ်ပေါ်စေသော ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားလေးပါးတို့တွင် အပူ၊ အအေး ဟူသော ဥတုသည် တစ်ပါး အပါအဝင်ဖြစ်ပါသည်။

နေလအပါအဝင် အရာအားလုံးတို့တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ ဟူသော အဌကလပ် ရုပ်ရှစ်ပါး ပါဝင်ကြောင်း ဒေသနာတော်မှာ အသေအခြာ ဟောထားသဖြင့် အစားအစာ၊ သစ်မြစ်၊ သစ်ဥ၊ အခေါက်၊ အရွက်၊ အသီးဟူသော ဆေးဝါးအရာအားလုံးမှာ အပူ၊ အအေး (နေလ)ဟူသော ဓာတ်ကြီးလေးပါး ပါဝင်ပြီးဖြစ်နေပါသည်။ ဓာတ်တို့ဖြင့် တည်ဆောက်ထားသော မကျန်းမာသော ခန္ဓာကိုယ်ကို ဓာတ်တို့ဖြင့် တည်ဆောက်ထားသော ဓာတ်တို့ပါဝင်နေသော အစားအစာ၊ ဆေးဝါး၊ ဝတ္ထုတို့ဖြင့် ဓာတ်လွန်၊ ဓာတ်ယုတ် ချိန်ဆညှိနှိုင်း ပေးကျွေးခြင်းသည် ကျန်းမာအောင် ဓာတ်ညှိပေးခြင်း (ဝါ) ဆေးကုပေးခြင်းပင် ဖြစ်ပါ သည်။ တနည်းအားဖြင့် အစာသည်ပင် ဆေး၊ တွေ့သမျှ အရာအားလုံးပင် အသုံးတတ်ပါက ဆေးဖြစ်ပါတော့ သည်။ ဓာတ်လွန်ဓာတ်ယုတ် အယူအဆမှန်ပါက လွန်လျှင်နှုတ်၍ ယုတ်လျှင်ဖြည့်စွက်ပေးသော ဆေးချက် သည် အောင်မြင်သော ကုသချက်ပင် ဖြစ်ပါမည်။ မုချပျောက်ကင်း ချမ်းသာပါလိမ့်မည်။

အရာအားလုံးတွင် ဓာတ်လေးပါး ပါဝင်ကြသည်ဆိုသော်လည်း ဦးဆောင်သောဓာတ် (ဝါ) မှည့်ခေါ် ပညတ်သမုတ်အပ်သော အမည်အရ ဓာတ်တို့ပါဝင်မှု အချိုးအဆ ပြောင်းလဲမှုရှိပါသည်။ အားကြီးသောဓာတ်က ဦးဆောင်၍ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟု ထင်သာမြင်သာသော ဓာတ်ကို အစွဲပြု၍ ထပ်မံခွဲခြားထား ပါသည်။

အထက်ပါဖော်ပြချက်များအရ ပါပဟူသော အန္တောနှင့် စရေတို့တွင် မီးနှင့် လေသာ ရှိသလော? မြေနှင့် ရေကော မပါသလော? အလားတူ သောမဟူသော ဂဗ္ဘေနှင့် ဝံသေတို့တွင်လည်း မြေနှင့် ရေသာ ရှိသလား? မီး နှင့်လေ မပါတော့ပြီလော? စောကြောရန် ရှိလာပါသည်။ ၎င်းအကြောင်းအရာတို့ကို ကျိုးကြောင်းဆက် ပုဂ္ဂလ ပညတ်(၁၁)ဆောင်းပါးတွင် ဦးသာ=ဝါယော၊ တေဇာ=ကိုရှာ၊ ပထဗျာ=စိန်ပန်း၊ အာပေါ=ဒါန်းလှ ဟူသော အဆိုအရ ခွဲခြား၍ အကျယ်ရှင်းခဲ့ပြီး ဖြစ်ပါသည်။ ၎င်းပါပ၊ သောမတို့တွင် ဓာတ်လေးပါးစီ ပါဝင်နေကြောင်းကို ဆရာကြီးဦးသာတင့်၏ အခြေခံပုဂ္ဂလပညတ် စာမျက်နှာ (၃၇၊၄၉)တို့တွင်လည်း အကျယ်တဝင့် ရှင်းလင်းထား ပါသည်။ ၎င်းပြင် “အင်းလည်းသည်မှာ၊ အစာသည်တွင်” ဟူသည်မှာ အစားအစာမှန်သမျှတို့သည် အမည် ပညတ်ဖြင့် သတ်မှတ်ထားရလေရာ ဗျည်းများ၊ သရများနှင့် လွတ်ကင်း၍ မရနိုင်ချေ။ “ဆေးလျှင်သည်က” ဆိုသည်မှာလည်း သစ်ပင်၊ သစ်သီး၊ သစ်ရွက်၊ သစ်ညွန့်၊ သစ်ခေါက်၊ သစ်သား၊ သစ်နှစ်၊ သစ်မြစ်၊ သစ်ဥ စသည်တို့အားလုံးမှာ အမည်ပညတ်နှင့်သာ ဖြစ်သည်။ ဗျည်း၊ သရများကို ရှောင်၍မရ။ ထိုဗျည်း၊ ထိုသရနှင့် မကင်းနိုင်လျှင် တည့်သောအစာ၊ မတည့်သောအစာ ခွဲခြားနိုင်သည်။ ခွဲခြားနိုင်သည်နှင့်အမျှ ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် မြင်မြင်သမျှ အစားအစာ၊ အရာဝတ္ထုတို့သည် ဆေးဖြစ်နိုင်သည်ဟု စာမျက်နှာ (၄၆)တွင်၎င်း၊ ကျမ်းရင်းလင်္ကာ(၁၉)တွင် “ပညတ်ပေါ်၍၊ နံပေါ်သစ်ပင်၊ ဆေးဘက်ဝင်”ဟူ၍လည်းကောင်း၊ “ဓာတ်တူနံတူ၊ ဆေးကိုယူ”ဟူ၍လည်းကောင်း၊ စားသမျှ အစာမှန်သမျှတို့သည် “အစာလည်းဆေး၊ ဆေးလည်း အစာ”ဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ ပညတ်ကိုလည်းကောင်း၊ နံကိုလည်းကောင်း သိမည်ဆိုလျှင် သစ်ပင်တို့ပင် ဆေးဘက်ဝင်ကြသည်။ ဆေးအဖြစ် အသုံးချနိုင်သည်။ တည့်သည့်အစာကို ရွေးချယ်စားသောက် နိုင်လျှင် အစာသည်လည်း ဆေးဖြစ်သည်။ ပါပပညတ်သမားတို့သည် ပါပပညတ်ပါသော အစားအစာများကို လည်းကောင်း၊ သောမပညတ်ပါသောသူတို့သည် သောမပညတ်ပါသော အစားအစာများကို လည်းကောင်း ရွေးချယ်စားသောက်တတ်ရန် လိုသည်ဟူ၍ စာမျက်နှာ(၄၈)တွင်လည်းကောင်း ထပ်မံဆိုထားပြန်ပါသည်။

