Pages

Saturday, April 14, 2012

ကျိုးကြောင်းဆက် ပုဂ္ဂလပညတ် (၁၅)

၁။ ဦးဖိုးသင်ကို ဆရာလှိုင်မှ မည်သို့ ပြုစားသနည်း။
ဦးဖိုးသင်နှင့် ဆရာလှိုင်၊ အိုင်ကလောင်နှင့် တော်ခရမ်း၊ ရွာနီးချင်းမိတ်ဆွေများ။ ပြောမနာ၊ ဆိုမနာ။ တစ်နေ့ - 
ဦးဖိုးသင်မှ “ခင်ဗျားတို့ ဆရာတွေဟာ စုန်းပြုစားတဲ့ ပယောဂဝေဒနာတွေတော့ ကုပြီး စုန်းပညာ ကျတော့ ဘာလို့ မတတ်သလဲ” မေး၍ “ခင်ဗျား - ဆရာတွေကို အထင်သေးတာကို။ ဆရာတွေက စုန်းထက် တတ်သေးတယ်။ ခင်ဗျားမှမသိဘဲကို”ဟု ဆရာလှိုင်မှ ပြန်ပြောသည်။ “ခင်ဗျား စုန်းတွေထက် တတ်တယ်ဆိုရင် ကျုပ်ကို ပြုစားပြစမ်းပါ။ သေတော့ မသေစေနဲ့ဗျို့။” ဒါက ဦးဖိုးသင်၏ ခနဲ့သံ။ ဤသို့ဖြင့် ဇာတ်လမ်းစခဲ့သည်။

