Pages

Saturday, April 14, 2012

အစာလည်းဆေး - ဆေးလည်းအစာ - ပုဂ္ဂလပညတ် ဆေးပညာ

ကျိုးကြောင်းဆက် ပုဂ္ဂလပညတ် (၂၄)

ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာစာအုပ်ကို တကျော့ပြန်၍ ဖတ်ကြည့်ပါသည်။ ၎င်းစာအုပ်မှ (အရှေ့နှင့် အနောက်)ဟူသော ဆောင်းပါးတွင် ခေတ်ပညာဆေးသိပ္ပံဘွဲ့ရ အင်္ဂလိပ်ဆရာဝန်မကြီး တစ်ဦးမှ မြန်မာ့ဆေးပညာကို စိတ်ဝင်တစား လာရောက်လေ့လာပုံကို ရေးသားထားသည်မှာ အားကျစရာ ဖတ်ရှုရ ပါသည်။


အင်္ဂလိပ်ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်သည် (အမ်ဘီဘီအက်စ်၊ အမ်အာစီအက်စ်)(လန်ဒန်) ဟူသော တော်ဝင်သမားတော်ဘွဲ့ရ ဆရာဝန်မကြီးဖြစ်ပြီး “ဟိုမယိုပသီ” ဆေးကုနည်းကိုလည်း   ကောင်းစွာတတ်ကျွမ်း ကြောင်း၊ လူနာများကို ၎င်းနည်းများကို ၎င်းနည်းနှင့် စမ်းသပ်ကြောင်းကိုလည်း ၎င်းမှပြောပါသည်။ မြန်မာပြည် ရောက်ခိုက် မြန်မာ့ဆေးပညာကိုလည်း စိတ်ဝင်တစားလေ့လာခဲ့ကြောင်း -

“ကမ္ဘာလှည့်ပြီး တရုတ်၊ကုလား ဆေးဝါးကုထုံးတွေကို အနည်းအကျဉ်း လေ့လာဆည်းပူးကြည့်ခဲ့တယ်။ မထူးခြားလှဘူး။ ဒီဆရာကြီးပြောတဲ့ “ရောဂါကိုအစာနဲ့ကုတယ်”ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်။” - ဟူ၍ ဂျာနယ်ကျော်မမလေး၏ လက်ဦးဆရာ နေလဝိဇ္ဇာဆရာခိုင်နှင့် အင်္ဂလိပ် ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်တို့   မြန်မာ့ဆေး ပညာအကြောင်း ဆွေးနွေးအပြီး အင်္ဂလိပ်ဆရာဝန်မကြီးမှ မှတ်ချက်ပေးခဲ့ပုံကို ရေးသားထားပါသည်။

၎င်းဆွေးနွေးပွဲတွင် နေလဝိဇ္ဇာဆရာခိုင်မှ မစ္စစ်ဟတ်ဆင်ကို “ဆေးမရှိတဲ့နေရာ မှာ ဝေဒနာပျောက် အောင် ခင်ဗျားတို့ ဘယ်လိုကုမလဲ”ဟူသော တစ်ခုတည်းသော မေးခွန်းကို မေးခဲ့ရာ ဆရာဝန်မကြီးမှ အဖြေ မပေးဘဲ ပြုံး၍သာနေခဲ့ကြောင်း၊ ဆရာကြီးမှ ဆက်၍ “နောက်ဆုံးဆေး မရှိတဲ့ နေရာ   ရောက်နေပြီး  ဆေးမရှိဘူး ဆိုပါတော့” စားပွဲပေါ်မှ စာရွက်ကိုထောက်ပြလျက် “နောက်ဆုံး ဒီစက္ကူဘဲရှိတယ် ဆိုပါတော့၊ ဒီစက္ကူကိုဘဲ ဆေး ဖြစ်အောင်၊ ဗမာက ပျောက်အောင် ကုသွားမယ်။” ဆရာဝန်မကြီးမှာ ပြုံးစေ့စေ့ နားထောင်နေကာ စကားဆုံးလျှင် “ဘာ့ကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်ရတယ်ဆိုတာ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် စက္ကူနဲ့လည်း ပျောက်အောင်လုပ်တတ်ရင် ပျောက်တယ်ဆိုတာတော့ ကျွန်မအဖို့ အင်မတန် စိတ်ဝင်စားစရာ ကောင်းနေပြီ”ဟုလည်း ဆရာဝန်မကြီးမှပြောခဲ့ကြောင်း၊ ထိုဆောင်းပါး၏စာမျက်နှာ(၁၂၆)တွင် ဖတ်ရှုရပါသည်။

