Pages

Thursday, May 14, 2026

“နက္ခတ္တနယဆေးပညာ - ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ " အပိုင်း(၃)

 ၁။နိဒါန်း

ဤဆောင်းပါးရေးရခြင်း၏အဓိက ရည်ရွယ်ချက်မှာ-

(၁)       ၂၀၁၉ ခု၊ ဒီဇင်ဘာလ (၁၂-၁၃)ရက်နေ့များက နေပြည်တော်မှာ ကျင်းပပြုလုပ်သော အကြိမ်(၂ဝ)မြောက် သမားတော်များ ညီလာခံမှာ နက္ခတ္တနယသင်ရိုးတွင် အမြွက်မျှသာ ဖော်ပြပြီး လက်တွေ့အသုံးပြုခြင်းလည်း မရှိသေးသော ၊ ပြန်လည်ဖေါ်ထုတ်ရန်လိုအပ်သော ပညာရပ် ()မျိုး ကို တင်ပြခဲ့ပါသည်၎င်းတို့တွင် ယခုတင်ပြမည့် အင်္ဂဝိဇ္ဇာနှင့်မဟာဘုတ်ဗေဒင်ပညာတို့လည်း ပါဝင်ကြပါသည်။ ယနေ့တိုင်းရင်းဆေးလောကနယ်ပယ်တွင် ထိုပညာရပ်များ သုံးသူ အလွန်နည်းပါး၍ တိမ်မြုတ်နေပါသည်။ ရှေးယခင်ကာလများကမူ ရွှေမြို့တော်နေ ပြည်သူများသာမက ကျေးလက်ဒေသအောက်ခြေအထိ ထိုပညာရပ်ဖြင့် ဆေးပေးကုသခဲ့သော ကုထုံးများ ယနေ့တိုင် ပြည်သူကြားမှာ အငွေ့အသက်များ ရှိနေပါသေးသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်၍ “ပြည်သူကြားက - ပြည်သူ့ဆေးပညာ”ဟူသော စာတမ်းကိုလည်း (၂၈.၁၂.၂၀၁၂)နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် မြန်မာ့သမားတော်များ ညီလာခံမှာ တင်ပြခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အင်္ဂဝိဇ္ဇာဓါတ်ပညာနှင့် ဝေဒပညာများသည် အဟောပိုင်းသာမက ဆေးအဖြစ် သုံးပါကလည်း လွယ်ကူ အစွမ်းထက်သော ဆေးများဖြစ်ကြောင်း သိစေရန်အတွက်လည်းကောင်း၊

(၂)        ထိုအင်္ဂဝိဇ္ဇာဓါတ်ပညာနှင့် ဗေဒပညာများသည် အယူတော်မင်္ဂလာ၊ ဓါတ်ယတြာ အစီအရင်များနှင့် ဆေးအဖြစ် သုံးရုံသာမကသေး၊ တစ်မိသားစု၊ တစ်အိမ်ထောင်ချင်း၊ တစ်ရွာချင်း၊ တစ်မြို့ တစ်တိုင်းပြည်ချင်းစည်ပင်သာယာ၊ ဘုန်းတန်ခိုးကျက်သရေ၊ တိုးတက်ဝေဖြာ ဘေးအပေါင်း၊ရန်အပေါင်း ကင်းရှင်းစေရန်အတွက်လည်း စွမ်းဆောင်နိုင်ကြောင်း၊ ရှေးဘိုးဘေးမင်းမြတ်တို့မှ မြို့နန်းမြေ၊ မြို့သစ်များ တည်ထောင်ရာတွင် အတိတ်၊ တဘောင် နိမိတ်ဆောင်၍ စီရင်ခဲ့ကြပုံ၊ တနည်းအားဖြင့် သတ္တလောကသာမက၊ သြကာသလောကကိုပါ ကောင်းစေ၊ ဆိုးစေ ပြုပြင်ပေးနိုင်သော လောကသုံးပါး၏ ဓါတ်ပညာ (လောကဓါတ်ပညာ)များ ဖြစ်ကြောင်းသိစေရန်အတွက်လည်းကောင်း၊

(၃)       ရုပ်တရား၊ နာမ်တရားများဖြင့် တည်ဆောက်ထားသော သက်ရှိသတ္တလောကနှင့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော - ဟူသော မဟာဘုတ်ဓါတ်ကြီးလေးပါး၊ အဋ္ဌကလာပ်ရုပ်ရှစ်ပါးနှင့် ဆက်စပ်နေသော သက်မဲ့ဩကာသလောကတို့သည် ဆက်စပ်နေ၍ မြို့ပြ၊ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အင်္ဂဝိဇ္ဇာနှင့်ဝေဒပညာတို့သည် မည်သို့လျှင်အကျိုးပြုနိုင်သနည်းမည်သို့ဆက်စပ်သနည်း - ဟူသော အမေးသံသယ ဝီစိကိစ္ဆာကို ဖြေရှင်းရန်အတွက်လည်းကောင်း၊

(၄)       ကျွန်ုပ်သည် ထိုဓါတ်ပညာများကို သင်ယူလေ့လာရာတွင် - သင်ပုန်းကြီးအဆင့်မျှသာ လေ့လာသင်ယူရသေးသော်လည်း မိမိတတ်သိသ၍ ပညာတစိုးတစိဖြင့် ရှေးမင်းကောင်း မင်းမြတ်များကို အားကျနည်းယူ၍ မိမိရပ်ရွာ အကျိုးရှိစေရန် အင်္ဂဝိဇ္ဇာနှင့် ဝေဒပညာများကို လက်တွေ့သုတေသနပြုလုပ်ခဲ့ပုံအကြောင်း - နမူနာသာဓက မှတ်တမ်းပြလိုသည်တကြောင်း တို့ကြောင့် - ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပါသည်။