အထက်ပါ အထောက်အထား၊ အဆိုအမိန့်များအရ လက်တကမ်းမှာ တွေ့ရှိရာ အစားအစာ၊ ငြုပ်၊ ရေနံ၊ အုန်းဆံ၊ စက္ကူ၊ ရေ၊ မြေ၊ သဲ၊ ဖွဲမှအစ တွေ့သမျှ အရာဝတ္ထုပစ္စည်းအားလုံးတို့သည် အမည်ရှိ၍ ဓာတ်ရှိသည်။ ၎င်းဓာတ်သည် လူနာနှင့်တည့်သော ဓာတ်ဖြစ်ပါက ဆေးအဖြစ် အသုံးပြုနိုင်သည်ချည်း ဖြစ်ပါတော့သည်။

အထက်ပါဖော်ပြချက်တို့မှာ အဖွင့်ပဏာမတွင် မစ္စစ်ဟတ်ဆင်မှတ်ချက်ပြုခဲ့သော “ “ရောဂါကို အစာနဲ့ ကုတယ်” ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်။” ဟူသော မှတ်ချက်ကို လည်းကောင်း၊ “ဘာကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်တယ်ဆိုတာ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် စက္ကူနဲ့လဲပျောက်အောင် လုပ်တတ်ရင် ပျောက်တယ်ဆိုတာတော့ ကျွန်မအဘို့ အင်မတန် စိတ်ဝင်စားစရာ ကောင်းနေပြီ” ဟု မှတ်ချက်ပြုခဲ့သော ဆေးချက်များသည် ဆရာဇီဝက၏ အံ့ဘွယ်ဆေးချက်များပင် ဖြစ်ပါတော့ သည်။

သို့ပါ၍ ကမ္ဘာ့ဆေးပညာတတ် အင်္ဂလိပ်ဆရာဝန်မကြီးတစ်ဦးမှပင် တအံ့တသြမှတ်ချက်ပေးခဲ့ရသည့် ဆရာဇီဝက၏ အမွေအနှစ်၊ မြန်မာတို့၏ မူပိုင်ဆေးပညာတစ်ရပ်ဖြစ်သော “အစာလည်းဆေး၊ ဆေးလည်းအစာ၊ ပုဂ္ဂလပညတ်ဓာတ်ပညာ”ကို မြန်မာသမားတော်အားလုံးမှ လေ့လာ၍ ဝိုင်းဝန်းထိမ်းသိမ်း တိုးမြှင့်ဖော်ထုတ် သင့်ကြပါကြောင်း ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။ ။

၂၅.၂.၂၀၁၂

Friday, April 13, 2012

ဘုရားဟောဒေသနာနှင့်အညီ ဆေးချက်ချကုတာ - ပုဂ္ဂလပညတ် ဆေးပညာ

ကျိုးကြောင်းဆက် ပုဂ္ဂလပညတ် (၁၆)
မြတ်စွာဘုရားသခင် ဟောကြားတော်မူသော “သဗ္ဗေသင်္ခါရာ အနိစ္စာ”မှ “သင်္ခါရာ”ကို ယခင်က အသေ အချာ သဘောမပေါက်ခဲ့ပါ။ သင်္ခါရာကို စေ့ဆော်မှု၊ ပြုပြင်မှု၊ စေတနာဟု မရေမရာသာ သိခဲ့ပါ သည်။ မြင်မြင်သမျှ အနိစ္စဘဲဟု လုံး၍ မှတ်ယူခဲ့ပါသည်။ တနေ့က မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမှတ်စဉ် (၈၀) ဟောပြောချက် အနတ္တလက္ခဏာဉာဏ်တရားတော်ကို နာယူရမှ သင်္ခါရာအကြောင်းကို ကောင်းကောင်း သဘောပေါက်ပါတော့သည်။