ပုဂ္ဂလပညတ်ဓာတ် မြန်မာ့ဆေးပညာသည် အင်္ဂလိပ်ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်မှ တအံ့တသြ မှတ်ချက်ပြုလောက်အောင် မည်သည့်အတွက် အစားအစာနှင့် စက္ကူစသော ရုပ်ဝတ္ထုများမှာ ဆေးကဲ့သို့ စွမ်းဆောင်နိုင်ကြပါသနည်း? ကျမ်းအကိုးအကားများ ဖွေရှာရန်၊ ကျိုးကြောင်းဆက်တင်ပြရန် လိုလာပါသည်။

ပုဂ္ဂလပညတ်ဓာတ်ဆေးပညာသည် ဖော်စပ်ပြီးဆေးများထက် သင့်လျော်ရာဓာတ်စာနှင့် ထိရောက် သော အရေးပေါ်ရုပ်ဆေးချက်ဝတ္ထုပစ္စည်းတို့ကို အလေးထား၍ ဦးစားပေး အသုံးပြုခဲ့ကြကြောင်း၊ ကျမ်းပြုဆရာ ကြီးများ၏ ကုထုံးဟောင်းတို့တွင် တွေ့ရှိရပါသည်။ အရံသင့်ဖော်စပ်ပြီး ဆေးအဖုံဖုံ များများမရှိပါ။ ဖော်ပြမထား ကြပါ။ ရွက်ခေါက်မြစ်သီး လိုတိုင်းပြီး၍ နွယ်မြက်သစ်ပင်အားလုံးပင် ဆေးဘက်ဝင်သည်ဟူသော ဆရာဇီဝက၏ အဆိုကို အားကိုးလက်ကိုင်ပြု၍ အလျဉ်းသင့်တွေ့ကြုံရာ အစားအစာ၊ ဆေးဝါး၊ ပစ္စည်းဝတ္ထုတို့ကို ဆေးပြု၍ သုံးခဲ့ကြပါသည်။ တနည်းအားဖြင့် အစားအစာ (ဓာတ်စာ)တို့ဖြင့် ရောဂါများကို ကုသပေးခဲ့ကြပါသည်။

ပုဂ္ဂလပညတ်ဓာတ်ပညာအလိုအရ သင်္ခတဓာတ်ဟု ခေါ်ဆိုအပ်သော လောကသုံးပါးမှ အမည်ပညတ် မှည့်ခေါ်အပ်လေသော အရာအားလုံး “ပညတ်ခိုက်ရာ၊ ဓာတ်သက်ပါကြောင်း၊ ဉာဏ်ဖြင့်လောင်း၍၊ ကုကောင်း စွာလှ”ဟူ၍ ပုဂ္ဂလပညတ်ဆရာ ဆိုလေသည်။ လက်လှမ်းမီတွေ့ကြုံရာ အရာဝတ္ထု၊ ဆေးဝါး၊ အစားအစာ အမည် ရှိသော အရာအားလုံးမှာ ဓာတ်များပါဝင်နေ၍ ဆေးအဖြစ် သုံးနိုင်သည်။ ကမ္ဘာတည်ဦးစကပင် နေနှင့်လတို့ ပေါ်ထွက်လာကြပြီး နေနှင့်လတို့၏ အရောင်အောက်မှာ တည်ရှိကြကုန်သော သြကာသလောက၊ သတ္တ လောကသားအားလုံး နေနှင့်လဟူသော အပူနှင့်အအေးတို့၏ သက်ရောက်မှုကို ယနေ့တိုင် ရရှိနေကြပါသည်။ နေနှင့်လတို့ကြောင့် ဥတုဟူသော အပူ၊အအေး ဖြစ်ခဲ့သည်။နေ့မှာပူ၍ ညမှာအေးသည်။ လရောင်သည် အအေး ဓာတ်ဆောင်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ၎င်းနေနှင့်လဟူသော အပူ၊ အအေးနှစ်ပါးမှ နေ့ညအလှည့်ကျ ချယ်လှယ်၍ အလွန်အယုတ်မရှိ၊ အပူအအေးမျှတအောင် ထိန်းကြောင်းပေးထားပါသည်။ သက်ရှိလူသား အားလုံးကို ဖြစ်ပေါ်စေသော ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားလေးပါးတို့တွင် အပူ၊ အအေး ဟူသော ဥတုသည် တစ်ပါး အပါအဝင်ဖြစ်ပါသည်။

