Pages

Tuesday, May 12, 2026

'နက္ခတ္တနယဆေးပညာ ဘက်စုံပြန်လည်ဖော်ထုတ်ရေး' စာတမ်း၊ ၂၀၁၉

 ၁။ ခေါင်းစဉ် (Title)                  နက္ခတ္တနယဆေးပညာ (Medical Astrology) ဘက်စုံပြန်လည်ဖော်ထုတ်ရေး

၂။ စာတမ်းရှင် (Author)          ဒေါက်တာနွယ့်ဝင်း၊ ကထိက/ဌာနမှူး(ငြိမ်း)၊ ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလေးမြို့

၃။ နိဒါန်း (Introduction)

            နယကြီးလေးပါးကို မြန်မာတို့၏ ဆေးပညာအမွေအနှစ်အဖြစ် သတ်မှတ်၍ ဆက်လက်ထိန်းသိမ်း သောအားဖြင့် တိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ မျိုးဆက်သစ်လူငယ်များကို သင်ကြား ပေးလျက် ရှိပါသည်။ ဒေသနာနယနှင့် အာယုဗေဒနယတို့ကို မဟာဘွဲ့ပေးနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးနိုင်သော်လည်း နက္ခတ္တနယဘာသာရပ်ကိုမူ တတိယနှစ်မှသာ အကျဉ်းချုံး၍ သင်ပြပါသည်။ တက္ကသိုလ်တတိယနှစ် နက္ခတ္တနယသင်ရိုးတွင် အကျဉ်းခြုံး၍ သင်ပြထားသော ကုထုံးဆေးချက်တို့မှာ -

(၁) ပါပ,သောမဂြိုဟ်များနှင့် “အာရုံလေးတန် ဓာတ်ကြိုက်ဟန်”ဟူသော အဆင်း၊ အသံ၊ အနံ့၊ အတွေ့ အထိတို့ဖြင့် ပေးကုသော ပုဂ္ဂလပညတ်ကုထုံးနှင့် နေစီးနက္ခတ်ဓာတ်စာများ

(၂) “အောင်စီမှုတ်ထွေ၊ ချွေးငုတ်လေ၏”အစချီသော ဩဠာရိကသုခုမဓာတ်ပညာနှင့် သက်ဆိုင်သော ဆောင်၊ ပျက်၊ ခိုက်၊ ငုတ်၊ လွန်၊ ဆုံး၊ ချုပ် ဟူသော သမုဌာန်တြိသတ်လင်္ကာများ

(၃) “ကြာမုံဝတ်ရင့်၊ အတင့်ပြီးသည်၊ သုံးလီစိုးအုပ် ---”အစချီသော အဌမုခဓာတ်ကျမ်းနှင့်ဆိုင်သော “နွေမိုးမရှောင်၊ စန်းနှင့်မြှောင်”ဟူသော လင်္ကာ

(၄) “သူ့ကိုနိုင်လို၊ ဆ,နှင့်ခို၊ လိုရာဆေးဖော်သုံး”၊ “ပထဝီဓာတ်ကို သတ်မည့်ဂြိုဟ်၊ အာပေါဓာတ်နှင့်မွှေ၊ ရေအငံ၊ တေဇောဓာတ်နှင့်သတ် ---”စသော ဆပွတ်လင်္ကာ၏ ကုထုံးဆေးချက်ဖြင့် ဓာတ်ခိုက်ဖြေ ခြင်း၊ တြိရန်းခိုက်၍ ရောဂါသည်းခြင်း၊ “ပဉ္စပွတ်နှင့် ဆပွတ်ကိုရှောင်”ဟူသော ဆရာ မလိုက်အပ် သော အရပ် --- စသော အင်္ဂဝိဇ္ဇာဆိုင်ရာ ကုထုံးဆေးချက်များ

(၅) “စသာရွှေကူ၊ အင်းဝသူ၊ ဆန်ဖြူတတင်းပေး”စသော နဝင်းလင်္ကာ၊ “စိန်ဉမှာ နံ့သာဝင်း၊ သင်းထုံ လှိုင်”စသော တြင်းလင်္ကာ၊ မြွေဆိပ်၊ နဂါးဆိပ်၊ မိတ္တုနတ်၊ အဆိပ်နှင့်တူသော ပါဒ်ခိုက်များ၊ “ဦးသာဝ၊ တလစီ၊ ဇီမာသဒွေး---”စသော ဂြိုဟ်ရှစ်ခွင်ပျော်သမျှလင်္ကာ၊ ကောဇာပြည့်စန်း,နက္ခတ်, အာယုနက္ခတ် စသည်တို့သည် နက္ခတ်ဗေဒင်နှင့် သက်ဆိုင်သော အဆိုအမိန့်များ

(၆) စန်းပြတ်၊ လွန်းပြတ်၊ တွက်နည်းများ၊ မိမိနေ့နှင့် တေဇကျသောအရပ်မှာ ညောင်ထောက်ခြင်း၊ အာယုကျသောအရပ်မှာ ငါး,ပုဇွန်လွှတ်ခြင်း၊ ပရိဝါရကျသောအရပ်က ကျောင်း၊ ရေကန်၊ ဘုရားမှာ ဆန်လှူခြင်း စသော ဝေဒပညာ၏ ဂြိုဟ်စားသက်ရောက်အရ ကံမြှင့်၊ကံဆင့် ယတြာချေခြင်း စသော အစီအရင်များ - စသည်တို့ကို နက္ခတ္တသင်ရိုး၏ အပိုင်း(က)အဖြစ် (၃)ပိုင်းခွဲ၍ အကျဉ်းမျှ စုပေါင်းဖော်ပြထားပြီး -