ရာသီက တပို့တွဲ၊ နှာရည်တရွှဲရွှဲဖြင့် ချမ်းအားကောင်းဆဲ။ တော်ခရမ်းအင်းမ အနောက်ရွာသူကြီးအိမ်မှ ထမင်းနှဲပွဲ။ ဆရာလှိုင်နှင့် ဦးဖိုးသင်ကိုလည်း ဖိတ်ကြား။ သို့ဖြစ်၍ ဆရာလှိုင်မှ မိုးမလင်းခင်ကပင် ဦးဖိုးသင်အိမ် အရောက်သွား။ ဝါးမီးများထည့်၍ ဦးဖိုးသင်ပါ မီးလှုံကြ။ နံနက်လင်းစ အင်းမတံတား ဖြတ်လျှောက်၍ ထမင်းနှဲပွဲ သွားကြ။ အင်းအလယ်ရောက်။ မတော်တဆဟန်ဖြင့် ဦးဖိုးသင်အား ဆရာလှိုင်မှ ရေထဲတွန်းချ။ ဦးဖိုးသင်လည်း တစ်ကိုယ်လုံးရေရွှဲ၍ အိမ်ပြန်လာကြ။ မကြာပါ။ ဦးဖိုးသင် ချမ်းတုန်၍ ဖျားတော့သည်။ ဆရာလှိုင်သွားပင့်တော့ “မသေပါဘူးကွာ။ မတည့်တဲ့ အစာသာ မကျွေးနဲ့။ သန်ဘက်ခါ ငါလာခဲ့မယ်။” ဟု ပြောလိုက်။ ခေတ္တတော့ ဖျားပေဦးတော့ ဦးဖိုးသင်။
၂။ မည်သို့ဓာတ်ခိုက်၍ ဖျားရသနည်း။
· လူတိုင်းဓာတ်ခံကောင်းလျှင်၊ ဓာတ်ကောင်းနေလျှင် ကျန်းမာရေးကောင်းနေမည်။ ဓာတ်ခံမကောင်း လျှင်၊ ဓာတ်ပျက်လျှင် ရောဂါပေါင်းစုံ ဝင်နိုင်သည်။
· ပုဂ္ဂလပညတ် ဆေးပညာသည် ပါပ၊ သောမမလွဲဖို့၊ ရုပ်၊ နာမ် မလွဲဖို့သည် အဓိကသော့ချက် ဖြစ်သည်။
· ပါပ၊ သောမ၊ ရုပ်ဆေး၊ နာမ်ဆေး - ဆေးချက်မှန်နေလျှင် မူလဓာတ် ရှင်သန် ကျန်းမာနေမည်။ ကျန်းမာအောင် ထောက်ပံ့ထားမည်။
ဤအချက်များသည် ကျန်းမာရေးအတွက် အရေးကြီးသော ဥပဒေသများ ဖြစ်သည်။ လွဲမှား၍ မရ။
ဦးဖိုးသင်က သောကြာသား၊ သောမ။ ၎င်း၏ဓာတ်ဖက်က ဗုဒ္ဓဟူး၊ သောမ။ ဝါး(+)နာမ်ဆေးချက်ကို ရုပ်ဆေးချက်လုပ်၍ ဝါးမီးမှိုင်းတိုက်၊ ဝါးမီးလှုံစေခဲ့သည်။ ဦးဖိုးသင်၏ ဓာတ်ဖက် ဗုဒ္ဓဟူးကို ရုပ်နာမ်လွှဲ၍ဖျက်၊ ဓာတ်ပျက်၍ ဦးဖိုးသင် ကျန်းမာရေး ထိခိုက်ပေတော့မည်။
သင်(-)၊ ဝါး(+) ဖိုဓာတ်၊ မဓာတ်။ ရုပ်၊နာမ် လွဲ၍ shock ဖြစ်။ သင်မှ (-)လည်း ဓာတ်ခိုက်၊ ဓာတ်ဖက် ဝါးမှ (+)လည်း ပျက်သွားသည်။ ဦးဖိုးသင် ဓာတ်ယုတ်ရောဂါ ခံစားရပြီး ဖျားပြီ။ သို့သော် ကြိုတင်၍ အင်းရေ (+) ရုပ်ဆေးချက်အမှန်ဖြင့် ကြိုတင်ဖြေပေးလိုက်သည်။ နဝင်းရုပ်ဆေးချက်ဖြစ်၍ ဖြေဆေးက ထက်ပါသည်။ သို့ဖြစ်၍ မသေနိုင်ပါ။ သို့သော် ဝါးမီးခိုးမှိုင်းရော၊ ဝါးမီးအပူရှိန်ပါ တစ်ကိုယ်လုံးကို ထိခိုက်ပျံ့နှံ့ လက်ဦးမှုယူထား ၍ ခေတ္တတော့ ခံရပေဦးတော့မည်။ တစ်နည်းအားဖြင့် ခေတ္တဓာတ်ခိုက်စေနည်း ဖြစ်ပါသည်။
၃။ နဝင်းရုပ်ဆေးဖြင့် ဖြေပါလျက် အဘယ်ကြောင့် မပြေသနည်း။
ရုပ်ဆေး၊ နာမ်ဆေးမှန်လျှင် မူလဓာတ်ခံကို ရှင်သန်ကျန်းမာစေမည်ဟု အပိုဒ်(၂)တွင် ပြထားသည့် အတိုင်း အင်းရေ(+) ရုပ်ဆေးအမှန်ဖြင့် ဖြေထား၍ ဦးဖိုးသင် ခံသာ၊ နေသာ ရှင်သန်နေသည်။ မသေနိုင်ပါ။
၄။ ဘာကြောင့် လုံးဝမပြေသနည်း။
ဦးဖိုးသင်၏ ဓာတ်ဖက် (+)နာမ်ဆေးချက် လွဲခဲ့သည်။ ပျက်ခဲ့သည်။ ယခု အစားထိုး ဖြေပေးသည်က အင်းရေ(+) ရုပ်ဆေးချက်။ (+)အစားရ၍ ခံတော့ ခံသာသည်။ မူလပျက်သွားသော နာမ်ဆေး(+) မဟုတ်သေး၍ လုံးလုံးတော့ မပြေသေး။ သို့ဖြစ်၍ ဦးဖိုးသင် ဖြေဆေးမရသရွေ့ တစ်ရက်၊ နှစ်ရက်တော့ ဖျားပေ ဦးတော့။ သူကိုယ်တိုင်က ပြုစားပြပါလို့ ဆိုခဲ့တာကို။ “သေတော့ မသေစေနဲ့ဗျို့။”ဆိုသဖြင့် ကြို၍ ဖြေပေး ထားလိုက်ပါသည်။ “ရေမှုတ်ထဲ မိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့ မိကျောင်း”တဲ့။ ရေမှုတ်ထဲက မိကျောင်းက အသေအကိုက်ခိုင်းလျှင် အသေကိုက်နိုင်ရဲ့။ ဦးဖိုးသင်ကို အင်းရေနှင့် မဖြေဘဲ အုန်းရေသာ တိုက်လိုက်ပါက နှစ်ဆင့်မှာ ကိစ္စပြတ်သွားနိုင်သည်။ စုန်းပညာထက် ထက်တဲ့ ဓာတ်ပညာ ကြောက်စရာ၊ အံ့သြစရာပင်။
