၁။ စာတမ်းအမည် “ပုဂ္ဂလပညတ်ဆေးပညာ၏ သဘောတရားများကို လေ့လာ
(Title) တင်ပြခြင်း”
၂။ စာတမ်းရှင် ဒေါက်တာနွယ့်ဝင်း၊
(Author) ကထိက/ဌာနမှူး(ငြိမ်း)၊ ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေး
တက္ကသိုလ်၊ မန္တလေး။
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း
(ဗဟို)။
၃။ နိဒါန်း (Introduction)
ကျွန်ုပ်သည် (၂၀၀၉)ခုနှစ်မှစ၍ ညီလာခံစာတမ်းများ မကြာခဏ တင်ခဲ့ရာ
(၂၀၁၉)ခုနှစ်မှာ တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလွှာစုံပညာရှင်
များ ပါဝင်လာစေရေးတို့အတွက် နက္ခတ္တနယဆေးပညာမှာ လိုအပ်နေသေးသော ပညာရပ်များကို ဖော်ထုတ်တင်ပြခဲ့ပါသည်။
ထိုပညာရပ်များသည် လက်တွေ့ကုသရေးမှာ အသုံးပြုနိုင်သော ပညာရပ်များဖြစ်၍ ပြန်လည်ဖော်ထုတ်သင့်ကြောင်း
ကျွန်ုပ် လေ့လာမိသမျှ အထောက်အထား ဆောင်းပါးများဖြင့် (၃)နှစ်ဆက် တင်ပြခဲ့ပါသည်။
မြန်မာသမားတော်အများစုသည် ဘုရားဟော ဒေသနာနယ ဆေးပညာကို အလေးထား လေ့လာကုသကြကြောင်း တွေ့ရှိရပါသည်။ ပုဂ္ဂလပညတ်ဓါတ်ဆေးပညာ သည်လည်း ဘုရားဟော အဘိဓမ္မာ ဒေသနာ - ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို အမှီပြု၍ မြန်မာ့ နည်း၊ မြန်မာ့ဟန်ဖြင့် တည်ထွင်ထားသော ဒေသနာဆေးပညာပင်ဖြစ်ကြောင်း၊ ဆရာ ဇီဝက၏ အဆိုအရ နေ့စဉ်မြင်တွေ့နေရသော ပတ်ဝန်းကျင်ရှိ အာရုံ(၆)ပါးနှင့် သဘာဝ အရင်းအမြစ် နွယ်မြက်သစ်ပင်တို့၏ အမည်ပညတ်များကို ဆေးအဖြစ် အသုံးပြုထားသော သဘာဝဆေးပညာ (Naturopathy) တစ်ရပ် ဖြစ်ကြောင်း တင်ပြလို၍ ဤစာတမ်းကို တင်ပြရခြင်း ဖြစ်ပါသည်။
၄။ ယေဘူယျ ရည်မှန်းချက် (General
Objective)
ပုဂ္ဂလပညတ်ဆေးပညာသည် အဘိဓမ္မာဒေသနာ၏ ပဋိစ္စသမုပ္ပါဒ်နှင့် ဝီထိ
ဖြစ်စဉ် စိတ္တနိယာမ ဇောစေတနာကိုမှီး၍ ဖော်ထုတ်ထားသော ဆေးပညာဖြစ်၍ မြန်မာတို့၏မူပိုင်
အမျိုးသားရေး ဆေးပညာအဖြစ် အသိအမှတ်ပြု ဖော်ထုတ်ပေးနိုင်ပါရန်
၅။ ဝိသေသရည်မှန်းချက် (Specific
Objectives)
(၁) ပုဂ္ဂလပညတ်ဓါတ်ပညာ၏ မျိုးရိုးဇာတိ သမားစဉ်ကို
တင်ပြရန်
(၂) ပုဂ္ဂလပညတ်ဓါတ်ပညာ၏ အခြေခံတည်ဆောက်ပုံနှင့် ဆေးချက်ချပုံတို့မှာ
ဒေသနာအလိုကျ တည်ဆောက်ထားကြောင်း ဖော်ထုတ်ပြသရန်