သူတပါးပြုပြင်၍ ဖြစ်လာတာကို သင်္ခါရဟုခေါ်ကြောင်း၊ ထို့ကြောင့် လူ၊ နတ်၊ တိရိစ္ဆာန်လို့ သတ်မှတ် ခေါ်ဆိုကြတဲ့ ခန္ဓာကိုယ် ရုပ်နာမ်နှစ်ပါးဟာ သင်္ခါရအစုကြီးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ကိုယ်ဟူ၍ သတ်မှတ်ထားသော (၃၂)ကောဌာသ အစုရုပ်တရားကြီးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရားလေးပါး က ပြုပြင်ဖန်တီး၍ ဖြစ်လာကြောင်းကို ကမ္မံ စိတ္တံဥတု အာဟာရောစေတိ စတ္တာရိ ရူပသမုဌာနာနိ ဟုလည်းကောင်း၊ ခံစားမှုဝေဒနာ၊ မှတ်သားမှုသညာ၊ စေ့ဆော်ပြုလုပ်အားထုတ်မှုသင်္ခါရ၊ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ အရသာ၊ ခံစားမှု၊ အတွေ့အထိ၊ ကြံစည်စိတ်ဝိညာဉ် - ဟူသော နာမ်ခန္ဓာလေးပါးတို့ သည်လည်း ပြင်ပအာရုံနှင့် ရုပ်ခန္ဓာအတွင်းရှိ စက္ခုစသော အကြည်ပသာဒရုပ်များ ထိတွေ့၍သာ၊ တိုက်ဆိုင်၍ သာ ဖြစ်ပေါ်လာကြောင်းကို စက္ခုံ၊ ပဋိစ္စရုပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံသင်္ဂဟိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ စသည်ဖြင့် ပဋိစသမုပ္ပါဒ်ဒေသနာမှာ ဟောထားသဖြင့်လည်း ကိုယ်ခန္ဓာဟု ခေါ်ဆိုအပ်သော ရုပ်တရား၊ နာမ်တရားအစုကြီးသည် အကြောင်း တရားများ ပေါင်းဆုံပြုပြင်၍ ဖြစ်လာသော သင်္ခါရတရားအစစ်ကြီး ဖြစ်ကြောင်း၊ ကိုယ်ပိုင်ခန္ဓာမဟုတ်ကြောင်း ကွင်းကွင်းကွက်ကွက် သဘောပေါက်ပါတော့သည်။
အထက်ပါ ဘုရားဟော ဒေသနာအရ လူသားတို့၏ခန္ဓာကိုယ် (ရုပ်နာမ်နှစ်ပါး) သင်္ခါရ တရားကြီး ဖြစ်ပေါ်လာမှုကို အောက်ပါအတိုင်း ဆက်စပ်ပုံဖော်ကြည့်မိပါသည်။
ဖော်ပြပါပုံအရ ပုဂ္ဂလပညတ်ဆေးပညာရှုထောင့်ဖြင့် ဆေးချက်ချသော် -
အစာအာဟာရနှင့် သောက်ဆေးများဖြစ်သော ပါးစပ်မှ မြိုသွင်းရသော အရသာ (နာမ်ဆေးချက်) လက်ဝဲအုပ်စုနှင့် အဆင်း၊ အသံ၊ အနံ့၊ အတွေ့အထိ ဟူသော မျက်စေ့ပေါက်မှ၊ နားပေါက်မှ၊ နှာခေါင်းပေါက်မှ၊ ကိုယ်ခန္ဓာမှ အတွေ့အထိစသော ပြင်ပအာရုံများဖြင့် ပေးကုရသော (ရုပ်ဆေးချက်) လက်ျာ အုပ်စုဟူ၍ ဆေးချက်နှစ်မျိုးဖြင့် လူနာများကို ပေးကုနိုင်ပါသည်။
သို့ဖြစ်၍ ပုဂ္ဂလပညတ်ဆေးပညာဖြင့် လူနာများကို ဆေးကုရာ၌ ရောဂါဝေဒနာ၏ အဆင့်အတန်း၊ အခြေအနေအပေါ်မူတည်၍ အစာအာဟာရဟူသော ဓာတ်စာ၊ ဆေးဝါးဟူသော (နာမ်ဆေးချက်)များဖြင့်လည်း ကုသည်။ သင့်လျော်သော အဆင်းကို ကြည့်ရှုစေခြင်း၊ သင့်လျော်သောအသံကို နားထောင်၊ ကြားစေခြင်း၊ သင့်လျော်သော ရနံ့၊ မှိုင်း၊ နှာတို့ကို ရှူရှိုက်နံစေခြင်း၊ ကား၊ ရထား စီးစေခြင်း၊ လှည်း၊ လှေ စီးစေခြင်း၊ ဒန်း၊ ပုခက်စီးစေခြင်း၊ ရေပူ၊ ရေအေး၊ စိမ်စေ၊ ချိုးစေခြင်း၊ သဲ၊ မြေ၊ ဖွဲဖို့ခြင်း၊ နေရောင်၊ လရောင်ခံခြင်း၊ ကြက်ထုပ်ထိုး၊ မှိုင်းချွေးခံ၊ အကြောပြင်စသော ခန္ဓာကိုယ် အထိအတွေ့ဖြင့်လည်းကောင်း၊ လူနာ၏ အခြေအနေ၊ ရောဂါ၏ အခြေအနေ၊ လက်လှမ်းမီ အလွယ်တကူ ရရှိနိုင်သော ပစ္စည်း၏ အခြေအနေပေါ်မူတည်၍ တွေ့ကြုံရာ (ရုပ်ဆေးချက်)ဖြင့်လည်း အရေးပေါ် ချက်ချင်း ကုသ၍လည်း ပေးကြပါသည်။
ဘုရားဟောဒေသနာအရ ကိုယ်ကောင်ဟု ခေါ်ဆိုကြသော ဤရုပ်ခန္ဓာအစုကြီးသည် အကြောင်းတရား များ ပြုပြင်၍ ဖြစ်ပေါ်လာရသည်။ ကိုယ်ပိုင်မဟုတ်ဟု ဆိုသဖြင့် ကောင်းအောင်၊ ဆိုးအောင်၊ ရောဂါရအောင်၊ ရောဂါပျောက်အောင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ (အပူစာ၊ အအေးစာ)များဖြင့်လည်းကောင်း၊ တဖန် စိတ်ကိုလည်း ကောင်းစိတ်၊ မကောင်းစိတ် များ၊ သောမနဿ၊ ဒေါမနဿများ၊ ရောဂါဖြစ်စေမည့် စိတ်များ၊ ရောဂါပျောက်စေမည့် စိတ်များ၊ တနည်းအားဖြင့်လည်း ရောဂါပျောက်စေမည့် နာမက္ခန္ဓာများ ဖြစ်အောင် ပြင်ပမှ သင့်လျော်သော ဓာတ်တူ၊ နံတူအာရုံ၊ မိတ်အာရုံ၊ နဝင်းအာရုံများ၊ မတည့်သော ရန်ဓာတ်အာရုံများ၊ အခိုက်ဓာတ်များဖြင့် ပြုပြင်ဖန်တီး၍ ရောဂါပျောက်စေနိုင်သည်။ ရောဂါရစေနိုင်သည်။ ပြင်ပအာရုံများဖြင့် စိတ်မှတဆင့် ရုပ်ကို လိုသလို ပြုပြင်ကြခြင်းပင်ဖြစ်သည်။