(၇) နက္ခတ်ဓာတ်တိုင်ထူ၍ ဓာတ်စာပေးခြင်းကိုမူ - တွက်ပုံနှင့်တကွ အပိုင်း(၄)ပိုင်းခွဲ၍ အပိုင်း(ခ) အဖြစ် အသေးစိတ် သင်ပြထားပါကြောင်း တိုင်းရင်းဆေးတက္ကသိုလ်၏ နက္ခတ္တနယသင်ရိုးကို ဦးစွာ တင်ပြအပ်ပါသည်။

၄။ ရည်မှန်းချက် (Objective)

(က) ယေဘုယျရည်မှန်းချက် (General Objective)

နက္ခတ္တနယသင်ရိုးလက်စွဲ အပိုင်း(က)တွင် အကျဉ်းမျှသာ ဖော်ပြထားသော ကုထုံးဆေးချက်များ၏ ကျမ်းရင်းများကို ပြန်လည်ဖော်ထုတ် အသုံးပြုရန်

(ခ) ဝိသေသရည်မှန်းချက် (Specific Objectives)

(ခ-၁)   ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ဘက်စုံအထောက်အကူပြုနိုင်ရန် အလွှာစုံ ပညာရှင်များ ပါဝင်စေရေးအတွက် တိမ်မြုပ်နေသော မြန်မာ့ဆေးပညာရပ်များကို ပြန်လည် ဖော်ထုတ်ပေးရန်

(ခ-၂)   တိမ်မြုပ်နေသော နက္ခတ္တနယဘာသာမှ ကုထုံးဆေးချက်များကို သမားတော်များ ညီလာခံသို့ တင်ပြရန်

(ခ-၃)   တိမ်မြုပ်နေသော ကုထုံးဆေးချက်များ ပြန်လည်ဖော်ထုတ်ရေး သမားတော်များညီလာခံမှ ဆန္ဒသဘောထားတောင်းခံရန်

(ခ-၄)   တိုင်းရင်းဆေးပညာရှင်များ၏ လေ့လာသင်ယူမှုစွမ်းအား တိုးမြှင့်စေရေး - ဘွဲ့၊ ဒီဂရီတို့ဖြင့် လမ်းဖွင့်ပေးရန်

(ခ-၅)   ဘွဲ့၊ ဒီဂရီ တိုးမြှင့်ပေးနိုင်ရေးအတွက် တက္ကသိုလ်တွင် နက္ခတ္တနယဌာနတစ်ခု တိုးမြှင့်ဖွဲ့စည်း ပေးရန်

၅။ အသုံးပြုသည့်ပစ္စည်းများနှင့် ဆောင်ရွက်ပုံနည်းလမ်း (Materials and Method)

            တိုင်းရင်းဆေးတက္ကသိုလ်၊ တတိယနှစ်၏ နက္ခတ္တနယသင်ရိုးလက်စွဲနှင့် ကျမ်းကိုးအညွှန်းပါကျမ်းများ (Literature Research)

၆။ တွေ့ရှိချက်နှင့် ဆွေးနွေးသုံးသပ်ချက် (Finding and Discussion)

            အထက်နိဒါန်းမှာ ဖော်ပြခဲ့သည့်အတိုင်း နက္ခတ္တနယဘာသာတွင် အကျုံးဝင်ဖော်ပြထားသော ပုဂ္ဂလ ပညတ်၊ ဩဠာရိကသုခုမ၊ အဌမုခ၊ အင်္ဂဝိဇ္ဇာ၊ နက္ခတ္တနယ၊ မဟာဘူတဝေဒဘာသာရပ်များသည် ကမ္ဘာဦး တည်စကာလ နေနှင့်လ၊ ဂြိုဟ်နက္ခတ်များ ပေါ်လာသည်မှစ၍ ဈာန်အဘိညာဉ်ရ ရသေ့သူတော်စင်များမှ အဘိညာဉ်တန်ခိုးဖြင့် ဆင်ခြင်၍ တီထွင်ထားခဲ့သော ပညာရပ်များ ဖြစ်ကြပါသည်။ နေလအပါအဝင် ဂြိုဟ်များ၊ နက္ခတ်များကို အခြေခံ၍ တည်ဆောက်ထားသော ပညာရပ်များဖြစ်၍ ဗေဒင်၊ နက္ခတ်၊ အဂ္ဂိယပ်၊ ပုဂ္ဂလပညတ်၊ အဌမုခ စသော ဓာတ်ပညာတို့သည် တစ်ခုနှင့်တစ်ခု နှီးနွယ်ဆက်စပ်၍ နေပါသည်။ သို့ပါ၍ ပုဂ္ဂလပညတ်ဓာတ်ပညာအပါအဝင် အင်္ဂဝိဇ္ဇာ၊ ဝေဒ၊ အဌမုခဓာတ်ပညာများမှာ အသက်ကိုမေး၊ အမည်မေး၍ ဆေးပေးရပါသည်။ ဤသည်ကိုပင် “ဗေဒင်ဆန်သည်၊ ပေါ့တန်သည်”ဟူသော စွပ်စွဲချက်ဖြင့် ပစ်ပယ်ခဲ့ကြပြီး အကျယ်တဝင့် ဖွင့်ဆိုသင်ပြခြင်း မရှိခဲ့ကြပါ။