၅။ မည်သို့ပြန်ဖြေ ကုသနည်း။
အထက်မှာ ပြဆိုခဲ့သည့်အတိုင်း ပျက်ထားတာက ဓာတ်ဖက် ဝါး(+) နာမ်ဆေး၊ ခေတ္တ အစားထိုး ဖြေထားတာက အင်းရေ(+) ရုပ်ဆေး။ ဆေးချက်မှန်နေ၍ တော်သေးသည်။ မသေအောင် ထိန်းထားနိုင် သေးသည်။
ယခုဆေးချက်အမှန်၊ ကုသချက်ဆေးမှာ ဝါးရွက်(+)ကို ပြုတ်၊ သကြား(+)ပါ ထပ်ကူ၍ ပူပူမှုတ်၍ သောက်စေသည်။ နာမ်ဆေးအမှန်ဖြင့် ဖြေလိုက်သည်။ ဆေးချက်မှန်တော့ တစ်ခွက်ဖြင့် ချွေးပြန်၍ ဆီးများသွား ပြီး အဖျားပျောက်ခဲ့ပါကြောင်း - ဆရာကြီး ဦးသာတင့်၏ (၅၅-၅၇)တို့ကို ကိုးကား၍ တင်ပြအပ်ပါသည်။
၆။ ဆရာ့ဆရာကြီးများ အဘယ့်ကြောင့် ပညာကုန် မပြခဲ့သနည်း။
ပုဂ္ဂလပညတ် ဓာတ်ဆေးပညာသည် ပါပ၊ သောမ၊ ဖို၊ မ၊ မိတ်၊ ရန်၊ ရုပ်၊ နာမ်၊ နဝင်း ဓာတ်ညှိ၍ ကုသရ သော ဆေးပညာ၊ ပုံသေဖော်နည်းကား မရှိသော ပညာကု ဆေးပညာ၊ အလွန်အစွမ်းထက်သော ဆေးပညာ၊ စုန်းပညာထက် ထက်သော ဆေးပညာ၊ မသူတော်တို့ မတတ်သင့်သော ဆေးပညာဖြစ်၍လည်း “ငါနှင့် ထပ်တူ၊ ဉာဏ်ရည်တူ ယူကြလော့”ဟု လျှို့ဝှက် ထိန်းထိန်းသိမ်းသိမ်း ထားခဲ့သောပညာ ဖြစ်ပါသည်။ ဆရာကြီး ဦးသာတင့်မှလည်း ၎င်း၏ အဖွင့်နိဒါန်းတွင် -
“မြန်မာ့ရိုးရာ ပုဂ္ဂလပညတ် ဆေးပညာကို လျှို့ဝှက်သည်ဟု အများက အသိအမှတ်ပြုကြသည်။ အများ က အသိအမှတ်ပြုသကဲ့သို့ လျှို့ဝှက်ခြင်းလည်း ရှိပါ၏။ နက်နဲခြင်းလည်း ရှိပါ၏။ ယင်းသို့ဖြစ်ရသည်မှာ နှောင်းလူများ မတတ်စေလိုသော၊ ကျဉ်းမြောင်းသော အမြင်ဖြင့် လျှို့ဝှက်ထားခဲ့ခြင်း မဖြစ်နိုင်ချေ။ သီလ၊ သမာဓိ မရှိဘဲ လောဘ၊ ဒေါသ အလိုရမ္မက်ကြီးသူများ ဤပညာကို တတ်မြောက်သွားပါက အလွန်တရာ ဘေးဥပါဒ် အန္တရာယ်များနိုင်သည်။ ဤပညာတတ်မြောက်သူမှာ ရန်ဓာတ်၊ မိတ်ဓာတ်တို့ကို သိရှိနားလည်သည့် အလျောက် တခြားသူတစ်စုံတစ်ယောက်ကို နာစေ၊ ဖျားစေ၊ ပျက်စီးစေ၊ ကောင်းစားစေနိုင်သည်။ သို့ဂလို ဘေး အန္တရာယ် များပြားလှသည့် ပညာရပ်ဖြစ်သဖြင့် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသူမှသာ၊ ပညာရှိများသာလျှင် တွေးတောကြံဆ လေ့လာနိုင်ရန်အတွက် လျှို့ဝှက်စွာ ထားခဲ့ခြင်း ဖြစ်တန်ရာသည်။”ဟု နိဒါန်းတွင် ရေးသားခဲ့ပါ သည်။
သို့ပါ၍ ပုဂ္ဂလပညတ်ဓာတ်ဆေးပညာသည် အလွန်ထက်သော ပညာတစ်ရပ်ဖြစ်၍လည်း မတိမ်ကော၊ မပပျောက်စေရေး တတ်စွမ်းသူပညာရှိ၊ သူတော်ကောင်းအပေါင်းတို့မှ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းနိုင်ရန် ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။
၅.၆.၂၀၁၀

1 comment:

  1. ဆရာကြီးဦး​အောင်​ဒင်​ရဲ့ ကျိုး​ကြောင်းဆက်​ဓါတ်​ကျမ်း​လေးဖတ်​ချင်​လို့ပါ link​လေးရှိရင်​ ချ​ပေးပ်ါအုံး

    ReplyDelete