၂။ မြို့တိုင်း၊ ပြည်ရွာ၊ သာယာကြောင်း ၊ ဓါတ်ပညာဖြင့် တည်ခဲ့ကြောင်း

မြန်မာတို့၏ ဆေးပညာတွင် အင်္ဂဝိဇ္ဇာနည်း၊ မဟာဘုတ်ဗေဒင်ပညာနည်းတို့ဖြင့် လူနာ၏ ရောဂါကိုသာမက ကံကြမ္မာကိုပါ ပြုပြင်ကုသပေးသော နည်းပညာများ ရှိခဲ့ပါကြောင်း၊ တစ်ချိန်သောကာလက ပြည်သူများကို ထိုပညာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ကုသမှု ပေးခဲ့ကြပါကြောင်း - ဖော်ပြထားသော “နက္ခတ္တနယဆေးပညာ ၊ ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ” အပိုင်း(၁)ကို (၅.၆.၂၀၂၀) နေ့စွဲဖြင့်လည်းကောင်း၊ “နက္ခတ္တနယဆေးပညာ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းပါအပိုင်း(၂) ကို (၁၉.၆.၂၀၂၀) နေ့စွဲဖြင့် လည်းကောင်း၊ ဆောင်းပါးများရေးသား၍ Facebook လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြခဲ့ပါသည်။

ယခုတဖန် ထိုအင်္ဂဝိဇ္ဇာပညာ၊ မဟာဘုတ်နှင့် ဗေဒင်ပညာတို့ဖြင့် သတ္တလောက ဖြစ်သော လူသားတို့၏ ရောဂါဝေဒနာနှင့် ကံကြမ္မာကို ကုသရုံသာမက၊ လူသားတို့ရပ်တည်မှီတင်းနေထိုင်ရာ၊ ဩကာသလောကြီးကိုလည်း ကောင်းအောင်၊ ဆိုးအောင်၊ စည်ပင်ဝပြောသာယာအောင်၊ ဘေးအပေါင်း၊ရန်အပေါင်းကင်း၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံအောင်၊ တကောင်းအဘိရာဇာ၊ သရေခေတ္တရာ၊ သထုံမနူဟာမင်းများမှစ၍ ရတနာပုံခေတ်တိုင်အောင် ကျေးလက်မြို့ရွာ နေပြည်တော် သာယာရေးအတွက် လောကဓါတ်ပညာ အစီအမံများသုံး၍ စီရင်ကြောင်း သိရှိရပါသည်။

အနီးကပ်ဆုံးဥပမာအားဖြင့် မန္တလေးရတနာပုံ နေပြည်တော် တည်ဆောက်ရာတွင်ပင် နန်းမြို့ရိုး ပင်မတံခါးကြီးများကို ပါပ ၊ သူရဇ္ဇ၊ အမြိတ္တ၊ ကောလီ - ဟူသော အသီတိဓါတ်ကိန်းအရ အနောက်အရပ်မှ ဗဟိုတံခါးမကြီးကို (စည်ရှည်) တံခါး၊ အရှေ့မုခ်ကို (ဦးထိပ်) တံခါး၊ မြောက်မုခ်ကို (လေးသိန်း) တံခါး၊ တောင်မုခ်ကို (ကျော်မိုး) တံခါး ( (မင်္ဂလာ) တံခါး ဟု အများသိကြသည်) - ဟူ၍  အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ - ဟူသော ဓါတ်ကြီးလေးပါးကို အသီတိဓါတ်ကိန်းအရ ထိုပင်မ ဗဟိုတံခါးကြီးများနှင့် ထောင့်အရပ်ရှိ ပြကြီးပြသာဒ်ဆောင်တို့၏ အကြား၊ ကြားတံခါးများကိုလည်း မန်းဦး၊ ကျွန်းလုံး၊ သောင်းညွတ်၊ ရန်ဋ္ဌည်၊ လွန်ကဲ၊ စည်သာ၊ ထင်ရှား ၊ ကြေးမုံ (အာဠဝီတံခါးပေါက်) စသည်ဖြင့် အောင်ပ၊ ကုလား၊ ဆွေသား၊ နောင်ရင်း - ဟူသော မိတ်အမည်၊ ဓါတ်အမည်များ အသီးသီး ပေးထားပါသည်။ ထို့အပြင် မြို့ရိုးများကို တည်ဆောက်ရာမှာလည်း လေးထောင့်ရှိ ထောင့်ပြကြီးများနှင့် မြို့ရိုးတလျှောက်ကိုလည်း အင်း၊ စမ၊ အရံအတား၊ ပရိတ်တော်၊ ဂါထာမန္တာန်၊ မန္တယား၊ နတ်မင်းကြီးလေးပါး တို့၏ အစောင့်ဂူများပါ ရှေးထုံးအစဉ်အလာ မူမပျက်၊ မင်္ဂလာအချိန်အခါများ ရွေး၍ တည်ထားခဲ့ကြကြောင်း - စသည့်အစီအရင်များအကြောင်းကို ရှေးဟောင်း သုတေသနအရာရှိ၊ ဦးကိုကို ရေးသားသော “ရတနာပုံ မန္တလေး ၊ နန်းမြို့ရိုးပြဿာဒ်နှင့် အစဉ်အလာဟူသော စာတမ်းမှာ အသေးစိတ် ရေးသားထားသည်ကို တွေ့ရပါသည်။