သို့ဖြစ်၍ ယနေ့အချိန်မှာ ထိုပညာရပ်နှင့်ပတ်သက်သော ကျန်ရှိနေသေးသည်ပညာရှင်များကို စုစည်း၍ ပြန်လည်ဖော်ထုတ်ရန် အချိန်မီပါသေးသည်ဟု တင်ပြလိုပါသည်။

(၆-၁) ပုဂ္ဂလပညတ်ဓာတ်ပညာ

            ပုဂ္ဂလပညတ်ဓာတ်ပညာနှင့်ပတ်သက်၍ ခက်ခဲစွာ ကျက်မှတ်သင်ယူစရာမလိုဘဲ ဂြိုဟ်ရှစ်ခွင်မှ နေ့နံ များကို ပါပ၊သောမ ခွဲမှတ်၍ ရုပ်ဆေး၊နာမ်ဆေးအဖြစ် ခွဲခြားအသုံးပြုရုံဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ အသုံးပြုနိုင်ကြောင်းကို (၆.၉.၂၀၁၆)နေ့က နေပြည်တော်ကုတင်(၁၀၀)ဆေးရုံတွင် ကျင်းပပြုလုပ် သော မြန်မာ့တိုင်းရင်းဆေးပညာအတွေးအခေါ်အယူအဆနှင့် ကုထုံးဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းမှာ ကျန်းမာရေးဝန်ထမ်းသင်တန်းသား(၃၃)ဦးကိုလည်းကောင်း တိုင်းရင်းဆေးတက္ကသိုလ်တွင် (၁၅.၂.၂၀၁၇)နေ့က ကျင်းပပြုလုပ်သော (၇)ကြိမ်မြောက် တိုင်းရင်းဆေးပညာသုတေသနစာတမ်းဖတ်ပွဲမှာ ပုဂ္ဂလပညတ်ဓာတ်ပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ကြောင်းနှင့် ဆဌကမ္မအခြေခံကုထုံး (လူနာလက်စွဲ)ကို ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် အသုံးပြုနိုင်ကြောင်း စာတမ်းကို လည်းကောင်း၊ (၄.၃.၂၀၁၆)နေ့ မုံရွာတိုင်းရင်းဆေးရုံမှာ ကျင်းပပြုလုပ်သော (CTME)မှာလည်းကောင်း၊ (၁၀.၈.၂၀၁၉)နေ့က တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော (၁၀၃)ကြိမ်မြောက် (CTME)တွင် ပုဂ္ဂလပညတ်ဓာတ်ပညာဖြင့် ဝမ်းလျှောရောဂါကုထုံးကိုလည်းကောင်း၊ ပုဂ္ဂလပညတ်ဓာတ်ပညာသည် ဓာတ်စာအဖြစ်သာမက အရေးကြီးသောလူနာများကို အသက်ကယ်ပေးကုနိုင်သော ဓာတ်ပညာဖြစ်၍ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသင့်ပါကြောင်း ဆောင်းပါးအပုဒ်(၅၀)မျှရေး၍ မန္တလေးသတင်းစာနှင့် တိုင်းရင်းဆေးဂျာနယ်၊ Facebook လူမှုကွန်ယက်မှာ ပုဂ္ဂလပညတ်စာမျက်နှာဖွင့်၍လည်းကောင်း အသိပေး တင်ပြခဲ့ပြီး ဖြစ်ပါသည်။

            ပုဂ္ဂလပညတ်ဓာတ်ပညာ၏ အားသာချက်များမှာ -

(၁) “အစာလည်းဆေး၊ ဆေးလည်းအစာ” ဓာတ်စာဖြင့် ရောဂါဝေဒနာများကို ကာကွယ်ကုသပေးနိုင်ခြင်း

(၂) ပတ်ဝန်းကျင်ရှိ အရာအားလုံး၊ မီးဖိုချောင်အတွင်းမှာ၊ ဧည့်ခန်းအတွင်းမှာ၊ ကွမ်းအစ်နှင့် သနပ်ခါးတောင်း အတွင်းမှာ၊ နေရာတိုင်းမှာ ဆေးရှိနေခြင်း

(၃) အရံသင့်ဖော်စပ်ပြီးဆေးများ မရှိငြားလည်း ပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြင့် အရေးပေါ်ကုသမှု အချိန်မရွေး ပေးနိုင်ခြင်း

(၄) “ဆေးဘက်မဝင်သောအပင်မရှိ”ဟူသော ဆရာဇီဝက၏အဆိုနှင့် ကိုက်ညီခြင်း

(၅) မရှိနွမ်းပါးသူများအတွက် အဖိုးနည်းဝန်ပါ ငွေကုန်သက်သာစွာ ကုသပေးနိုင်ခြင်း

(၆) မြန်မာ့ဓာတ်စာပညာဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခြင်း

(၇) အိမ်ရှင်မတိုင်း အလွယ်တကူ သိရှိနားလည်နိုင်ပြီး မိမိမိသားစုကို ကာကွယ်စောင့်ရှောက်၍ သာမာန် ဖျားနာမှုများကို ကုသပေးနိုင်ခြင်း

