လူမှုရေးဆေးပညာဆို၍ အနောက်တိုင်းမှ ဖွင့်ဆိုသော လူမှုရေးနှင့် တူချင်မှ တူပါမည်။ ယခု လူမှုရေး ဆိုသည်မှာ ကျေးလက်နေ ပြည်သူအများစုနှင့် မြို့ကြီးပြကြီးတို့မှ မရှိနွမ်းပါးသူတို့၏ စားဝတ်နေရေး၊ ငွေကြေးနှင့် ကျန်းမာရေးအသိပညာ မပြည့်စုံ၊ မလုံလောက်သော ဘဝအခြေအနေ လူမှုရေးကို ဆိုလိုပါသည်။ ပြည်သူ အများစုသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး မြို့ပြကြီးများမှာကဲ့သို့ အချိန်မီသွားလာရန်လည်း လမ်းအခက်အခဲ၊ ယာဉ်အခက်အခဲ၊ ငွေကြေးအခက်အခဲ အမျိုးမျိုး ရှိကြပါသည်။ ဖြစ်လာသော ရောဂါကို စောစီးစွာ ကုသရန်မှာလည်း အဓိက ငွေကြေးအခက်အခဲကြောင့် လက်လှမ်းမီတွေ့ကြုံရာ ဆရာကိုသာ အားကိုး နေကြရပါသည်။
မရှိ၍မကု၊ မကု၍မပျောက်၊ မပျောက်၍ စိတ်မောလူပန်း၊ ဘဝလမ်းမသာယာခဲ့ကြသော မရှိ နွမ်းပါး ဆင်းရဲသားတို့၏ လူမှုဘဝကို ရည်ရွယ်ပါသည်။ သို့ပါ၍ ထိုလူတန်းစားကို အကျိုးပြုနိုင်သော ဆေးပညာ ကို ရည်ရွယ်၍ ပုဂ္ဂလပညတ်ဆေးပညာကို လူမှုရေးဆေးပညာဟု တင်စားရေးသားခြင်း ဖြစ်ပါသည်။
၂၀၁၁-ခု၊ ဒီဇင်ဘာလ (၇) ရက်မှ (၈)ရက်အထိ ကျင်းပသော တိုင်းရင်းသမားတော်များ ညီလာခံမှ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်လည်း နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ပိုမိုအားထုတ်ဆောင်ရွက်သွားရန်နှင့် ကျေးလက်အခြေပြု တိုင်းရင်းဆေး သုတေသနပြုလုပ်ငန်းများ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဟူသော ဆုံးဖြတ်ချက်(၂)ရပ်ပါရှိရာ ထိုအများပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အသိပညာပေးရေးတို့အတွက် ရည်ရွယ်၍ ဤကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (သို့မဟုတ်) ပုဂ္ဂလပညတ်ဆေးပညာကို ရေးသားရခြင်း ဖြစ်ပါသည်။
ဆေးပညာရှုထောင့်မှကြည့်သော် ကုသရေးနှင့် ကာကွယ်ရေး (Curative and Preventive) ဟူ၍ နှစ်ပိုင်းရှိရာ ရောဂါဖြစ်ပွားလာပါက ကုသပေးရန်မှာ ဆေးပညာတတ်ကျွမ်းပြီးသူ ဆရာ၏အလုပ်ဖြစ်ပါသည်။ ထိုသို့ ရောဂါများ မဖြစ်ပွားစေရန်၊ ကာကွယ်ရန်မှာမူ အများပြည်သူများ အပိုင်းဖြစ်၍ သိသင့်၊ သိထိုက်၊ လိုက်နာ သင့်၊ လိုက်နာထိုက်၊ ရှောင်ကျဉ်သင့်၊ ရှောင်ကျဉ်ထိုက်သောအချက်များကို ကောင်းစွာသိရှိပြီး လိုက်နာပြုမူခြင်း အားဖြင့် ရောဂါအများစုကို ကာကွယ်နိုင်ပါသည်။ အကယ်၍ ဖြစ်ပွားလာပါက ကျွမ်းကျင်သူဆရာများထံ အချိန်မီပြသရန်ပင် ဖြစ်ပါသည်။ ဝေဒနာဖြစ်မှ ကုသပါက အချိန်ကုန်၊ ငွေကုန်၊ လုပ်အားကုန်၍ လူလည်း ခံစား ရပါသည်။ ကုသမှုနောက်ကျလျှင် အသက်ပါဆုံးရှုံးရပါသည်။ သို့ပါ၍ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ (Prevention is better than cure)ဟု ခေတ်သိပ္ပံဆရာများက ဆိုသည်။ သာမာန် ဝေဒနာဖြစ်ပွား ခြင်းများကို ပုဂ္ဂလပညတ်ဓာတ်ပညာဖြင့် ကာကွယ်နိုင်ပါသည်။ ပုဂ္ဂလပညတ်၏ အခြေခံအဆင့်ကိုမူ စာရေးတတ်၊ ဖတ်တတ်သူတိုင်း အလွယ်သိနိုင်၊ နားလည်နိုင်ကြပါသည်။