ထိုသို့ တိုင်းပြည်အေးချမ်းသာယာ၊ စည်ပင်ဝပြော ဘေးအပေါင်း၊ ရန်အပေါင်း ကင်းရှင်းစေရေး အတွက် ရှေးရှေးသောမင်းများမှ ယုံကြည်မှု အစဉ်အလာ ပြင်းပြစွာဖြင့် အတိတ်ကောင်း၊ နိမိတ်ကောင်း၊ မင်္ဂလာအချိန်အခါကောင်းများယူ၍ မြို့ပြနိုင်ငံများကို လောကီအစီအရင်များဖြင့် တည်ထောင်ခဲ့ကြသော အစဉ်အလာများ ရှိခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ အင်္ဂဝိဇ္ဇာ၊ မဟာဘုတ်ဗေဒင်ပညာများသည် သက်ရှိသတ္တလောကကိုသာ အချိန်အခါ မင်္ဂလာပေး၊ ဆေးကျွေးပေးကုရုံသာမက၊ သက်ရှိတို့တည်ရာ သက်မဲ့ဩကာသ လောကကိုပါ အကောင်းအဆိုး ပြုပြင်နိုင်စွမ်းသော ပညာများဖြစ်ကြောင်း - နန်းမြို့တည်ထားပုံ နမူနာများက လက်တွေ့သာဓကများပင် ဖြစ်ကြပါသည်။

၃။ ဂြိုဟ်ရှစ်ခွင် နှင့် နဝင်းဓါတ်၊ မည်သို့စပ်၍ မြို့ရွာစည် တိုးတက်စေရသည် ?

အထက်နိဒါန်းပါ ရည်ရွယ်ချက် အပိုဒ်(၃)မှာ ဖော်ပြထားသည့်အတိုင်း လောကသုံးပါး၏ သက်ရှိသက်မဲ့ဟူသမျှတို့သည် ဓါတ်ကြီးလေးပါး၊ အဋ္ဌကလာပ်ရုပ်ရှစ်ပါးနှင့် မကင်းနိုင်သကဲ့သို့ ဂြိုဟ်ရှစ်ခွင်၊ နဝင်းဓါတ်များနှင့်လည်း ကင်း၍မရပါ။ ဂြိုဟ်ရှစ်ခွင်မှ အန္တော၊ ဂဗ္ဘေ၊ စရေ ၊ ဝံသေ ဟူသော ဓါတ်ကြီးလေးပါးကို မိတ်ရန်ဆင်၍ သတ္တလောကကို ကောင်းအောင်၊ ဆိုးအောင် ဖန်တီးနိုင်သကဲ့သို့ သက်ရှိတို့၏ တည်ရာ၊ ကျေးရွာမြို့ပြ ဩကာသလောကတို့လည်း ကောင်းအောင်၊ ဆိုးအောင် ၊ စည်ပင်သာယာဝပြောအောင်၊ မိတ်၊ ဓါတ်များဖြင့် စီမံစီရင်နိုင်ပါသည်။ သို့ဖြစ်၍လည်း ရှေးမင်းအဆက်ဆက်တို့သည် မြို့နန်းတည်ထောင်ရာတွင် ဓါတ်ယတြာတို့ဖြင့် စီရင်ခဲ့ ကြခြင်း ဖြစ်ပါသည်။

အထက်မှာဖော်ပြခဲ့သော ကုန်းဘောင်းမင်းဆက်မင်းနေပြည်တော် မန္တလေးနန်းမြို့ တည်ဆောက်ရာတွင် အဓိက တံခါးကြီးလေးပေါက်ကို ပါပ၊ သူရဇ္ဇ၊ အမြိတ္တ၊ ကောလီဟူသော အသီတိဓါတ်ကိန်းအရ -

  ပါပ    =         စရေ - နာမသင်္ချာပြုသော ( ၃ + ၈ = ၁၁ ) ရ၏

ကောလီ =       ဂမ္ဘေ - နာမသင်္ချာပြုသော် ( + ၅ = ၇ ) ရ၏။

ယင်း (၂)ရပ် ပေါင်းသော် (၁၈) အဋ္ဌာရသကိန်း ရ၏။

အလားတူ -

သူရဇ္ဇ  = အန္တော - နာမသင်္ချာပြုသော် ( + ၇ = ၈) ရ၏

အမြိတ္တ = ဝံသေ - နာမသင်္ချာပြုသော် (+ ၆ = ၁ဝ) ရ၏။

ယင်းနှစ်ရပ် ပေါင်းသော် (၁၈) အဋ္ဌာရသကိန်း ရ၏။

အထက်ပါ ဓါတ်လေးပါးကို ထပ်၍ ပေါင်းသော် - ( ၁၈ + ၁၈ = ၃၆)၊ ထပ်၍ မိဿကပြုသော် ( ၃ + ၆ = ၉) နဝင်းကိန်း သင်္ချာရ၏။ ယင်းကား ဓါတ်လေးပါး အသီတိကိန်းမှ လာသော (ကိုးနဝင်း) မည်၏။