ဘုရားသခင်ကိုယ်တိုင်မှ သဗ္ဗညုတရွှေဉာဏ်ဖြင့် ဟောတော်မူခဲ့တဲ့ ဗုဒ္ဓဒေသနာ အတိတ်ကံများကြောင့် ယခုဘဝမှ ပသာဒရုပ်များအပါအဝင် ကမ္မဇရုပ်များ၊ အတိတ်ဘဝမှ တဏှာဥပါဒါန်စိတ်ကြောင့် ရရှိခဲ့တဲ့ ယခုဘဝ ရုပ်ခန္ဓာများ၊ ပစ္စုပ္ပန်တည့်တည့်ဖြစ်ပေါ်ခံစားနေရသော စိတ္တဇဥတုဇ၊ အာဟာရဇရုပ်များ၊ ရုပ်(၂၈)ပါး၊ မဟာဘုတ်လေးပါးတို့သည် ဥပါဒါန်ရုပ်များကိုလည်းကောင်း၊ ဟေတုပစ္စယ၊ အာရမ္မဏ ပစ္စယ၊ အညမည၊ သဟဇာတ၊ အာဟာရ သမ္ပယုတ္တပစ္စယများဖြင့် ရုပ်နှင့်နာမ် အချင်းချင်း အထောက်အကူပြု ကျေးဇူးပြုကြပုံများ ကို ကျိုးကြောင်းဆက်ပုဂ္ဂလပညတ်(၁)တွင် အကျယ်ပြခဲ့ပြီး ဖြစ်ပါသည်။
ဤရုပ်ခန္ဓာကြီးသည် အပူအအေးဟူသော ဓာတ်လေးပါးညီညွတ်မျှတနေပါက ကျန်းမာ၍ ကာယသုခ၊ စိတ္တသုခများ ရရှိနေမည် ဖြစ်ပေသည်။ ဓာတ်လေးပါး အပူအအေး မညီညွတ်၊ မမျှတ၊ ဖောက်ပြန်ပါက မကျန်းမာ၍ ရောဂါရပေမည်။ ဓာတ်တို့၏ ဖိုမ၊ မိတ်ရန်၊ ရုပ်နာမ်နဝင်း ဆင်ခြင်၍ ပိုသောဓာတ်ကို ဖြေညှိခြင်း၊ လိုသောဓာတ်ကို ဖြည့်စွက်ခြင်းတို့ဖြင့် ခန္ဓာကိုယ်ကြီးကို လိုအပ်သလို မွမ်းမံသင်္ခါရပြု၍ ကျန်းမာအောင်လည်း ပြုပြင်ပေးနိုင်သည်။ မကျန်းမာအောင်လည်း ဖန်တီးပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တိုင်မှ အကြောင်းတရားများဖြင့် ပြုပြင်ထားသော ခန္ဓာဟူ၍ အထင်အရှား ဟောထားသောကြောင့် ဖြစ်ပါသည်။
သို့ပါ၍ ပုဂ္ဂလပညတ် ဓါတ်ဆေးပညာသည် ဘုရားဟောဒေသနာ နှင့်အညီ ဆေးချက်ချ၍ကုသော ဆေးပညာဖြစ်ကြောင်း ကျိုးကြောင်းဆက်တင်ပြလိုပါသည်။
ပုဂ္ဂလပညတ်ဆေးပညာ၏ ကုကွက်များကို ပြန်၍ သုံးသပ်သော် -
ရောဂါဝေဒနာခံစားနေရသော လူနာ၏ပညတ် - မူလဓာတ်ကို မူတည်၍ ဓာတ်၏ သဘာဝ၊ ခံစားနေရသော ဝေဒနာ၏ ပူအေး၊ တက်သက်၊ ပွင့်ပိတ်လက္ခဏာများ၊ တိုက်ကျွေးပေးကုမည့် ဆေးနှင့်ဓာတ်စာ ၏ ဓာတ်သဘာဝ၊ ပူအေး၊ တက်သက်၊ အပွင့်အပိတ်၊ ဖိုမ၊ မိတ်ရန်၊ ရုပ်နာမ်၊ နဝင်းဓာတ်ညှိ၍ ပေးကုရသော ပညာကုဆေးပညာဖြစ်ကြောင်း တွေ့ရပါသည်။ ဖော်နည်းကားပုံသေဆေးဟူ၍ မရှိပါ။ ကုသပေးသူဆေးဆရာ၏ ဇဝနတိက္ခဉာဏ်ဖြင့် သင့်တော်သလို ရုပ်ဆေး၊ နာမ်ဆေးများဖြင့် ဓာတ်ဆင်၍ ကုသသွားကြခြင်း ဖြစ်ပါသည်။
ဖော်ပြခဲ့သော ခန္ဓာငါးပါးဆက်သွယ်မှု ပုံအရ ပြင်ပအာရုံများဖြင့်လည်း စိတ်ကိုပြုပြင်၍ ၎င်းစိတ်မှ ရုပ်ခန္ဓာ၊ တနည်းလည်း ခန္ဓာငါးပါး အတ္တဘောရုပ်ကြီးကို ပြုပြင်ကုသသွားကြပုံ နမူနာအချို့မှာ -
1. Soma Therapyအဖြစ် ဆိုင်းသံ၊ စောင်းသံ၊ စန္ဒယားသံ၊ ပုလွေ၊ ဒိုးပတ်၊ အိုးစည် စသည့် သင့်လျော်                သော ဂီတသံ အမျိုးမျိုးကို ဆေးချက်အဖြစ်ပေး၍ ကုသကြသည်။ ဥပမာ- ဂျာနယ်ကျော်မမလေးမှ                 စိတ်မနှံ့သူ ကလေးမတစ်ဦးကို ဇာတ်ပွဲဆိုင်းပွဲ အသံများ နားထောင်စေခြင်း၊ သူမကိုယ်တိုင် မမာစဉ်က               ကက်စက်ဆိုင်းသံ နာခံ၍ ကုသခဲ့ပါသည်။
2. Visual (or) Audiovisual Therapy ရူပါရုံ၊ သဒ္ဒါရုံတို့ကို ဆေးချက်အဖြစ် ဖန်တီး၍ (ရုပ်မြင်သံကြား)               ကုသချက်ကိုလည်း အသုံးပြုခဲ့ပါသည်။ ဥပမာ - အထက်ပါဥပမာမှ ဇာတ်ပွဲ၊ အငြိမ့်ပွဲ ကြည့်ရှုစေ၍                   ကုသခြင်းသည် ရုပ်မြင်သံကြားကုနည်းပင် ဖြစ်ပါသည်။
3. Aroma Therapy ဂန္ဓာရုံဆေးချက်အဖြစ် ရနံ့ကုထုံးကိုလည်း အသုံးပြုခဲ့ပါသည်။ ဥပမာ- ဂျာနယ်                    ကျော် မမလေး သူမကိုယ်တိုင် မမာစဉ်က ဒေါနပန်း၊ နှင်းဆီပန်းများ တပွေ့တပိုက် ဒါန်းမှာ အလှဆင်၍               ရနံ့ပေးကုသခဲ့သည်မှာ သာဓကပင် ဖြစ်ပါသည်။