(၈) ဘေးထွက်ဆိုးကျိုးများ မရှိသလောက် နည်းပါးခြင်း စသော အားသာချက်များကြောင့် “ဆရာဇီဝက တန်ခိုးဖြင့် အမျိုးကို ကယ်မည်”ဟူ၍ပင် ကြွေးကြော်သင့်သော တစ်ချိန်က ပြည်သူ့ကြားက ပြည်သူ့ ဆေးပညာ ဖြစ်ခဲ့ပါသည်။

            အထက်ဖော်ပြပါ အားသာချက်များနှင့် ပြည့်စုံနေသော ပုဂ္ဂလပညတ်ဓာတ်ပညာသည် တက္ကသိုလ် သင်ရိုးတွင် ဖော်ပြထားသော ပါပ၊သောမကို အဆင်း၊ အသံ၊ အနံ့၊ အတွေ့အထိဟူသော အာရုံလေးပါးဖြင့် ပေးကုသော “အာရုံလေးတန်၊ ဓာတ်ကြိုက်ဟန်”ဟူသော စာပိုဒ်၏ အဖွင့်ကုထုံးကျမ်းပင် ဖြစ်ပါသည်။

            သို့ပါ၍ နိုင်ငံတော်အကြီးအကဲတာဝန်ရှိသူများနှင့် တိုင်းရင်းဆေးပညာရှင်ကိုယ်စားလှယ်တော်ကြီး များမှ နက္ခတ္တနယသင်ရိုးတွင် သာမာန်မျှ ဖော်ပြထားသော ပုဂ္ဂလပညတ်ဓာတ်ပညာ ပြန်လည်ဖော်ထုတ် အသုံးပြုရေး အလေးထား စဉ်းစားပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

(၆-၂) ဩဠာရိကသုခုမဓာတ်ပညာ

            ဩဠာရိကသုခုမဓာတ်ပညာသည်လည်း ကုန်းဘောင်ခေတ်မှာ မကာရလောပဆရာတော် ခင်ကြီးဖျော် မှ ဖော်ထုတ်ခဲ့ပြီး ရတနာပုံခေတ်ဓာတ်ဆရာကြီးဦးပို၊ ၎င်းနောက် ဒီပဲယင်းမရကန်ကုန်းတဲရွာ ကျောင်းအုပ်ကြီး ဦးအောင်ဒင်မှ ဘုရားဟောဒေသနာပဋိစ္စသမုပ္ပါဒ်ကို အခြေခံ၍ ခေတ်နှင့်အညီ ကျိုးကြောင်းဆက်ဓာတ်ကျမ်း ကို (၁၉၅၆)ခုနှစ်မှာလည်းကောင်း၊ ဗုဒ္ဓနည်းကျ ဩဠာရိကသုခုမဓာတ်ကျမ်းကို ပြုစု၍ မြန်မာပြည်အနှံ့ သင်တန်းများ ပို့ချပေးခဲ့ရာ ယနေ့အချိန်အထိ မုံရွာ၊ ရွှေဘို၊ မန္တလေး၊ ပျော်ဘွယ်၊ ရန်ကုန် စသော နေရာအနှံ့ ဩဠာရိကသုခုမဓာတ်ပညာနည်းနှင့် ကုသပေးနေသော ဆရာအများအပြား ရှိနေပါသေးသည်။ ရုပ်မြင်သံကြား မှလည်း ဆရာကြီးဦးရန်အောင်နှင့် ဆရာကြီးဦးကျော်မြင့်တို့မှ သင်တန်းပို့ချနေပြီး ရွှေဘိုမှ ဆရာမကြီး ဒေါ်ခင်ပိုမှလည်း ယနေ့အချိန်အထိ သင်တန်းများပို့ချပေးလျက်ရှိပါသည်။ အဆိုပါ ဩဠာရိကသုခုမဓာတ်ပညာ သည်လည်း ဆေးဝါးမပါ ဓာတ်စာဖြင့်ပင် ရောဂါများကို ကာကွယ်ကုသပေးနိုင်သော ဓာတ်စာပညာဖြစ်၍ တက္ကသိုလ်သင်ရိုးလက်စွဲမှာပါဝင်သော “အောင်စည်မှုတ်ထွေ၊ ချွေးငုတ်လေ၏ --”အစချီသော တြိသတ်လင်္ကာ ၏ အဖွင့်ကျမ်းပင် ဖြစ်ပါသည်။

            သို့ပါ၍ ထိုဓာတ်ပညာများ အရှည်သဖြင့် ပြန့်ပွားထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ယူ၍ မြန်မာ့ဆေးပညာအမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်း သင့်ပါကြောင်း ထပ်လောင်းတင်ပြအပ်ပါသည်။