တနည်းအားဖြင့်လည်း  -

မြေထုယူဇနာကိန်း        -           ၂၄ဝဝဝဝ

ရေထုယူဇနာကိန်း        -           ၄၈ဝဝဝဝ

လေထုယူဇနာကိန်း       -           ၉၆ဝဝဝဝ

မီးထုယူဇနာကိန်း          -           ၁၉၂ဝဝဝဝ

ကိန်းအားလုံးကို အရပ် (၈)မျက်နှာနှင့် စား၍ သုည အားလုံးခြေသော် - ၃ ၊ ၆ ၊ ၁၂ ၊ ၂၄ အသီးသီး ရ၏။ မြေနှင့်ရေ ပေါင်းသော် ၃+ = ၉ ၊ လေနှင့် မီးပေါင်းသော် ၁၂ + ၂၄ = ၃၆၊ ထို(၃၆)မှ  ၃ + ၆ = ၉၊ ဖော်ပြပါ ဓါတ်ကြီးလေးပါးကို ပေါင်းပြန်သော် ( ၉ + ၉ = ၁၈) အဋ္ဌာရသကိန်း ဖြစ်လေ၏ ။ ယင်းကိန်း ( ၂) ရပ် မြှောက်ပြန်သော် ( ၉ × ၉ = ၈၁) မိဿက ပြုပြန်သော် (၈+ ၁ = ၉ ) ရပြန်

ထို့ကြောင့် (၉)ဂဏန်းသည် လောက၌ အကြီးအမှူး ဖြစ်၏။ အချုပ်အချာဖြစ်၏။ “အစွမ်းသတ္တိရှိ၏၊ တော၊ တောင်၊ ရေမြေ၊ နေလ၊ နက္ခတ်တာရာ၊ စကြာဝဠာ တို့ကိုလည်း ကြီးစိုး လွှမ်းမိုးထား၏။ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက - ဟူသော လောကသုံးပါး ရှိရာတွင် ဩကာသလောက၏ အကြီးအမှူး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် (၉)ခုသင်္ချာသည် မဟာဘူတ ဓါတ်ကြီးလေးပါး၏ မူလသင်္ချာ ဖြစ်သောကြောင့်တည်း” ဟု ဆရာအောင်၏ မဟာဘူတဋီကာမှ ပြဆိုထားပါသည်။

အဋ္ဌာရသကိန်း ဟူ၍လည်းရှိသေး၏။ အဋ္ဌာရသကိန်း၏ အကျိုးကျေးဇူးကား ရေတွက်၍ မကုန်နိုင်၊ နိဗ္ဗာန်တိုင်အောင် ပေါက်မြောက်နိုင်၏။ (ဓါတ် တစ်ဆယ့်ရှစ်ပါး ၊ တနည်း ဝေဒနာ တဆယ့်ရှစ်ပါးကို သုညတဆိုက်အောင် ရှုပွားနိုင်က နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏ - ဟု မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်ဟောစဉ်မှာ ဟောထားပါသည်။ လောကီ၌ကား အန္တိမဓါတ်အထိ ပေါက်မြောက်နိုင်၏။ ထို့ကြောင့် ရှင်မထီးကျမ်း - “ပေး၍မကုန် ပဒေသာကဲ့သို့ ဝပြောကုန်၏၊ အလုံးစုံဋ္ဌာရသ၊ ဓနအမျိုး၊ ပြည့်စုံဖြိုးသည်၊ ကျမ်းရိုးလေးဝ အမှန်တည်း” ဟု လည်းကောင်း၊ ကပ္ပါလင်္ကာရကျမ်း၌ . . . ”အဋ္ဌာရသ၊ ကျေးဇူးစသား၊ တေဇကျော်ဟိုး၊ သိဒ္ဓိမျိုးကို၊ အစိုးရစွာ၊ အက္ခရာစု၊ လေးခုသောဓါတ်၊ လေးရပ်ဒေသ” . . . ဟု လည်းကောင်း၊ အဋ္ဌာရသအကျိုး၊ အမျိုးမျိုး ဖွင့်ဆိုကြကြောင်း ဆရာအောင်မဟာသူတဋီကာ စာမျက်နှာ (၃၁ မှ ၃၅)မှာ အကျယ် ဖွင့်ဆိုပြထားပါသည်။

အထက်ဖေါ်ပြခဲ့သည်တို့မှာ သတ္တလောက၏ တည်ရာဖြစ်သော ဩကာသလောကဟု ခေါ်သော မြို့ပြပြည်ရွာ တည်ဆောက်ရေးကိစ္စများမှာလည်း အင်္ဂဝိဇ္ဇာ၊ ဝေဒပညာများ အရေးပါကြောင်း တစ်စုံတစ်ခုသော သံသယ ရှင်းစေလို၍ ဓါတ်ကြီးလေးပါး၏ မူလ (ကိုးနဝင်း)ကို အကျယ်ချဲ့၍ ပြဆိုရခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရှေးရှေးသော အဘိညာဉ်တန်ခိုးရ - ရသေ့သူတော်စင်များ တီထွင်ခဲ့ကြသော မိတ်၊ ဓါတ်၊ နဝင်း စီရင်ထုံးများနှင့်အညီ ရှေးရှေးသောမင်းများမှ “နန်း၊ မြို့ပြ၊ ပြည်ရွာများကို စီရင်ခဲ့ကြပါကြောင်း ထုံးဟောင်း သာဓက ဖွေရှာ၍ ပြလိုက်ရပါသည်။