အလားတူ သတိလစ်၍ တက်နေသော ဦးကုလားကို ရေနံညော်၊ ငြုပ်သီးညှော်တို့ဖြင့်လည်းကောင်း၊ သေငယ်ဇောဖြင့် မြောနေသည့် တီဘီလူနာဦးလှမောင်ကို အုန်းဆံမှိုင်းတိုက်၍လည်းကောင်း၊ မျက်ဖြူဆိုက်၍ တက်နေသည့် မောင်အောင်ကို နံ့သာဖြူ၊ ကရမက်မှိုင်းအနံ့ဖြင့် အရေးပေါ်ကုသချက်များသည် (ရနံ့ကုထုံး)၏ ထင်ရှားသော သာဓကများပင် ဖြစ်ပါသည်။
4. Touch Therapy ဖောဌဗ္ဗာရုံဟူသော အတွေ့ဖြင့်ကုထုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးထား                           ကြောင်း တွေ့ရှိရပါသည်။ ဥပမာ -
(က) Hydro-Therapy ရေစိမ်ကုထုံးကို ဂျာနယ်ကျော်မမလေးကိုယ်တိုင် ရေစိမ်၍လည်းကောင်း
(ခ) ဦးဟင်ဝေး၏လက်မှ နှင်းခူအနာ ရေစိမ်၍ ဆေးလိမ်းကုသပေးခဲ့သည့် ဂျာနယ်ကျော်၏ကုထုံး
(ဂ) ဆရာကြီးဦးကျန်မှ နာတာရှည် ကိုယ်ယောင်လူနာတစ်ဦးကို တစ်နေ့(၃)ကြိမ်၊ တစ်ကြိမ်လျှင်                              (၁)နာရီကြာ၊ ရွှံ့ရေအိုင်တွင် (၂)ရက်စိမ်၍ ကုသပြီး နောက်ရက်ဓာတ်စာကျွေး၍ ပျောက်ကင်းစေခဲ့                     ကြောင်း
(ဃ) မနေနိုင်အောင် ဗိုက်နာ၍ အော်ဟစ်နေရသော ကိုအောင်ရ၊ စိန်နဲ့သံပုရာစား၍ သေလိုပါသည်                           ဆို၍ ဆရာလှိုင်မှ စိန်နဲ့သံပုရာဖျော်ပြီး ဖွဲကြမ်းပုံမှာမျက်နှာဖော်၍ တညလုံးမြုပ်ခါကုခဲ့သောကုထုံး
(င) ခွဲစိတ်ကုသ၍ မပျောက်နိုင်သော ဆင်ခြေထောက်ဝေဒနာ - ခြေကိုမြေမှာမြှုပ်၍ ကုခဲ့သော                              ဂျာနယ်ကျော်မမလေး၏ ကုထုံး
(စ) Photo Therapy နေရောင်၊ လရောင်ခံ၍ ကုသခြင်း၊ ယပ်လေ၊ ပန်ကာလေစသည့် အတွေ့များဖြင့်                      လည်း ကုသသည်။
စသည် စသည်တို့သည် အတွေ့ဟူသော ဖောဌဗ္ဗာရုံ (Touch Therapy)ဖြင့် ကုသပေးခြင်း၏ သာဓက               များပင် ဖြစ်ပါသည်။
အထက်ဖော်ပြပါကုထုံးများသည် ဘုရားသခင် ဟောကြားတော်မူသော ပြင်ပအာရုံနှင့် အတွင်းရှိပသာဒ ရုပ်များပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော နာမ်ခန္ဓာလေးပါး (တနည်း) ဝိညာဏက္ခန္ဓာဟူသော စိတ်ကို ဗုဒ္ဓနည်းကျ သင့်လျော်သော မိတ်၊ ဓာတ်၊ နဝင်းတို့ဖြင့် ဓာတ်ဆင်၍ (ရုပ်ဆေးချက်)အဖြစ် သင်္ခါရပြုခြင်း (တနည်း) ဆေးကု ပေးခြင်းပင် ဖြစ်ပါသည်။
ထိုသို့သင့်လျော်သော အာရုံ၊ ဓာတ်တို့ဖြင့် သင်္ခါရပြုပြင်ဓာတ်ဆင်ပေးထားသော စိတ်မှ မကျန်းမာ၍ ရောဂါခံစားနေရသော ရုပ်ကြီးကိုလည်းကောင်း၊ နာမက္ခန္ဓာ စိတ်ဝေဒနာ ကို လည်းကောင်း၊ ဖော်ပြပါပုံအတိုင်း အချင်းချင်း ဆက်သွယ် ၍ ပြုပြင်ကုသပေးပြီး ဖြစ်တော့သည်။
အလားတူပင် အတွင်းမှ ရသာရုံဖြစ်သော ဆေး၊ အာဟာရဓာတ်တို့ဖြင့် အပူ၊ အအေးဟူသော ဥတု၊ ဆေး၊ အစာဟူသော အာဟာရတို့ဖြင့် ပူအေး၊ တက်သက်၊ ပွင့်ပိတ် သင့်လျော်အောင် ဓာတ်ဆင်ဆေးချက်ချ ကုသပေးသဖြင့်လည်း ရူပက္ခန္ဓာဖြစ်သော ရုပ်တရားကြီးကိုလည်းကောင်း၊ ၎င်းရုပ်တရားကြီးမှ နမက္ခန္ဓာဟူသော စိတ်တို့ကိုလည်းကောင်း၊ အချင်းချင်းအညမည၊ သဟဇာတပြုကြ၍ ကာယသုခ၊ စိတ္တသုခဟူသော ကျန်းမာခြင်း လာဘ်ကြီးကို ရရှိစေပါတော့သည်။
သို့ပါ၍ (ဘုရားဟောဒေသနာနှင့်အညီ ဆေးချက်ချကုတာ ပုဂ္ဂလပညတ်ဆေးပညာ)ဟူ၍ ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။ ပုဂ္ဂလပညတ်ဓာတ်ဆေးပညာသည် ဗုဒ္ဓနည်းကျ ဒေသနာဆေးပညာ တစ်ရပ်ဖြစ်၍လည်း မတိမ်ကော၊ မပပျောက်စေရေး တတ်စွမ်းသူဆရာကြီးများမှ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်း နိုင်ကြပါရန် တင်ပြလိုက်ရပါသည်။
၂.၉.၂၀၁၀