(၆-၃) အဌမုခကျမ်း

            ၎င်းကျမ်းသည်လည်း မကာရလောပဆရာတော်ခင်ကြီးဖျော်မှ ရေးသားခဲ့သောကျမ်း ဖြစ်ပါသည်။ ၎င်းကျမ်းကို လိနတ္ထလင်္ကာ(၃၁)ပိုဒ်ဖြင့် ရေးဖွဲ့ထားရာ အများသိရန် ခက်ခဲသဖြင့် ကောလင်းစီရင်စု၊ လာဂါရွာ ဆရာတော် ဦးသောမမှ အဌမုခဝိတ္ထာရဒီပနီဟူသော အဖွင့်ကျမ်းတစ်စောင်ကို (၁၂၈၂)ခုနှစ်က ရေးသားခဲ့ ပါသည်။ အဆိုပါ အဌမုခဓာတ်ပညာဖြင့်ကုသသူ ရွှေဘိုမှဆရာကြီးတစ်ဦး ရှိခဲ့ဖူး၍ ယခုကွယ်လွန်သွားပြီဟု သိရပါသည်။ ၎င်းနည်းဖြင့်ကုသနေသူဆရာများကို စုံစမ်းလျက်ရှိပါသည်။ အချိန်မီ မဖော်ထုတ်ပါက ထိုအဌမုခ ဓာတ်ပညာ ကွယ်ပျောက်တော့မည် ဖြစ်ပါသည်။

            ထိုအဌမုခဓာတ်ပညာသည်လည်း တက္ကသိုလ်နက္ခတ္တသင်ရိုးတွင် ဖော်ပြထားသော “ကြာမုံဝတ်ရင့်၊ အတင့်ပြီးသည်၊ သုံးလီစိုးအုပ် ---” အစချီသော “နွေမိုးမရှောင်၊ စန်းနှင့်မြှောင်”ဟူသော အပိုဒ်နှင့် စန်းသုဉ်း၊ စန်းငုတ်ဟူသော စာပိုဒ်တို့ကို ကျမ်းတစ်စောင်၊ပေတစ်ဖွဲ့ဖြင့် အခိုင်အခံ့ဖော်ပြထားသော ပညာရပ်ဖြစ်၍လည်း တတ်ကျွမ်းသူဆရာများကို ရှာဖွေစုစည်း၍ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသင့်သော ပညာတစ်ရပ် ဖြစ်ပါသည်။

            အဌမုခဝိတ္တာရဒီပနီမှာ ဖော်ပြထားသော ကုထုံးဆေးချက်တို့ကို ခေတ်နှင့်အညီ Health Resort, Health Trip, Health Sport, Health Spa, Health Entertainment တို့အဖြစ် ပြုပြင်ဖန်တီးပေးလိုက်ပါက အရှေ့တောင်အာရှ တိုင်းရင်းဆေးလောကမှာ တမူထူးခြားသော မြန်မာတို့၏ မူပိုင်ကုထုံး အသစ်အဆန်းများ ပေါ်ထွက်လာနိုင်ပါသည်။ သို့ပါ၍ ထိုအဌမုခဓာတ်ပညာကို နိုင်ငံတော်မှ မြန်မာ့ဆေးပညာ၏ အမွေအနှစ် အဖြစ် ပြန်လည်ဖော်ထုတ်သင့်ပါကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

(၆-၄) အင်္ဂဝိဇ္ဇာပညာ

            ၎င်းပညာသည် ပုဂံခေတ်ကပင်ရှိနေခဲ့ပြီး ကုန်းဘောင်ခေတ်ခင်ကြီးဖျော်မှ အကျယ်ဖွင့်ဆိုရေးသားခဲ့ ပါသည်။ “သူ့ကိုနိုင်လိုဆနှင့်ခို၊ လိုရာဆေးဖော်သုံး၊ ပဉ္စပွတ်နှင့် ဆပွတ်ကိုရှောင်၊ တြိရန်းနှင့် စတုရန်းကိုဆောင်၊ အမြစ်အညွန့်၊ ဘယ်မလွတ်၊ ဆပွတ်သွပ်၍ကြံ၊ အထက်ဆောင်ပန်း၊ အောက်နင်းကြမ်း၊ တခန်းယူမှီးကြ၊ တြိစတု နင်းကြမ်းပြုလော့”စသော အင်္ဂဝိဇ္ဇာနည်းများသည်လည်း ရောဂါပျောက်ကင်းစေရန် ကာကွယ်ကုသ သော နည်းများပင် ဖြစ်ပါသည်။

တက္ကသိုလ်သင်ရိုးလက်စွဲတွင် အမြွက်မျှဖော်ပြထားသော်လည်း တိုင်းရင်းဆေးပညာရှင်များ၏ပြင်ပမှာ ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲ၊ ထိန်းသိမ်းထားဆဲ တွေ့ရပါသည်။ ဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)စသော ပညာရှင်ကြီးများမှ ဦးဆောင်၍ အစုအဖွဲ့ဖြင့် ပိုမိုတိုးချဲ့အားပေးသင့်သော ပညာတစ်ရပ်ပင် ဖြစ်ပါကြောင်း။