၄။ ဒို့ရွာလေးလဲ - သာစေချင်၊ ရှေးထုံးဟောင်းသို့ ဓါတ်ပန်းဆင်

ရှေးရှေးသော မင်းမြတ်တို့သည် မိမိတို့ မြို့ရွာနေပြည်တော်ကို အေးချမ်းသာယာ စည်ပင်ဝပြောစေရန် အင်္ဂဝိဇ္ဇာ၊ ဗေဒင်ယတြာ၊ အင်းစမ၊ ဂါထာ မန္တရား - စသော ကဏ္ဍပေါင်းစုံဖြင့် စီရင်ခဲ့ကြသကဲ့သို့ ၊ ကျွန်ုပ်သည်လည်း ကျွန်ုပ် သိရှိလေ့လာရသမျှ ဗဟုသုတလေး တစွန်းတစဖြင့် ကိုယ့်ကျေးရွာ သာယာတိုးတက်ပါစေကြောင်း - အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ တတ်သည့်ပညာဖြင့် ဆောင်ရွက်ခဲ့ချင်ပါသည်။

ကျွန်ုပ်၏ ဇာတိရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်စုန်းချောင်းအုပ်စုတွင် ရှိသော ကွေ့ချောင်းရွာ ဖြစ်ပါသည်။ ချင်းတွင်းတံတား (မုံရွာ)မှ (၂)မိုင်ခန့်အကွာ – ကလေးဝ-ယာကြီး ကားလမ်းပေါ်တွင် တည်ရှိ၍ ဆက်သွယ်သွားလာရေး အဆင်ပြေပါသည်။ လွန်ခဲ့သော နှစ်(၂၀)ကျော်မတိုင်မှီ ကာလများက မုံရွာကို သွားလိုလျှင် ကုန်းတတန် - ရေတလှည့်၊ မြစ်ကြောင်းခရီး ရွက်စုံဖွင့်၍ တက်ဖြင့် လှော်ခတ်သွားရသော ခေတ်ဖြစ်၍ အလွန်ပင် ဝေးသော်လည်း တစ်နေ့တာ အချိန်ပေးခဲ့ရသော ခရီးခဲ ဖြစ်ခဲ့ပါသည်။ ယခုအချိန် အောင်ဇေယျ မြို့သစ်စီမံကိန်း၊ ဈေးလည်း ရှိလာပြီ ဖြစ်၍ မြစ်ကိုကူး၍ မုံရွာကို သွားဝယ်ရန်လည်း မလိုတော့။ အကြောင်းကြီးငယ်ရှိလျှင် တံတားကို ဖြတ်ကျော် မုံရွာခရီး မိနစ်ပိုင်းမျှနှင့် သွားနိုင်ပြီး - အိမ်တိုင်း လျှပ်စစ်မီးနှင့် ယခင်ကနှင့် မတူတော့။ အစစ တိုးတက်ပြောင်းလဲခဲ့ပါပြီ။ ကွယ်လွန်ခဲ့ကြပြီးသော အဖိုး၊ အဖွား၊ မိဘများ မြင်စေချင်စမ်းပါဘိ။ လက်ရှိ အခြေအနေထက် ပို၍၊ ပို၍ တိုးတက်ကောင်းမွန်စေရန် ရည်သန်၍ ကျွန်ုပ်တတ်သိသမျှ ဓါတ်ပညာဖြင့် ကိုယ်ရပ်ကိုယ့်ရွာ သာယာရေး တဖက်တလမ်းမှ အားပေးကူညီခဲ့ပါသည်။

၅။ နှောင်းလူများကို သိစေချင် - သမိုင်းဖြစ်ရပ် မှတ်တမ်းတင်

ကျွန်ုပ် နေ့စဉ် မှတ်တမ်းအရ -

(၁)       (၅.၂.၂၀၁၆) သောကြာနေ့ နံနက် (၁၀)နာရီ၊ စန္ဒောအချိန် ၊ ကလေးဝ-ယာကြီးလမ်းဘေးမှာ (ကွေ့ချောင်းရွာ) ဟူသော ဆိုင်းဘုတ်ကို ကျွန်ုပ်ကိုယ်တိုင် သပြေပန်း(၁၁)ခက် ကိုင်ဆောင်၍ ဆိုင်းဘုတ် ထိပ်ထောင့်(၂)ဖက်မှာ နေနှင့်လ သင်္ကေတ စမများ ရေး၍ ကဗ္ဗည်း စိုက်ထူပေးသည်။

*ဆိုင်းဘုတ်ထူသော ပုဂ္ဂိုလ်များမှာ -


ဒေါက်တာနွယ့်ဝင်း        တနင်္ဂနွေ         

ဦးကျော်ပိုင်                  တနင်္လာ                       

ဦးသံချောင်း                 သောကြာ        

(၁ + ၂ + ၆ = ၉) (ကိုးနဝင်း)




           အထက်ဖော်ပြပါ - သပြေ ၊ နွယ့်ဝင်း၊ နေလ စမများသည် တနင်္လာနံ (ကွေ့ချောင်းရွာ)ကို ကောင်းကျိုးပြုကြောင်း ၊ အင်္ဂဝိဇ္ဇာလေ့လာသူတိုင်း သိပြီး ဖြစ်ပါသည်။

(၂)        (၁၄.၅.၂၀၁၆) စနေ့ နံနက်(၈)နာရီ ကွေ့ချောင်း (တနင်္လာနံ) နဝင်းပေါ်ချိန် ဂုရုအခါမှာ သပြေ ပန်းများကို ကိုင်ဆောင်၍ ကျွန်ုပ်မှ ကျေးရွာအုပ်ချုပ်ရေးရုံးကို ပန္နက်ရိုက်ပေးခဲ့သည်။ ထိုအချိန်သည် တနင်္လာနံအမည်ရှိသူတို့ ပြောဆိုလုပ်ကိုင်သမျှ အောင်မြင်သော အချိန် ဖြစ်သည်။ တနည်းအားဖြင့် ကွေ့ချောင်းရွာ တနင်္လာနံ ဩဇာအဏာပါဝါ အရှိဆုံးအချိန် ဖြစ်သည်။ တနင်္လာနံ ပို၍ ကောင်းအောင် တနင်္လာနံကို ကောင်းစေသော နွယ့်ဝင်းမှ သပြေပန်းများဖြင့် ပန္နက်ဓါတ်ဆင်ပေးခဲ့သည်။