(၃) လက်ရှိ ဒေသနာနယဆေးပညာသည် ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုကို
အခြေခံ၍ တီထွင်ထားသော ဆေးပညာ ဖြစ်သကဲ့သို့ ပုဂ္ဂလပညတ်ဆေးပညာသည်လည်း ပဋိစ္စသမုပ္ပါဒ်အလိုကျ
စိတ်ဖြစ်စဉ်နိယာမကို အခြေခံ၍ တည်ဆောက်ထားသော ဒေသနာဆေးပညာပင်ဖြစ်၍ ရုပ်,နာမ်(၂)ပါးဖြင့်
တည်ဆောက်ထားသော ခန္ဓာကိုယ်ကြီးကို ဘုရားဟောအလိုအရ ရုပ်,နာမ်ကို အခြေခံ၍ကုသော ဆေးပညာ၏
ဖွဲ့စည်းပုံ ပိုမိုပြည့်စုံစေရန်
(၄) ဂြိုဟ်ရှစ်ခွင်ကို အခြေခံထားသော နက္ခတ္တနယနှင့်
ဝိဇ္ဇာဓရနယများကို မြန်မာ့ ဆေးပညာအဖြစ် အသိအမှတ်ပြုသကဲ့သို့ ဂြိုဟ်ရှစ်ခွင်ကို အခြေခံသော
အဋ္ဌမုခ၊ ဩဠာရိက သုခုမ၊ အင်္ဂဝိဇ္ဇာ၊ မဟာဘုတ်နှင့် ဂြိုဟ်စားသက်ရောက်၊ သုံးတန်ပေါ်နိစ်၊
ဆန်းဗေဒင်ပညာ၊ ကောင်းကင်အမြင် နက္ခတ်ပညာများကိုလည်း တိုင်းရင်းဆေးပညာ၏ အထောက်အကူပြု
မြန်မာ့ဆေးပညာရပ်များ (Para Traditional Medical Healing Systems) များအဖြစ် အသိအမှတ်ပြု
ဖော်ထုတ် လမ်းဖွင့်ပေးနိုင်ပါရန်
(၅) တိုင်းရင်းဆေးပညာရပ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အလွှာစုံ ပညာရှင် များ ပါဝင်သော မြန်မာ့ဆေးပညာတစ်ရပ် ပေါ်ထွက်လာစေရန် - ရည်ရွယ်တင်ပြခြင်း
ဖြစ်ပါသည်။
၆။ ဆောင်ရွက်ပုံနည်းလမ်း
(Materials and Method)
ကျမ်းကိုးအညွှန်းပါ ဖော်ပြထားသော ကျမ်းများ၏အဆို
လေ့လာတွေ့ရှိချက်များ အရ သုတေသနပြုသော (Literature Research) ဖြစ်ပါသည်။
၇။ တွေ့ရှိချက်များနှင့် သုံးသပ်ချက်များ
(Finding and Discussions)
ရတနာပုံခေတ်ကာလက ဓါတ်ဆရာကြီးဦးပိုသည် ထင်ရှားသော နန်းတွင်းသမားတော်
ဓါတ်စာဆရာတစ်ဦး ဖြစ်ပါသည်။ ဦးပိုသည် ဘာသာရေးပြဿနာတစ်ခုကြောင့် ကွပ်မျက်ခံရပြီးမှ ဓါတ်စာဟူသည်
အခြေအမြစ်မရှိ၊ ပျောက်ဖူးသည်ကိုသာ မှတ်သား၍ ကုသဖြင့် သေသူသေ၍ ရှင်သူရှင်သည် - ဟု ယောမင်းကြီးဦးဖိုးလှိုင်၏
မှတ်ချက်စကားအရ နောက်နောင်သော ဆေးပညာရှင်များမှလည်း အမည်မေး၍ ဆေးပေးသဖြင့် ပညာရှင်များ
မလေးစားစရာ ရယ်ဘွယ်ဆေးပညာဟူ၍ ပယ်ခဲ့ကြသည်မှာ ယနေ့ အချိန်ကာလအထိ ဖြစ်ပါသည်။
အမှန်စင်စစ် ပုဂ္ဂလပညတ် ဖြစ်လာမည့် ဓါတ်စာ၏ အရင်းအမြစ်သည် ကုန်းဘောင်ခေတ်ကာလ
မကာရလောပဆရာတော် ခင်ကြီးဖျော် ရေးသားခဲ့သော အဋ္ဌမုခဓါတ်ကျမ်းမှ ပေါ်ထွက်လာသော ဓာတ်စာ