Thursday, April 12, 2012

ဆေးပညာအချုပ် - ပုဂ္ဂလပညတ်၊ ဓာတ်အတတ်

 လောက၌ ရှိကြကုန်သော သက်ရှိသက်မဲ့ ခန္ဓာကိုယ်၊ ရုပ်ဝတ္ထု၊ ရှိရှိသမျှ အရာအားလုံးတို့သည် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာဟူသော အဌကလာပ်ရုပ် ရှစ်ပါးတို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားကြောင်း ဘုရားသခင်မှ ဒေသနာမှာ အသေအချာ ဟောထားပါသည်။ သို့ဖြစ်ပါ၍ အရာတိုင်းမှာ ဓာတ်လေးပါးပါဝင်သဖြင့် အပူနှင့် အအေးလည်း ပါဝင်ပြီး ဖြစ်နေပါသည်။ အရာရာတိုင်းမှာ ရသနှင့် သြဇာ ပါဝင် သည်ဟု ဟောထားသဖြင့်လည်း ဓာတ်လေးပါးမှ ဦးဆောင်သော ဓာတ်အရလည်းကောင်း၊ ဓာတ်များ၏ ပါဝင်မှု အချိုးအဆအရ လည်းကောင်း မူတည်၍ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန်၊ ပူ၊ ဆိမ့် ဟူသော အရသာ၊ သြဇာဓာတ်များ လည်း ပါဝင်ကြပါသည်။
ဓာတ်တို့ပါဝင်မှု အမျိုးအစား၊ အချိုးအဆအရ အပူလည်း ရှိမည်၊ အအေးလည်း ရှိမည်၊ ဓာတ်စာတခုခုသည် အာပေါနှင့် ပထဝီပါလျှင် ဆိမ့်ချိုသော အရသာ၊ ပထဝီနှင့် တေဇောပါလျှင် ချဉ်သော အရသာ၊ တေဇောနှင့် အာပေါပါလျှင် ငန်သော အရသာ၊ ဝါယောနှင့် ပထဝီပါဝင်လျှင် ဖန်သော အရသာ၊ ဥါယောနျင့် တေဇောပါလျှင် စပ်သော အရသာ၊ ဝါယောနှင့် အာကာသဓာတ်တို့ ပါဝင်လျှင် ခါးသော အရသာ ရှိကြသည် - ဟူ၍ ကျက်မှတ်ခဲ့ဘူးပါသည်။ ချို၊ ဆိမ့်၊ ဖန်၊ ချဉ်၊ ငန်သည် အအေးဓာတ်ဖြစ်၍ ပူ၊ စပ်၊ ခါးသည် အပူဓာတ်ဖြစ်သည်ဟု ဆိုသည်။ အရသာတို့ကို ပြန်ချုပ်လျှင် ဓာတ်လေးပါးပင် ပါဝင်၍ အပူ၊ အအေး နှစ်ပါးသာ ရှိပါသည်။

၎င်းအပြင် ကမ္ဘာဦးတည်စကပင် သတ္တလောက၊ သြကာသလောက အားလုံးရှိ ခန္ဓာကိုယ်၊ ဒြပ်ဝတ္ထု အားလုံးတို့သည် နေ့အပူ၊ ညအအေး ဟူသော နေ၊ လတို့၏ အပူ၊ အအေးဓာတ်သဘာဝ နိယာမ သက်ရောက် လွှမ်းခြုံမှု အမြဲတန်းကျရောက်လျှက် ထိတွေ့ခံနေကြရ၍လည်း ဆေးဟု ခေါ်ဆိုအပ်သော ပေါက်သမျှ နွယ်မြက် သစ်ပင်၊ သစ်မြစ်၊ သစ်ဥမှန်သမျှ အရာအားလုံးတို့သည် အပူ၊ အအေးဟူသော နေလပင် ဖြစ်ကြပြန်ပါသည်။

အယဉ်နှစ်ပါး၊ ဥတုသုံးပါး၊ ရတုခြောက်ပါး၊ ရာသီဆယ့်နှစ်ဝ၊ နက္ခတ်နှစ်ဆယ့်ခုနှစ်လုံး ခြုံး၍ပြသော် အန္တော၊ ကဗ္ဘေ၊ စရေ၊ ဝံသေ၊ ဓာတ်လေးထွေ၊ ပြန်ချုပ်က နေလပင် ရလေသည်။

တဖန် လောကသုံးပါးရှိ အရာအားလုံး ကမ္ဘာဦးအစကပင် အမည်အားလုံး ရှိခဲ့ကြ၍လည်း ပုဂ္ဂလပညတ် ဆရာက - “ဘုရားဟောဒေသနာနှင့် လင်္ကာသွားအလာမှာ၊ ကပ်ကမ္ဘာအဆက်ဆက် သံသရာဝန်းဆက်တွင် အသက်ရှိ သတ္တဝါနှင့် အသက်မဲ့တွင် အမည်မှည့်၍ ခေါ်လေသည့် အရာကို ပညတ်ဟု မှတ်ရမည်” ဟု (နှာ-၄၁)တွင် ပြဆိုထားသဖြင့် လည်းကောင်း၊ ပညတ်ပေါ်၍ နံပေါ်သစ်ပင် ဆေးဘက်ဝင်ဟူ၍လည်းကောင်း၊ ပညတ္တေသု ပညတ်တို့၌ ဓာတုဓာတ်တို့သည် အတ္ထိ သန္ထိ ရှိကြကုန်၏ - ဟူ၍လည်းကောင်း ဆိုသဖြင့် အမည် ပညတ်ရှိသော အရာတိုင်း ဓာတ်ရှိ၏။ ဓာတ်ရှိ၍လည်း အပူ၊ အအေးဟူသော နေ၊ လ ရှိပြန်သည်။

ဤသို့လျှင် ဒေသနာဆေးပညာ၊ နက္ခတ်ဆေးပညာ၊ အာယုဗေဒဆေးပညာနှင့် ပုဂ္ဂလပညတ်ဆေးပညာ - မည်သည့် ဆေးပညာရှုထောင့်မှမဆို ပြန်၍ချုပ်သော် အားလုံးသည် အပူ၊ အအေးဟူသော နေနှင့် လတို့မှာပင် ချုပ်ရလေသည်။

ပုဂ္ဂလပညတ်ဆေးပညာသည် မိုးကျရွှေကိုယ် တသီးတခြား ပေါ်လာသော ပညာမဟုတ်ပါ။ အမည်ကို မေး၍ ဆေးကုသခြင်းဖြင့်လည်း အကြောင်းအကျိုးကင်းသော ပညာမဟုတ်ပါ။ ပညတ်၏ နောက်ကွယ်မှာ ရှိသော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟူသော ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့၏ တည်ရာ မဟာဘုတ်လေးပါးကိုသာ ကုခြင်း ဖြစ်ပါသည်။