(၃)       (၁၃၇၈ ခု ၊ တပေါင်းလပြည့်ကျော် (၄)ရက် ၊ ကြာသပတေးနေ့ (၁၆.၃.၂ဝ၁၇)နေ့သည် (ကိုးနဝင်းရသော) အမြိတ္တစုတ် - နေ့ကောင်းရက်မြတ် ဖြစ်သည်။ သို့ဖြစ်၍ ကွေ့ချောင်းရွာသူရွာသားများနှင့် နယ်သူနယ်သားများ ပြည့်စုံကုံလုံ ကြွယ်ဝချမ်းသာခြင်းသုခနှင့် ပြည့်စုံ၍ ရန်အပေါင်း ကွယ်ပျောက်၊ ကျက်သရေမင်္ဂလာ ဘုန်းတန်းခိုး ဝေဖြိုးမောက်ကြစေဘို့ “နေလဝိဇ္ဇာမုခ်ဂူဘုရား တည်ထားပူဇော်ရန် ပန္နက်တော် မင်္ဂလာ စတင်ခဲ့ပါသည်။

ရှေးနှစ်ပေါင်း (၂ဝဝ)ကျော်က တည်ထားခဲ့သော ကွေ့ချောင်းရွာ၏ အနောက်မြောက် (တေဇ)အရပ်ရှိ မြေခွေးတောင် (ခေါ်) မြေဖွေးတောင်စေတီတော်မှာ မုခ်နှင့် ဆင်းတုတော်များ မရှိသေး၍ ရွာကျောင်းမှ ဆရာတော်ဦးပညာဇောတအား တပည့်တော်၏ ဇာတိရွာ - ရွာသူရွာသားများအား တပည့်တော် လေ့လာမိသ၍ ပညာဖြင့် ကူညီစောင်မ၊ ကုသိုလ်လည်း ရကြစေရန် “နေလဝိဇ္ဇာ” ဟူသောမုခ်ဖြင့် “ဘိသက္ကရာဇာ လာဘမုနိ” ဟူသော ဆင်းတုတော် ပူဇော်လိုကြောင်း လျှောက်ထားရာ ဆရာတော်မှ ဆောက်လုပ်လှူဒါန်းကိုးကွယ်ခွင့်ပြုသဖြင့် - ထိုနေ့  နေ့လည် (၁း၃၀) နာရီကျော်၊ စန္နြောအချိန်မှာ ဒန့်ဒလွန်သား (၉)ချောင်းဖြင့် မန္နက်တင်မင်္ဂလာ စခဲ့ပါသည်။

အထက်ပါ “နေလဝိဇ္ဇာ”မုခ် ဂူဘုရား တည်ထားကိုးကွယ်ရာတွင် ထူးခြားသော အစီအရင်များမှာ -

(က) အမြိတ္တစုတ်ရက်ဟူသည် ကြာသပတေးနေ့တွင် လဆန်း(၄)ရက်၊ သို့မဟုတ် လဆုတ် (၄)ရက် တစ်ရက်ရက်ကြုံပါက (နဝင်းလည်းရ၍) ရက်ကောင်းရက်မြတ် ဖြစ်သည်။ ထိုရက်နေ့မှာ ပန္နက် စတင်ခဲ့ခြင်း ၊


        


(ခ) ကျွန်ုပ် ဆောင်ရွက်သမျှ အောင်မြင်ပြီးမြောက်စေနိုင်သော ၊ ကျွန်ုပ်၏ နာမည်နှင့် နေလ တို့မှာ သာစည်ကြိုးဖြစ်သော စန္ဒောအချိန်ဖြစ်ခြင်း၊

() ကိုင်ဆောင်သော သပြေပန်း (၁၁) ညွန့်သည် ပင်းယ - ဟူသော ကောင်းကျိုးအဆောင် ဖြစ်ခြင်း၊

(ဃ) ဒန့်ဒလွန် (၇ + ၇ + ၄ = ၁၈) (အဋ္ဌာရသနဝင်း)

(င) ဘုရားမုခ်ဂူ ပမာဏ (၅' × ' × ၇ ' = ၁၈) (အဋ္ဌာရသနဝင်း)

(စ) မုခ်ဝ နဂါးနှစ်ကောင် (၇ + + ၇ + = ၁၈) (အဋ္ဌာရသနဝင်း)

(ဆ) နေလဝိဇ္ဇာ ဆုတောင်းပြည့် မြတ်စွာဘုရား = ၅၄ (စတုပညာသနဝင်း)

(ဇ) ဘွဲ့တော် - ဘိသက္ကရာဇာ လာဘမုနိ = ၄၅ (ပဉ္စဇယနဝင်း)

(ဈ) ဆင်းတုတော် ဉာဏ်တော် = ၂၇" (သတ္တဗီသနဝင်း)

(ည) လက်ျာပုခုံးတော် အထက် - နေကိုယ်စားပြု ဒေါင်းတံဆိပ် သူရိယ (၆ + ၈ + ၄ = ၁၈) အဋ္ဌာရသနဝင်း