ပုဂ္ဂလပညတ်ဆေးပညာ အယူအဆဖြစ်သော တည့်သောအစာ၊ တည့်သောရုပ်ပတ်ဝန်းကျင်သည် ဆေးဖြစ်၍ မတည့်သောအစာ၊ မတည့်သော ရုပ်ပတ်ဝန်းကျင်သည် ဘေးဖြစ်သည်ဟူသော ဥပဒေသအရ - မိမိနှင့် တည့်သောအစားအစာ၊ မိမိနှင့်တည့်သော ရုပ်ပတ်ဝန်းကျင်၊ အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့တို့ဖြင့် နေထိုင်စားသောက်တတ်ပါက အသက်ရှည်ရာ အနာမဲ့ကြောင်းဖြစ်၍ ရောဂါကို ကာကွယ်ခြင်းမည်ပါလိမ့်မည်။
ပုဂ္ဂလပညတ်ဆရာမှလည်း လင်္ကာ (၂၆)တွင် “အစ္ဈတ္ထထုံ၊ မှတ်ပါကုန်လော့၊ မြူတမှုန်မျှ၊ မကျန်ရအောင်၊ ဓာတ်မှန်သောခါ၊ ကြေမွပါလိမ့်၊ ဖောက်ပြန်သွေးလေ၊ အခြေတပါး၊ ယွင်းပြန်ငြားက၊ စားသည့်အစာ၊ ကိုယ်မှာဥပါဒ်၊ ကြုံလတ်သောလျှင်၊ ဉာဏ်ဆင်ခြင်၍ - ” ဟုပြဆိုထားရာ ဓာတ်မှန်ကို စားသောက်ပါက စားသမျှ အစာကြေညတ်၍ ကျန်းမာစေပြီး မတည့်သောဓာတ်စာ စားပါက သွေးလေ ဖောက်ပြန်၍ ရောဂါရမည့်အကြောင်း ပြဆိုထားပါသည်။ လင်္ကာ(၂၇)တွင်လည်း “ဘဝနှင့်ပင်၊ ဉာဏ်မယှဉ်ကာ၊ ရမ်းဆအစာ၊ စားသောက်ပါလျှင်၊ ရှင်သူမရဏ၊ စုတိကြလိမ့်” ဟုလည်း တိုက်ရိုက်ပြဆိုထားပါသည်။ သို့ပါ၍ မိမိနှင့် တည့်သောအစာကို လူတိုင်းရွေးချယ်စားသောက်သင့်ကြောင်း လင်္ကာ(၄)တွင် “ဆုံးပါးတိုင်အောင်၊ မြဲခိုင် အောင်သာ၊ လျော်ရာဓာတ်သင့်၊ ပေးကောင်းချင့်သည်၊ ဉာဏ်ရင့်သူတို့ ကြံစွမ်းတည်း” ဟု ထပ်ဆင့် လမ်းညွှန် ထားပါသည်။
ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာဆောင်းပါး - စာမျက်နှာ (၄၃-၄၄)တို့တွင် ---------
ဆရာကြီးထံ၌ သင်ယူဆည်းပူးခဲ့သော အမျိုးသားဆေးပညာများမှာ ပညာ၏ လမ်းစဉ်အတိုင်း မကွေ့မကောက်၊ မဖောက်မပြန်၊ မမှားမယွင်းအောင် တဖြောင့်တည်း လိုက်နာကျင့်သုံးနိုင်မည်ဆိုလျှင် ဝေဒနာ ဆို၍ ခေါင်းကိုက်ဝေဒနာလောက်ပင် ခံစားရမည် မဟုတ်ချေ။ “ဆရာ့ရဲ့ကျေးဇူးရှင် ဆရာ့ဆရာကြီးဟာ ဘယ့်လောက်များ ကျန်းမာရေးကို ဂရုစိုက်သလဲဆိုရင်ကွယ် သူတို့မှာ အင်္ကျ ီမဝတ်ရရင် နေပစေ။ မပူဘူး။ မကျန်းမာမှာတော့ အလွန်ပူတယ်။ ခေါင်းကိုက်ဝေဒနာလေးတောင် အဖြစ်မခံကြဘူး။” “မတည့်တာ စားရမှာ၊ မတည့်တာ ဖြစ်ရမှာ၊ မှားရမှာ အလွန်ကြောက်တယ်၊ သူများအိမ်ဧည့်သည်လုပ်ရင် မတည့်တာနှင့်တွေ့ရမှာစိုးလို့ သူတို့နဲ့ တည့်တဲ့အစာကို သွားလေရာ ပုခုံးနဲ့လွယ်ယူသွားကြတယ်” သည်စကားကို ဆရာကြီးနှုတ်ဖျားတွင် မကြာခဏ ပြောဆိုသည်။ ဆရာကြီးကိုယ်၌ကား ကျန်းမာရေးနှင့် အဖက်ဖက်မှ ပြည့်စုံလှလျှက် အခြားဘယ်အရေးမှ မစဉ်းစားဘဲ ကျန်းမာရေးသာ စဉ်းစားလေသည်။ “လူတွေဟာ မျက်စိလည်လိုက်ကြတာ ကွယ်၊ မမာမှ တည့်တာ စားရတာ မဟုတ်ဘူးကွယ့်။ မာတုန်းကတည်းက တည့်တာစားရတယ်” ဤစကားရပ် တို့မှာ ပုဂ္ဂလပညတ် ဆရာလှိုင်ကြီး၏ တည့်သောအစာကိုသာ ရွေးချယ်စားသောက်သင့်ကြောင်း လမ်းညွှန် ဆုံးမသြဝါဒများ ဖြစ်ပါသည်။