(၆-၅) နက္ခတ္တနှင့် ဝေဒပညာ

“စသာရွှေကူ၊ အင်းဝသူ၊ ဆန်ဖြူတစ်တင်းပေး”အစချီသော လင်္ကာဖြင့် (၁၂)ရာသီ ဂြိုဟ်နက္ခတ်နဝင်း တို့၏ တည်နေပုံနှင့် ဂြိုဟ်တို့၏ တည်နေရာကာလတို့ကို တက္ကသိုလ်သင်ရိုးမှာ အကျဉ်းမျှ ဖော်ပြခဲ့ သော်လည်း နက္ခတ်ဗေဒင်လက်ရိုးကျမ်းတို့မှာ လဂ်ရာသီမှစ၍ ဓနု၊ ကဋုမ္ဗ၊ သဟဇ စသည်ဖြင့် အတန့်များ၊ ဉစ်၊ ကသစ်၊ နဝင်းတို့ဖြင့် အကျယ်ဖွဲ့၍ လူနာတို့၏ ကံ၊ ကြမ္မာကို မည်သည့်လ၊ ရာသီ၊ အချိန်တို့မှာ မည်သည့်ရောဂါ၊ မည်သည့်ဉပါဒ်အန္တရာယ် ခံစားရမည်၊ ကြုံနိုင်သည်၊ သက်သာမည်၊ ဆိုးမည်၊ အသက်အန္တရာယ်ရှိသည် စသည်ဖြင့် ကြိုတင်သိရှိကာကွယ်နိုင်သော လက်ရိုး၊ လက်ဆန်း နက္ခတ်ဗေဒင်ပညာ၊ မွေးဖွားစဉ်က ဂြိုဟ် အနေအထား ကံကြမ္မာ၊ အသက်အလိုက် ကောင်းကျိုး၊ ဆိုးကျိုး၊ အပြောင်းအလဲများ သိရှိနိုင်သော မူလ၊ ကောဇာ၊ အသက်စသော မဟာဘုတ်ကိန်းများ၊ ဂြိုဟ်စားသက်ရောက်အရ ဖြစ်ပေါ်လာနိုင်သော ဖြစ်ပေါ်နေ သော ရောဂါဝေဒနာများ၊ စိတ်နှင့် သက်ဆိုင်သော ပြဿနာများ၊ ကားမှောက်၊ ဗိုက်ခွဲ၊ မြွေကိုက်၊ ရေနစ်၊ လေဖြတ် စသည်ဖြင့် အမည်တပ်၍ မှန်းဆနိုင်သော ရှေ့ဖြစ်လာနိုင်ချေရှိသော ဉပါဒ်အန္တရာယ်များကို ရှောင်လွဲ ကုသနိုင်သည့် သာဝိတ္တိဆန်းစသော ဗေဒင်ပညာရပ်များသည် ယတြာများဖြင့် ကုသရုံသာမက ဖြစ်ပေါ်လာနိုင်ချေရှိသော ရောဂါဝေဒနာ၊ ဉပါဒ်အန္တရာယ်များကိုလည်း မြန်မာ့နည်းယတြာပညာဖြင့် ကြိုတင် ကာကွယ် ရှောင်လွဲ၍ ရပါသည်။

တနည်းအားဖြင့် အနောက်တိုင်းဆေးပညာမှ စက်များဖြင့် စမ်းသပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ရောဂါများကို တစ်နှစ်တစ်ခါဆေးစစ်၍ ကာကွယ်ကုသကြသကဲ့သို့ မြန်မာ့ဆေးပညာမှာလည်း နက္ခတ္တဝေဒနှင့် ဗေဒတ္ထနယနည်းတို့ဖြင့် လူတစ်ဦးချင်း၏ ရှေ့လာမည့်ကံကြမ္မာ၊ ရောဂါဝေဒနာ၊ ဉပါဒ်အန္တရာယ်များကို နက္ခတ္တဝေဒနည်းများဖြင့် ဂြိုဟ်များကို စစ်ဆေး၍ ကာကွယ်ကုသနိုင်ပါကြောင်း။

သို့ပါ၍ နက္ခတ္တနယသင်ရိုးလက်စွဲမှာ အမြွက်မျှဖော်ပြခဲ့သော နက္ခတ္တနှင့်ဝေဒဆိုင်ရာ နဒီနက္ခတ်ပညာ၊ မဟာဘုတ်နှင့်သာဝိတ္ထိဆန်းပညာကဲ့သို့သော ဝေဒပညာများကိုလည်းပြန်လည်အားပေး၍ မြန်မာ့ဆေးပညာ၏ ကံကြမ္မာဂြိုဟ်စစ်ဆေး၍ ယတြာတို့ဖြင့် ကာကွယ်ခြင်း၊ ကုသခြင်း ကဏ္ဍတစ်ရပ်အဖြစ် အားပေးဖော်ထုတ်သင့် ပါကြောင်း တင်ပြအပ်ပါသည်။

(၆-၆) ဓာတ်တိုင်ဓာတ်စာဖြင့် ပေးကုခြင်း

တက္ကသိုလ်သင်ရိုးမှာ နက္ခတ်ဓာတ်တိုင်ထူ၍ ဓာတ်စာပေးကုခြင်းပညာရပ်ကို အကျယ်တဝင့် သင်ပြပြီး ဖြစ်ပါသည်။ သို့သော် ဓာတ်တိုင်ဓာတ်စာဖြင့် ပေးကုသောဆရာများမှာ အလွန်ရှားပါးကြောင်း သိရပါသည်။ ထိုဓာတ်တိုင်နည်းဖြင့် ပေးကုနေသောဆရာများ ပြန်လည်အားဖြည့်စုစည်း၍ ဓာတ်စာ၏အကျိုးသက်ရောက်မှု များကို သုတေသနပြုလုပ်ပါက နက္ခတနယ၏ဓာတ်စာကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ပါကြောင်း အကြံပြုအပ် ပါသည်။ 

၇။ ကောက်ချက်ဆွဲခြင်း၊ အကြံပြုတင်ပြခြင်း (Conclusion and Suggestion)