(ဋ) လက်ဝဲပုခုံးတော် အထက် - လကိုယ်စားပြု ယုန်တံဆိပ် စန္ဒရ (၃ + ၇ + ၈ = ၁၈) အဋ္ဌာရသနဝင်း

(ဋ္ဌ) ဆင်းတုတော် ပလ္လင်အောက်မှ အင်း = စမ္ပါနဝအင်း (အဋ္ဌာရသနဝင်း)

(ဍ) အင်းဆံစမ (တောင်းဆုပြည့်စေ) = ၁၈ (အဋ္ဌာရသနဝင်း)

(ဎ) အင်းဆံပေါင်းလဒ် (အောင်စေမည် ) = ၁၃၅ (အတိတ်ကောင်း)

(ဏ) အင်းအရံ စမ        = ၁၈  (အဋ္ဌာရသနဝင်း)

သံ ၊ ဂုံ ၊ ပ ၊ မ = ၁၈  (အဋ္ဌာရသနဝင်း )

(တ) ပန္နက်ရိုက်စဉ် ရွတ်ဖတ်သရဇ္ဈာယ်သော ဂါထာတော်များမှာ -

·         ဇယန္တော ဂါထာတော်

·         သုနက္ခတ္တံ ဂါထာတော်

·         သမ္ဗုဒ္ဓေ ဂါထာတော် (အဋ္ဌာရသနဝင်း)

·         ဒုက္ခပတ္တာစ နိဒုက္ခာ - မေတ္တာပို့

ကျွန်ုပ်၏အသက် (၇၂) (ကိုးနဝင်း)

ဘုရားအတက်လမ်း အနောက်မုခ်တည်သော ကောဇာသက္ကရာဇ် = ၁၃၈၁ ခု = ၉ (ကိုးနဝင်း)

သာသနာတော်နှစ် (၂၅၆၃) = ၉ (ကိုးနဝင်း)

(ထ) ဘုရားပန္နက်ရိုက်သောနေ့မှာ အခြားတစ်အိမ်မှ ကျွန်ုပ်အိမ်မှာ ပူဇော်ရန် အလိုတော်ပြည့် တစ်ဆူ ပို့လာကြွလာသည်။ အတိတ်ကောင်းနိမိတ်ကောင်း ဖြစ်ခြင်း  

( ဒ ) နေလဝိဇ္ဇာ ဆုတောင်းပြည့်စေတီတော် တောင်တက်လမ်း အနောက်ဖက်မုခ်ဦး တည်ဆောက် ရခြင်း၏ အဓိကရည်ရွယ်ချက်-

ဆရာတော် ဦးပညာဇောတထံမှ စုံစမ်းသိရသ၍ ထိုမြေဖွေးတောင်ဘုရားကို စုန်းချောင်း အနောက်ရွာမှ ယခုသက်ရှိ အသက် (၈၃)နှစ်ခန့်ရှိ ဦးဘဂျမ်း၏ မိခင် ၊ အသက် (၁၀၄)မှာ ကွယ်လွန်သူ ဒေါ်ပုံကြွယ်၏ ဦးကြီးဖြစ်သူ ဦးကောင်းမှ ရှေးနှစ်ပေါင်း (၂ဝဝ)ကျော်က တည်ခဲ့သော ဘုရားဟု သိရပါသည်။ ကျွန်ုပ်တို့ ကလေးဘဝကထဲက ပျက်စီးယိုယွင်း၊ ပြိုကျနေပြီး ဘုရားငုတ်တို၊ ဘုရားကုန်းဟု အများခေါကြသည်။ ရွာကျောင်းဆရာတော် ဦးပညာဇောတနှင့် လူငယ်များမှ စုပေါင်း၍ (၁၃၃၂)ခု၊ ပြာသိုလပြည့်ကျော်(၈)ရက်နေ့မှာ ပြန်လည်ပြုပြင်၍ ရောင်တော်ဖွင့်ပြီး ကွေ့ချောင်းရွာ ဦးရွှေမြိုင်+ဒေါ်ဌေးရင် မိသားစုမှ (၁၀.၅.၂၀၁၇)နေ့မှာ ရွှေထီးတော်အသစ် တင်လှူခဲ့ကြပါသည်။ ဘွဲ့တော် သီးခြားမရှိသေးသဖြင့် နောင်လာနောက်သားများ အမည်တပ်၍ ပူဇော်နိုင်ရန်နှင့် ကွေ့ချောင်းရွာသူရွာသား၊ နယ်သူနယ်သား ယုံကြည်ကိုးကွယ်သူ လူအများတို့ဘဝ တိုးတက်သာယာ၊ ကျန်းမာချမ်းသာ၊ ရန်ဘယာဘေးကင်းဝေးစေရန် ဆန္ဒမွန်ဖြင့် (၂၈..၂၀၁၉) မြန်မာသက္ကရာဇ်(၁၃၈၁)ခု၊ ဝါဆိုလပြည့်ကျော် (၁၂)ရက်၊ တနင်္ဂနွေနေ့ ရက်ရာဇာ၊ မုဆိုးရွှေအိုးရကိန်း စန္ဒောအချိန် နံနက် (၁၁း၁၅)နာရီအချိန် မုခ်ဦးပန္နက် စခဲ့ပါသည်။