ပုဂ္ဂလပညတ်ဆရာမှလည်း “သတ္တလောက၌လည်း ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော မဟာဘုတ်လေးပါး ရှိသည်။ သြကာသလောကမှာလည်း ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟူသော မဟာဘုတ်လေးပါး ရှိသည်။ ထိုမဟာဘုတ်တို့သည် ဖောက်ပြန်ပျက်စီးတတ်သည်။ ဖောက်ပြန်ပျက်စီး တတ်သော သဘောတရားမှန်သမျှ သီတဥဏှ၊ အပူအအေးတည်းဟူသော အကြောင်းတရားနှစ်ပါးကြောင့်သာ ဖောက်ပြန်ပျက်စီးရလေသည်။” ဟူ၍ ဘုရားဟောဒေသနာအရ အသေအချာ ပြထားပါသည်။ သို့ပါ၍ ပုဂ္ဂလပညတ်ဆေးပညာသည် အခြားသော ဆေးပညာများနှင့် မဆန့်ကျင်ဘဲ တသဘောတည်းပင်ဖြစ်ကြောင်း နှိုင်းယှဉ်သုံးသပ်နိုင်ပါသည်။

ပထမကျော်ဆရာသိန်း၏ ပုဂ္ဂလပညတ်အလင်းပြဆေးကျမ်းကို လေ့လာကြည့်လျှင်လည်း စာမျက်နှာ (၁၂၄)တွင် (ဝါဒသုံးသွယ်၊ ဉာဏ်ချယ်လှယ်)ဟူသော ခေါင်းစဉ်ဖြင့် ဒေသနာ အယူအဆ၊ အာယုဗေဒ အယူအဆ၊ နက္ခတ်ကျမ်းလာ အယူအဆနှင့် ပုဂ္ဂလပညတ် အယူအဆဟူ၍ အယူအဆများ ခွဲခြား၍ တင်ပြထား ပါသည်။ တူညီသည့် အချက်များလည်း ရှိသည်။ မတူကွဲပြားသော အချက်များလည်း ရှိသည်။ စာမျက်နှာ (၁၃၄)တွင် (နှိုင်းနှိုင်းချိန်ချိန် သုခမိန်)ဟူသော ခေါင်းစဉ်ဖြင့် - တနင်္လာနံသင့် အက္ခရာတို့ဖြင့် မှည့်ခေါ်ပညတ် ထားသော အက္ခရာဝတ္ထုတို့၌ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငန်၊ ဆိမ့် ဟူသော အရသာများ ရှိကြရာ ရောဂါဝေဒနာ၊ လက္ခဏာအလိုက် သင့်လျော်သော အရသာကို ရွေးချယ်ပေးရမည်ဟုလည်း လမ်းညွှန်ပြထားပါသည်။

ဆရာကြီး ဦးအေးမောင်၏ နေလကမ္ဘာ ပုဂ္ဂလပညတ်ဆေးကျမ်း၏ ဒုတိယ ကဏ္ဍတွင်လည်း လေ၊ သည်းခြေ၊ သလိပ်၊ အပုပ်၊ အာကာသတို့နှင့်လည်း ပြသည်။ အပူနာလေးပါး၊ အအေးနာလေးပါးနှင့်လည်း ပြသည်။ ပြတက်၊ ဒွေးဝန်းနှင့် တြိဒေါသ၊ အာယုဗေဒအခန်းလည်း ပါ၏။ ဓာတ်တစ်ပါးချင်း အလွန်အယုတ်၊ ဓာတ်ခြင်းတွဲစပ်ပုံစသည်တို့ဖြင့် ဘက်ပေါင်းစုံမှဖွင့်ဆိုထားသည်များလည်း တွေ့ရပါသည်။ ဆေးပညာအယူအဆ အားလုံးကို ပုဂ္ဂလပညတ်ဆေးပညာတွင် ထည့်သွင်းချုပ်၍ ကုသနိုင်ကြောင်း ပြဆိုထားပါသည်။

နေလဝိဇ္ဇာဓာတ်ဆရာဦးကျော်လင်း၏ ပုဂ္ဂလပညတ်အဖွင့်ကျမ်းဖြစ်သော နေလဝိဇ္ဇာဆေးပညာ ဓာတ်ကျမ်းမှာမူ အဆင့်(၁၂)ဆင့် ခွဲခြားထားပြီး ပုဂ္ဂလပညတ်၏ ပါပသောမ၊ ရုပ်ဆေးနာမ်ဆေးတို့ကို တိုက်ရိုက် မပြသေးဘဲ ရှေ့ပိုင်း(၆)ဆင့်မှာ သဘာဝဓမ္မနှင့် ဒေသနာနယကို အခြေခံသော အပူနာလေးပါး၊ အအေးနာ လေးပါးတို့ကို ပူအေး၊ တက်သက်၊ ပွင့်ပိတ်ရောဂါ လက္ခဏာအရ ဆေးချက်များဖြင့်လည်း ပြသည်။ ချို၊ ချဉ်၊ စပ်၊ ခါး၊ အငန်၊ အပူ၊ အဆိမ့် - ဟူသော အရသာများဖြင့်လည်း ခွဲ၍ပြသည်။ သဘာဝဓမ္မဆေးပညာ၊ ဒေသနာနယ ဆေးပညာရှင်နှင့် အာယုဗေဒဆေးပညာရှင်များ အားလုံး လက်ခံနိုင်ဖွယ်ပင် ဖြစ်ပါသည်။

ဆရာကြီးဦးကျော်လင်း၏ ရည်ရွယ်ရင်းဆန္ဒမှာ တိုင်းရင်းဆေးပညာရှင်အားလုံးသည် ဂိုဏ်းခွဲခြားခြင်း မရှိ၊ အားလုံးတစ်သဘောတည်း ချုပ်လိုက်က အပူ၊ အအေးဟူသော နေလနှစ်ပါးမှာ လာ၍ပေါင်းဆုံကြောင်းကို ၎င်းရေးသားသော နေလပညာနှင့် ပါစကတေဇောဓာတ်ကျမ်း စာမျက်နှာ(၁၃၉) ဇီဝကကုထုံး ဝမ်းမီးလင်္ကာတွင် “ဝမ်းမီးပညာ၊ နည်းများစွာတွင်၊ အနာရှစ်ပါး၊ ဓာတ်လေးပါးဟု၊ ထင်ရှားမှန်စွာ၊ ဤလူ့ရွာ၌၊ ပညာအားလုံး၊ စု၍ ချုံးက၊ နေလတွင်ရပ်၊ အကုန်ပြတ်၏၊ ပညတ်၊ ပရမတ်၊ ကွဲအောင်ဖြတ်၍၊ ရုပ်ဓာတ်၊ နာမ်ဓာတ်၊ နဝင်းကပ်ကာ၊ ရန်ဓာတ်၊ မိတ်ဓာတ်၊ ထိုနှစ်ရပ်ကို၊ ပိုင်းဖြတ်ထိုးထွင်း၊ သိကြားမင်း၏၊ ဝရဇိန်လက်နက်၊ မိုးကြိုးစက်သို့၊ ပစ်ခတ်တိုင်းသာ၊ ထိမှန်ရာသည့်၊ ကိုင်ရာဆေးဖြစ်၊ သမားစစ်မှာ၊ ရွက်ခေါက်မြစ်သီး၊ လိုရာပြီး၏” ဟူ၍ ပြဆိုထားပါသည်။