သမားတော်ညီလာခံသို့ ဤစာတမ်းတင်ပြရခြင်းမှာ -

(၁)       “တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ သတ်မှတ်ပေးရမည်”ဟူသော တိုင်းရင်းဆေးဆရာအသင်း(ဗဟို)၏ လုပ်ငန်းတာဝန် ဝတ္တရားအပိုဒ်(င)

(၂)       “ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ဘက်စုံအထောက်အကူပြုနိုင်ရန် အလွှာစုံပညာရှင် ပုဂ္ဂိုလ်များ ပါဝင်သော တိုင်းရင်းဆေးပညာ”ဟူသော တိုင်းရင်းဆေးပညာအကြံပေးအဖွဲ့ဉက္ကဌ ဒေါက်တာဦးမိတ်၏(၂၀.၆.၂၀၁၉)နေ့စွဲပါ အကြံပြုချက်အပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၁၄.၈.၂၀၁၉) ရက်စွဲပါစာအမှတ် ၂၀ မ(သ)၂၀၁၉ (၃၁၈၃)/၁၃၄၃၁ တို့ကို ရည်ညွှန်း၍ နက္ခတ္တနယဆေးပညာ (Medical Astrology) ဘက်စုံပြန်လည်ဖော်ထုတ်ရေးဟူသော ဤစာတမ်းကို တင်သွင်းရခြင်း ဖြစ်ပါသည်။

            ထိုသို့တင်သွင်းရာတွင် မိမိသဘောဆန္ဒအရ ဖြစ်စေလိုသောဆန္ဒဖြင့် လိုရာဆွဲ၍ ရေးသားတင်ပြခြင်း မဟုတ်မူ၍ တိုင်းရင်းဆေးတက္ကသိုလ်၊ နက္ခတ္တနယသင်ရိုးလက်စွဲတွင် အပိုင်း(က)အဖြစ် အကျဉ်းချုံး၍ သင်ပြ ထားသော စာပိုဒ်များသည် အကျယ်ဖွဲ့၍ ပြန်လည်ဖော်ထုတ်ပါက ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ အခိုင်အမာ ရှိသော ကုထုံးများဖြစ်ပါကြောင်း၊ နက္ခတ္တဖြင့် ဆေးကုရာတွင် ဓာတ်တိုင်ထူ၍ ကုသောနည်းတစ်ခုသာ ရှိသည် မဟုတ်ဘဲ ဖော်ပြပါပုဂ္ဂလပညတ်၊ ဩဠာရိကသုခုမ၊ အဌမုခ၊ အင်္ဂဝိဇ္ဇာ၊ နက္ခတ္တဝေဒနှင့် မဟာဘုတ်ဆန်းပညာ တို့သည်လည်း နက္ခတ္တဆေးပညာ (Medical Astrology) ကို ထောက်ပံ့ပေးသောကုထုံးများပင် ဖြစ်ကြ၍ ကဏ္ဍအလိုက် အဖွဲ့ငယ်များဖြင့် ပြန်လည်ဖော်ထုတ်အားပေးရန် လိုအပ်ပါကြောင်း အနှစ်ချုပ်၍ တင်ပြအပ်ပါသည်။

၈။ အကြံပြုတင်ပြခြင်း (Future Plan)

            တက္ကသိုလ်မှ တိုင်းရင်းဆေးပညာ (B.M.T.M)ဘွဲ့ ရရှိရန် (၄)နှစ်တိတိ ဆေးပညာဘာသာရပ်ပေါင်းစုံကို တစ်ထိုင်တည်း သင်ယူနေကြရသောကျောင်းသားများအတွက် ယခုဖော်ပြပါ ပုဂ္ဂလပညတ်၊ ဩဠာရိက စသော ဘာသာရပ်များ ထပ်မံဖြည့်စွက်သင်ယူပါက “ဘူးလေးရာ ဖရုံဆင့်”သကဲ့သို့ ဖြစ်ပါမည်။ ထိုသို့မဖြစ်စေရန် “အစာလည်း‌ဆေး၊ ဆေးလည်းအစာ”ဟူသော ဓာတ်စာ၏အခြေခံ ပုဂ္ဂလပညတ်သင်ပုန်းကြီးအဆင့်ကို တစ်နေ့လျှင် (၂)နာရီနှင့် (၅)ရက်မျှ စတုတ္ထနှစ်သင်တန်းသားများကိုလည်းကောင်း၊ ပုဂ္ဂလပညတ်အခြေခံ ဓာတ်စာ (သာမာန်ဆရာဖြစ်အဆင့်)ကို အလုပ်သင်ကာလမှာ (၂)ပတ်သင်တန်းပေး၍ ဒီပလိုမာအကြိုအဖြစ် လည်းကောင်း၊ (B.M.T.M) ဘွဲ့ယူပြီး၍ ဆက်လက်လေ့လာလိုပါက ပုဂ္ဂလပညတ်ဆိုင်ရာ အခြေခံကျမ်းများကို (၉)လသင်ယူပြီး ရောဂါကုထုံးတစ်မျိုးမျိုးကို ပါပ၊သောမအလိုက် အာရုံ(၅)ပါးဆေးချက်တို့ဖြင့် စာတမ်း ပြုစေ၍ ပုဂ္ဂလပညတ် (ဒီပလိုမာ)အဖြစ်လည်းကောင်း၊ ထိုမှဆက်၍ ပုဂ္ဂလပညတ်နှင့် နှီးနွယ်ဆက်စပ်နေသော အင်္ဂဝိဇ္ဇာ၊ အဌမုခ၊ နက္ခတ္တ၊ ဝေဒပညာစသော နက္ခတ္တနှင့်နှီးနွယ်ကျမ်းများမှ ထုတ်နှုတ်၍ ပုဂ္ဂလပညတ် သမားဂုဏ်ပြဆေးချက်များ၊ ဘုရားဟောဒေသနာ အထောက်အထားများ ကိုးကား၍ ဆဌမကမ္မဓမ္မာရုံကုထုံး သမားဂုဏ်ပြဆေးချက်များဖော်ထုတ်ကျမ်းပြု၍ ပုဂ္ဂလပညတ်(ဆေးပညာဘွဲ့)စသည်တို့ဖြင့် အကောင်အထည် ဖော်ပါက ပြည်သူ့ကျန်းမာရေးကို ဆေးဝါးမပါ၊ ဓာတ်စာဖြင့် ပေးကုနိုင်သော ပညာရပ်တစ်ခု အရှည်တည်တံ့ နိုင်ပြီး တက္ကသိုလ်ဆင်း၊ သိပ္ပံဆင်းဆရာများသာမက တဆရှိသူ အသင်းဝင်အားလုံး၊ စိတ်ဝင်စားသူများပါ ဘွဲ့/ ဒီပလိုမာများ ရရှိနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။