ကွေ့ချောင်းကျေးရွာနေ ၊ ရွာသူရွာသားအားလုံး ကျန်းမာ၊ချမ်းသာ၊ ဘေးရန်ကွာ၊ အန္တရာယ်ကင်း၍ လိုရာဆန္ဒ ပြည့်ဝပါစေကြောင်း ရည်သန်၍ “နေလဝိဇ္ဇာ- ဆုတောင်းပြည့် စေတီတော်” ဟူသော ဘွဲ့တော် ပူဇော်သမုတ်ပြီး မုခ်ဦးကို အောင်အတိတ် အောင်နိမိတ်များဖြင့် စိုက်ထူခဲ့ပါသည်။




အထက်မှာ ဖော်ပြခဲ့သော လုပ်ဆောင်ချက်များသည် အင်္ဂဝိဇ္ဇာပညာ၊ ဝေဒပညာများကို အခြေခံ၍ သက်ရှိ လူသား တို့၏ တည်ရာ၊ မှီရာဩကာသလောက ဖြစ်သော မြို့ပြကျေးရွာများကို စည်ပင်သာယာဝပြော အေးချမ်းသာယာအောင် ရှေးရှေးသော ဆရာကြီးများ တီထွင်ခဲ့ကြသော ဂမ္ဘီရအစီအမံ နည်းပညာ၊ ရှေးရှေးမင်းများ၏ စီရင်ထုံးများကို နည်းမှီ၍ ကျွန်ုပ်တတ်သိသမျှ အခြေခံနည်းပညာဖြင့် လက်တွေ့အကောင်အထည်ဖော် သုတေသနပြုခဲ့ပုံကို ကျွန်ုပ်၏ရွာမှ နောင်လာနောက်သားတို့ မှတ်တမ်းအဖြစ် သိရှိစေရန် နေ့စွဲများဖြင့် ရေးသားဖေါ် ပြလိုက်ပါသည်။

၆။ နိဂုံး

ယနေ့ခေတ်ကာလသည် အနောက်တိုင်းခေတ်လွန် I.T နည်းပညာများ၊ ထွန်းကားလာသည်နှင့်အမျှ မြန်မာတို့၏ ရှေးရိုးနည်းပညာဖြစ်သော အင်း၊ အိုင်၊ လက်ဖွဲ့၊ ခလဲ့၊ မန္တရား၊ မန္တာန်၊ ဗေဒင်၊ ယတြာ - စသော အစီအရင်များကို ခေတ်လူများ အလေးမထား၊ မလိုက်စား၊ မလေ့လာကြတော့ပါ။ နာမ်ပိုင်းဆိုင်ရာ ပညာများဖြစ်သော ဝိဇ္ဇာအတတ်၊ ဂမ္ဘီရအတတ်ပညာများသည် ယုံကြည်မှုရှိဖို့လည်း လိုပါသည်။ ယုံကြည်မှု သဒ္ဓါတရားရှိမှလည်း စွမ်းပေါက် အောင်မြင်အောင် လေ့လာကျင့်ကြံပွားများ အားထုတ်ကြပါမည်။ သို့မှလည်း မိမိ၏လုပ်ဆောင်ချက်၊ ရည်မှန်းချက် အောင်မြင်မည် ဖြစ်ပါသည်။

ထိုယုံကြည်မှုသည်လည်း ကျိုးကြောင်းမဲ့ ယုံကြည်မှု မဟုတ်ကြောင်း သိစေရန် ဘုရားသခင် ဟောကြားတော်မူသော၊ သက်ရှိသက်မဲ့ အရာအားလုံး အဋ္ဌကလာပ် ရုပ်ရှစ်ပါး ပါရှိကြောင်း၊ ထိုအဋ္ဌကလာပ်ရုပ်မှာ ပါသော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော - ဟူသော ဓါတ်ကြီးလေးပါး၊ အာကာသပါ ဓါတ်ကြီးငါးပါးတို့သည် - လောကီ ဂမ္ဘီရပညာ၊ အင်္ဂဝိဇ္ဇာ၊ ဝေဒပညာတို့မှာ ပါသော အန္တော၊ ဂမ္ဘေ၊ စရေ၊ ဝံသေ - ဟူသော  ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓါတ်ကြီးလေးပါး၊ နဝင်းဓါတ်များနှင့် ဆက်စပ်နေပါ၍ လောကသုံးပါးကို ကောင်းအောင်၊ အကျိုးရှိအောင်၊ ဂမ္ဘီရ ပညာများဖြင့် စီရင်ဖန်တီးနိုင်ပါကြောင်း သိစေရန်၊ မြန်မာတို့၏ မူပိုင် ဓါတ်ပညာများကို အလေးထား မြတ်နိုးထိန်းသိမ်းတတ်ကြစေရန် - အထောက်အထားအဖြစ် မန္တလေးနန်းမြို့တော် တည်ဆောက်ပုံနှင့် ဒို့ကျေးရွာသာယာရေး သုတေသနပြုလုပ်ခဲ့ပုံကို နမူနာပြု၍ - မြန်မာ့ရိုးရာ ဓါတ်ပညာများဖြင့် လောကကြီးကို အလှဆင်နိုင်ပါကြောင်း - “နက္ခတ္တနယဆေးပညာ ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ” ဟူသော အပိုင်း (၃)ဖြင့် တင်ပြအပ်ပါသည်။

သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာအားလုံးသို့ ထာဝရ ဦးခိုက်လျှက်

   ဒေါက်တာနွယ့်ဝင်း

ကထိက/ဋ္ဌာနမှူး (ငြိမ်း)

ခန္ဓာဗေဒဋ္ဌာန ၊ တိုင်းရင်းဆေးတက္ကသိုလ်

       (၂၂.၈.၂၀၂၀)

(၁၃၈၂) ခု ၊ ဝါခေါင်လဆန်း (၄)ရက်