နေလအပါအဝင် အရာအားလုံးတို့တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ ဟူသော အဌကလပ် ရုပ်ရှစ်ပါး ပါဝင်ကြောင်း ဒေသနာတော်မှာ အသေအခြာ ဟောထားသဖြင့် အစားအစာ၊ သစ်မြစ်၊ သစ်ဥ၊ အခေါက်၊ အရွက်၊ အသီးဟူသော ဆေးဝါးအရာအားလုံးမှာ အပူ၊ အအေး (နေလ)ဟူသော ဓာတ်ကြီးလေးပါး ပါဝင်ပြီးဖြစ်နေပါသည်။ ဓာတ်တို့ဖြင့် တည်ဆောက်ထားသော မကျန်းမာသော ခန္ဓာကိုယ်ကို ဓာတ်တို့ဖြင့် တည်ဆောက်ထားသော ဓာတ်တို့ပါဝင်နေသော အစားအစာ၊ ဆေးဝါး၊ ဝတ္ထုတို့ဖြင့် ဓာတ်လွန်၊ ဓာတ်ယုတ် ချိန်ဆညှိနှိုင်း ပေးကျွေးခြင်းသည် ကျန်းမာအောင် ဓာတ်ညှိပေးခြင်း (ဝါ) ဆေးကုပေးခြင်းပင် ဖြစ်ပါ သည်။ တနည်းအားဖြင့် အစာသည်ပင် ဆေး၊ တွေ့သမျှ အရာအားလုံးပင် အသုံးတတ်ပါက ဆေးဖြစ်ပါတော့ သည်။ ဓာတ်လွန်ဓာတ်ယုတ် အယူအဆမှန်ပါက လွန်လျှင်နှုတ်၍ ယုတ်လျှင်ဖြည့်စွက်ပေးသော ဆေးချက် သည် အောင်မြင်သော ကုသချက်ပင် ဖြစ်ပါမည်။ မုချပျောက်ကင်း ချမ်းသာပါလိမ့်မည်။

အရာအားလုံးတွင် ဓာတ်လေးပါး ပါဝင်ကြသည်ဆိုသော်လည်း ဦးဆောင်သောဓာတ် (ဝါ) မှည့်ခေါ် ပညတ်သမုတ်အပ်သော အမည်အရ ဓာတ်တို့ပါဝင်မှု အချိုးအဆ ပြောင်းလဲမှုရှိပါသည်။ အားကြီးသောဓာတ်က ဦးဆောင်၍ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟု ထင်သာမြင်သာသော ဓာတ်ကို အစွဲပြု၍ ထပ်မံခွဲခြားထား ပါသည်။

အထက်ပါဖော်ပြချက်များအရ ပါပဟူသော အန္တောနှင့် စရေတို့တွင် မီးနှင့် လေသာ ရှိသလော? မြေနှင့် ရေကော မပါသလော? အလားတူ သောမဟူသော ဂဗ္ဘေနှင့် ဝံသေတို့တွင်လည်း မြေနှင့် ရေသာ ရှိသလား? မီး နှင့်လေ မပါတော့ပြီလော? စောကြောရန် ရှိလာပါသည်။ ၎င်းအကြောင်းအရာတို့ကို ကျိုးကြောင်းဆက် ပုဂ္ဂလ ပညတ်(၁၁)ဆောင်းပါးတွင် ဦးသာ=ဝါယော၊ တေဇာ=ကိုရှာ၊ ပထဗျာ=စိန်ပန်း၊ အာပေါ=ဒါန်းလှ ဟူသော အဆိုအရ ခွဲခြား၍ အကျယ်ရှင်းခဲ့ပြီး ဖြစ်ပါသည်။ ၎င်းပါပ၊ သောမတို့တွင် ဓာတ်လေးပါးစီ ပါဝင်နေကြောင်းကို ဆရာကြီးဦးသာတင့်၏ အခြေခံပုဂ္ဂလပညတ် စာမျက်နှာ (၃၇၊၄၉)တို့တွင်လည်း အကျယ်တဝင့် ရှင်းလင်းထား ပါသည်။ ၎င်းပြင် “အင်းလည်းသည်မှာ၊ အစာသည်တွင်” ဟူသည်မှာ အစားအစာမှန်သမျှတို့သည် အမည် ပညတ်ဖြင့် သတ်မှတ်ထားရလေရာ ဗျည်းများ၊ သရများနှင့် လွတ်ကင်း၍ မရနိုင်ချေ။ “ဆေးလျှင်သည်က” ဆိုသည်မှာလည်း သစ်ပင်၊ သစ်သီး၊ သစ်ရွက်၊ သစ်ညွန့်၊ သစ်ခေါက်၊ သစ်သား၊ သစ်နှစ်၊ သစ်မြစ်၊ သစ်ဥ စသည်တို့အားလုံးမှာ အမည်ပညတ်နှင့်သာ ဖြစ်သည်။ ဗျည်း၊ သရများကို ရှောင်၍မရ။ ထိုဗျည်း၊ ထိုသရနှင့် မကင်းနိုင်လျှင် တည့်သောအစာ၊ မတည့်သောအစာ ခွဲခြားနိုင်သည်။ ခွဲခြားနိုင်သည်နှင့်အမျှ ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် မြင်မြင်သမျှ အစားအစာ၊ အရာဝတ္ထုတို့သည် ဆေးဖြစ်နိုင်သည်ဟု စာမျက်နှာ (၄၆)တွင်၎င်း၊ ကျမ်းရင်းလင်္ကာ(၁၉)တွင် “ပညတ်ပေါ်၍၊ နံပေါ်သစ်ပင်၊ ဆေးဘက်ဝင်”ဟူ၍လည်းကောင်း၊ “ဓာတ်တူနံတူ၊ ဆေးကိုယူ”ဟူ၍လည်းကောင်း၊ စားသမျှ အစာမှန်သမျှတို့သည် “အစာလည်းဆေး၊ ဆေးလည်း အစာ”ဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ ပညတ်ကိုလည်းကောင်း၊ နံကိုလည်းကောင်း သိမည်ဆိုလျှင် သစ်ပင်တို့ပင် ဆေးဘက်ဝင်ကြသည်။ ဆေးအဖြစ် အသုံးချနိုင်သည်။ တည့်သည့်အစာကို ရွေးချယ်စားသောက် နိုင်လျှင် အစာသည်လည်း ဆေးဖြစ်သည်။ ပါပပညတ်သမားတို့သည် ပါပပညတ်ပါသော အစားအစာများကို လည်းကောင်း၊ သောမပညတ်ပါသောသူတို့သည် သောမပညတ်ပါသော အစားအစာများကို လည်းကောင်း ရွေးချယ်စားသောက်တတ်ရန် လိုသည်ဟူ၍ စာမျက်နှာ(၄၈)တွင်လည်းကောင်း ထပ်မံဆိုထားပြန်ပါသည်။