သို့ပါ၍ အများပြည်သူများ အိမ်ရှင်မများသည် မိမိတို့နှင့် တည့်သောအစာ၊ မတည့်သောအစာ၊ ပါပ သောမ၊ ရုပ်ဆေး၊ နာမ်ဆေး၊ အခြေခံအဆင့်မျှလောက် သိထားဘို့ လိုသည်။ ဤသို့ ပါပသောမ ခွဲခြား စားသောက်တတ်ပြီး ရုပ်ဆေး၊ နာမ်ဆေး ခွဲခြားအသုံးပြုတတ်ပါက အခြေခံအဆင့် ကာကွယ်ရေးအပိုင်း လုံလောက်ပြီဟု မှတ်ယူနိုင်ပါသည်။ သို့သော် ပို၍စွမ်းနိုင်ပါက အပူစာ၊ အအေးစာ၊ အတက်စာ၊ အသက်စာ၊ အပွင့်စာ၊ အပိတ်စာဟူ၍ အကြမ်းဖျဉ်းသိရှိ ရွေးချယ်စားသောက်တတ်ပါက ပို၍ အဆင့်မြင့်မြင့် ကာကွယ်နိုင် မည်။ သာမာန်ရောဂါများကိုပင် ကုနိုင်ပါမည်။ အိမ်ရှင်မတိုင်းသည် မိမိမိသားစုမှ ပါပနေ့သား၊ သောမနေ့သား များကို အလွယ်နှင့် ခွဲမှတ်နိုင်သည်။ ပါပသောမကွဲပါက ရုပ်ဆေး၊ နာမ်ဆေးအလွယ်နှင့် ခွဲနိုင်ပြီး တည့်သော အစာနှင့် မတည့်သောအစာကို ခွဲနိုင်ပြီ ဖြစ်ပါသည်။ တည့်သောရုပ်ပတ်ဝန်းကျင်ကိုလည်း သိနိုင်ပေပြီ။ ဤသို့ လျှင် အိမ်ရှင်မတိုင်း မိမိမိသားစုကို ကျန်းမာရေး ကာကွယ်စောင့်ရှောက်နိုင်ပြီဆိုလျှင် တစ်မိသားစုမှ တစ်ရပ်ကွက်၊ တစ်ရပ်ကွက်မှသည် တစ်မြို့နယ်လုံး၊ တပြည်လုံး ကျန်းမာကြမည် ဖြစ်ပါသည်။ ဤသည်မှာ ပုဂ္ဂလပညတ်ဆေးပညာဖြင့် မိသားစုပဏာမကျန်းမာရေး စောင့်ရှောက်မှုမှသည် တပြည်လုံးကျန်းမာရေး၊ ရောဂါ ကာကွယ်ရေးအပိုင်းပင် ဖြစ်ပါသည်။
ဤသို့ တိုင်းရင်းဆေးပညာဖြင့် ပြည်သူအများ သိရှိစေရန် ရက်တိုသင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ပညာပေးစာစောင်များ ဖြန့်ဝေခြင်း၊ နည်းလမ်းများ ဆောင်ရွက်နိုင်ပြီး ပြည်သူအများမှလည်း ပါပသောမ ခွဲခြား လိုက်နာ စားသောက်ခြင်း၊ မိမိနှင့်သင့်သော ပတ်ဝန်းကျင်များ ဖန်တီးနေတတ်သွားကြပြီဆိုပါက တိုင်းရင်းဆေးဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်သည်လည်း မည်ပါ၏။ တိုင်းရင်းဆေး ဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သည်လည်း မည်ပါ၏။
သို့ပါ၍ ပုဂ္ဂလပညတ် ဓာတ်စာပညာသည် ဆေးကုသစရိတ်ကြီးမြင့်နေသော ခေတ်ကာလ မရှိနွမ်းပါး သူများအတွက် အားကိုးအားထားပြုစရာ၊ အစာလည်းဆေး၊ ဆေးလည်းအစာ ဤဓာတ်စာပညာဖြင့် ပြည်သူ အများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ပါကြောင်း - ကျိုးကြောင်းဆက် တင်ပြအပ်ပါသည်။
0 comments:
Post a Comment