ဝေဒနာတစ်ခုကို ဒေသနာနည်း၊ သဘာဝဓမ္မနည်းတို့ဖြင့် အပူနာ၊ အအေးနာ၊ အတက်နာ၊ အသက်နာ၊ အပွင့်နာ၊ အပိတ်နာဟူ၍ ခွဲခြားနိုင်သည်။ အာယုဗေဒနည်းအားဖြင့်လည်း သလိပ်၊ သည်းခြေ၊ လေ၊ တြိဒေါသ လွန်သည်၊ ယုတ်သည်၊ ပွားသည်၊ ပျက်သည်၊ ပြတက်၊ ဒွေးဝန်း၊ သန္နိပါတ် ဆုံးဖြတ်နိုင်သည်။ နက္ခတ်ဓာတ်စာ အားဖြင့်လည်းကောင်း၊ သြဌာရိကသုခုမ ဓာတ်စာနည်းအားဖြင့်လည်းကောင်း၊ ဆောင်သည်၊ ပျက်သည်၊ ခိုက်သည်၊ ငုတ်သည်ကိုလည်း ဆုံးဖြတ်နိုင်သည်။ မိမိတို့ကျွမ်းကျင်ရာ ဆုံးဖြတ်ချက်အရ ပေးသွင်းလိမ်းကျံမည့် ဆေးအမည်တို့ကို လူနာအမည်နှင့် သင့်လျော်ရာ နေ့နံရွေးချယ်၍ ရုပ်နာမ်၊ မိတ်ရန်၊ နဝင်းဓာတ်ညှိ၍ ပေးကုလိုက်ပါက “သိကြားမင်း၏၊ ဝရဇိန်လက်နက်၊ မိုးကြိုးစက်သို့၊ ပစ်ခတ်တိုင်းသာ၊ ထိမှန်ရာသည်၊ ကိုင်ရာ ဆေးမြစ်၊ ရွက်ခေါက်မြစ်သီး၊ လိုတိုင်းပြီး၏” ဟူသော ဆရာဇီဝက၏ ကုထုံးဖြစ်လာပါတော့သည်။

အထက်ဖော်ပြခဲ့သည်များမှာ ဆေးပညာတစ်ရပ်ရပ် ကျွမ်းကျင်တတ်မြောက်ပြီးသူ ဆရာများအဆင့်မှာ မည်သည့်ဆေးဂိုဏ်းကမဆို ပုဂ္ဂလပညတ်ဓာတ်ပညာနည်းကို တဆင့်တက်၍ ပေးကုနိုင်ကြောင်း၊ ထိုသို့ တွဲဖက် ပေါင်းစပ်ကုပေးသဖြင့် မိမိတတ်သိပြီး မူလဆေးပညာကို မထိခိုက်သည့်အပြင် မူလဆေးပညာ၏ အရည်အသွေးသည် မိုးကြိုးစက်ကဲ့သို့ အလွန်အစွမ်းထက်သော သမားဂုဏ်ပြ ဆေးချက်များ ဖြစ်လာမည် ဖြစ်ပါကြောင်း ထပ်လောင်းပြဆိုခြင်း ဖြစ်ပါသည်။

တိုင်းရင်းဆေးပညာတစ်ရပ်ရပ် ကျွမ်းကျင်ပြီးသော ဆရာများသည် တစ်ဆင့်တက်၍ ပုဂ္ဂလပညတ် ဓာတ်ပညာကို လေ့လာသင့်ကြောင်း၊ တွဲဖက်ကုပါက သမားဂုဏ်ပြ ဆေးချက်များ ဖြစ်လာမည့်အကြောင်းကို ကျိုးကြောင်းဆက်ပုဂ္ဂလပညတ် (၁၇/၁၈)တို့တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောစဉ်အမှတ်(၂၁၂-၂၁၆) အမှောင်းငါးစင်း၊ အလင်းငါးချက်တရားတော်နှင့် နှိုင်းယှဉ်ပြသထားပါသည်။ တိုင်းရင်းဆေးပညာရှင်များသာမက အနောက်တိုင်းဆေးပညာရှင်များလည်း ပုဂ္ဂလပညတ်ဓာတ်ပညာကို တွဲဖက်အသုံးပြုနိုင်ပါသည်။

သို့ဖြစ်၍ ပုဂ္ဂလပညတ်ဆေးပညာသည် တသီးတခြားဆေးပညာတစ်ရပ်မဟုတ်၊ ရုပ်နာမ်မရှိသော တိုင်းရင်းဆေးပညာဘာသာရပ်အားလုံးကို ရုပ်နာမ်ခွဲခြားတင်ပြပေးသော၊ အားလုံးပါဝင်သော အချုပ်ဆေးပညာ တစ်ရပ်သာ ဖြစ်ပါသည်။ နိဗ္ဗာန်ရရှိရေးအတွက် ဝိပဿနာတရားမှာပင်လျှင် ရုပ်နာမ်ခွဲခြားသိမြင်ဖို့ အရေးကြီး သကဲ့သို့ လောကီပညာနယ်ပယ် ဆေးကုသရာတွင်လည်း ရုပ်၊နာမ်စုံမှ ဆေးသတ္တိပြည့်စုံ၍ သမားဂုဏ်ပြ ဆေးချက်များဖြစ်လာပြီး ဝရဇိန်လက်နက်၊ မိုးကြိုးစက်ကဲ့သို့ ပစ်ခတ်တိုင်း ထိမှန်မည်ဖြစ်ပါကြောင်း “ဆေးပညာ အချုပ် - ပုဂ္ဂလပညတ်၊ ဓာတ်အတတ်”ဟူ၍ ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။

၁၂.၃.၂၀၁၂