အထက်ပါ အထောက်အထား၊ အဆိုအမိန့်များအရ လက်တကမ်းမှာ တွေ့ရှိရာ အစားအစာ၊ ငြုပ်၊ ရေနံ၊ အုန်းဆံ၊ စက္ကူ၊ ရေ၊ မြေ၊ သဲ၊ ဖွဲမှအစ တွေ့သမျှ အရာဝတ္ထုပစ္စည်းအားလုံးတို့သည် အမည်ရှိ၍ ဓာတ်ရှိသည်။ ၎င်းဓာတ်သည် လူနာနှင့်တည့်သော ဓာတ်ဖြစ်ပါက ဆေးအဖြစ် အသုံးပြုနိုင်သည်ချည်း ဖြစ်ပါတော့သည်။

အထက်ပါဖော်ပြချက်တို့မှာ အဖွင့်ပဏာမတွင် မစ္စစ်ဟတ်ဆင်မှတ်ချက်ပြုခဲ့သော “ “ရောဂါကို အစာနဲ့ ကုတယ်” ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်။” ဟူသော မှတ်ချက်ကို လည်းကောင်း၊ “ဘာကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်တယ်ဆိုတာ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် စက္ကူနဲ့လဲပျောက်အောင် လုပ်တတ်ရင် ပျောက်တယ်ဆိုတာတော့ ကျွန်မအဘို့ အင်မတန် စိတ်ဝင်စားစရာ ကောင်းနေပြီ” ဟု မှတ်ချက်ပြုခဲ့သော ဆေးချက်များသည် ဆရာဇီဝက၏ အံ့ဘွယ်ဆေးချက်များပင် ဖြစ်ပါတော့ သည်။

သို့ပါ၍ ကမ္ဘာ့ဆေးပညာတတ် အင်္ဂလိပ်ဆရာဝန်မကြီးတစ်ဦးမှပင် တအံ့တသြမှတ်ချက်ပေးခဲ့ရသည့် ဆရာဇီဝက၏ အမွေအနှစ်၊ မြန်မာတို့၏ မူပိုင်ဆေးပညာတစ်ရပ်ဖြစ်သော “အစာလည်းဆေး၊ ဆေးလည်းအစာ၊ ပုဂ္ဂလပညတ်ဓာတ်ပညာ”ကို မြန်မာသမားတော်အားလုံးမှ လေ့လာ၍ ဝိုင်းဝန်းထိမ်းသိမ်း တိုးမြှင့်ဖော်ထုတ် သင့်ကြပါကြောင်း ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။ ။

၂၅.၂.၂၀၁၂

0 comments:

Post a Comment