            သို့ပါ၍ ဖော်ပြပါကုထုံးဘာသာရပ်များကို နက္ခတ္တနယမှာထည့်သွင်း၍ နက္ခတ္တနယဆေးပညာဌာန တစ်ခု တိုးချဲ့နိုင်ပါက မြန်မာ့တိုင်းရင်းဆေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွှာစုံမှ ပညာရှင်များလည်း ပါဝင်လာပြီး မြန်မာ့ဆေးပညာပြန်လည်တစ်ခေတ်ဆန်းလာမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

၉။ ကျေးဇူးတင်လွှာ (Acknowledgement)

ဤစာတမ်းကိုဖတ်ကြားခွင့်ပြုပါသော တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရွေးချယ်ရေးကော်မတီဝင်များအားလည်းကောင်း၊ ကျမ်းကိုးအညွှန်းပါ ဆေးပညာအသီးသီးကို ဖော်ထုတ် ရေးသားခဲ့ကြသော ဆရာများကိုလည်းကောင်း၊  သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးသို့လည်းကောင်း ထာဝရဦးခိုက် ကျေးဇူးတင်လျှက် ရှိပါကြောင်း နိဂုံးချူပ်တင်ပြအပ်ပါသည်။  

                                                                                            ဒေါက်တာနွယ့်ဝင်း

                                                   ကထိက၊ ဌာနမှူး (ငြိမ်း)

                                                                              ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်

                                               ၅/၁၀/၂၀၁၉ (နံနက် ၁:၃၀)

၁၃၈၁ ခု၊ သီတင်းကျွတ်လဆန်း (၇)ရက် (စနေနေ့)

၁၀။ ကျမ်းကိုးစာရင်း (Reference)

(၁)       တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ နက္ခတ္တနယ တတိယနှစ် သင်ခန်းစာ ပြုစုရေးကော်မတီ၏ နက္ခတ္တနယသင်ရိုးလက်စွဲ။

(၂)       ပုဂ္ဂလပညတ် (၃)စောင်တွဲကျမ်း၊ ဂျာနယ်ကျော်မမလေး။

(၃)       ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း၊ ဆရာကြီးဦးသာတင့်။

(၄)       နေလကမ္ဘာဆေးပညာ၊ ပုဂ္ဂလပညတ်ဓာတ်ကျမ်း၊ သခင်ဗသွင်၊ ၁၉၆၉။

(၅)       မြန်မာ့ဆေးပညာပေါင်းချုပ်၊ ဂျာနယ်ကျော်မမလေး၊ ၁၉၆၂။

(၆)       ပုဂ္ဂလပညတ်အလင်းပြဓာတ်ကျမ်း၊ ပထမကျော်ဆရာသိန်း၊ ၁၉၈၂။

(၇)       လောကဓာတ်ဆရာကြည်၏ သမုတိဓာတ်ကျမ်း၊ ၁၉၇၀။

(၈)       ပြည်သူ့ကြားက ပြည်သူ့ဆေးပညာ၊ ပုဂ္ဂလပညတ် အခြေခံဓာတ်စာ (သင်ပုန်းကြီးအဆင့်)နှင့် ဆရာဖြစ်သင်တန်းလက်စွဲ (မိသားစုကျန်းမာရေး)၊ ဒေါက်တာနွယ့်ဝင်း၊ ကထိက/ဌာနမှူး(ငြိမ်း)၊ ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်။

(၉)       သီတဉဏှပါစက တေဇောဓာတ်ကျမ်း၊ အခြေခံပထမတွဲ၊ နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၊ ၂၀၀၄။

(၁၀)    နေလပညာနှင့် ပါစကတေဇောဓာတ်ကျမ်း၊ နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၊ ၂၀၀၄။

(၁၁)     ပုဂ္ဂလပညတ်အဖွင့်ကျမ်းဖြစ်သော နေလဝိဇ္ဇာ ဆေးပညာဓာတ်ကျမ်း၊ နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၊ ၂၀၀၉။

 

 

 

0 comments:

Post a Comment