ဖြစ်ပါသည်။ ထိုခေတ်အခါက လင်္ကာများဖြင့် လက်ဆင့်ကမ်း သင်ကြားခဲ့ကြသည့် အချိန်ဖြစ်၍
ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ အထင်အရှား မပြနိုင်ခဲ့ကြပါ။ ရတနာပုံခေတ်နှောင်းပိုင်းရောက်မှ
ပုစွန်တောင် ပေတောကုန်းရပ်နေ ဆရာသန့်မှ ဆရာတော်ခင်ကြီးဖျော်၏ အဋ္ဌမုခဓါတ်ကျမ်း၊ ပဥ္စမကဏ္ဍ
နိဂုံးမှာ ရေးထားသော အက္ခရာများ၏ နေဂိုဏ်း၊ လဂိုဏ်းကို အခြေခံ၍ ဘုရားဟောဒေသနာနှင့်အညီ
ပုဂ္ဂလပညတ်ကျမ်းဟူ၍ ကျမ်းတစ်စောင် ရေးသားခဲ့ပါသည်။
သို့ပါ၍ ယောမင်းကြီးဦးဖိုးလှိုင် မှတ်ချက်ပြုခဲ့သလို ဓါတ်စာဟူသည်
အခြေအမြစ်မရှိ၊ ပျောက်ဖူးသည်ကိုသာ အမှတ်ပြု၍ပေးသော သညာကုဆေးပညာ မဟုတ်၊ ဗေဒင်ကျမ်း၊
နက္ခတ်ကျမ်း၊ ဓါတ်ကျမ်းများစွာကို ရေးသားတော်မူခဲ့သော မကာရလောပ ဆရာတော် ခင်ကြီးဖျော်၏
အဋ္ဌမုခဓါတ်ကျမ်းမှ ဆင်းသက်လာသော ဓါတ်ပညာ ဖြစ်ကြောင်းနှင့် ထိုပုဂ္ဂလပညတ်ကျမ်းကို အခြေခံဆေးချက်တည်ဆောက်ပုံ
နှင့် ဆေးချက်ချထားပုံမှအစ ဘုရားဟောအဘိဓမ္မာဒေသနာကို မှီး၍ ဆရာသန့်မှ တည်ထွင်ဖော်ထုတ်ခဲ့ပါကြောင်း
- အောက်ပါအတိုင်း ကဏ္ဍခွဲ၍ တင်ပြလိုပါသည်။
(၁) ပုဂ္ဂလပညတ်ဓါတ်ပညာ - ခင်ကြီးဖျော်မှ
စခဲ့တာ - သမိုင်းဂုဏ်ရှိန် မသေးပါ။
မြန်မာ့ဆေးကျမ်း, ဓါတ်ကျမ်း, နက္ခတ်ကျမ်းတို့၏ ဥသျှောင် ဆရာတော်
ခင်ကြီးဖျော်မှ အဋ္ဌမုခဓါတ်ကျမ်းတစ်စောင်ကို ကုန်းဘောင်ခေတ်မှာ ရေးသားခဲ့ ပါသည်။ ထိုဓါတ်ကျမ်း၏
ပဥ္စကဏ္ဍနိဂုံးမှာ - ပညတ်တို့၏ ဓါတ်သရုပ်ကို အောက်ပါ အတိုင်း ရေးသားထားကြောင်း တွေ့ရှိရပါသည်။
နမောဗုဒ္ဓါယ၌ (န)ဟူသော အက္ခရာသည် (ရူပက္ခန္ဓာ)ဟု ဆိုအပ်သော (ပထဝီ)
ဓါတ်၌ တည်သည်ဖြစ်၍ ဆောက်တည်အပ်သော သီလသည် (ပါဏာတိပါတ)တည်း။ (မော)ဟူသောအက္ခရာသည် (ဝေဒနက္ခန္ဓာ)ဟုဆိုအပ်သော
(အာပေါ)ဓါတ်၌တည်သည် ဖြစ်၍ ဆောက်တည်အပ်သော သီလသည် (အဒိန္နဒါန)တည်း။ (ဗုဒ်)ဟူသော အက္ခရာ
သည် (သညက္ခန္ဓာ)ဟု ဆိုအပ်သော (တေဇော)ဓါတ်၌ တည်သည် ဖြစ်၍ ဆောက်တည် အပ်သော သီလသည် (ကာမေသုမိစ္ဆာစာရ)တည်း။
(ဓါ)ဟူသော အက္ခရာသည် (သင်္ခါရက္ခန္ဓာ)ဟူသော (ဝါယော)ဓါတ်၌ တည်သည် ဖြစ်၍ ဆောက်တည်အပ်သော
သီလသည် (မုသာဝါဒ)တည်း။ (ယ)ဟူသော အက္ခရာသည် (ဝိဉာဏက္ခန္ဓာ)ဟု ဆိုအပ်သော (အာကာသ)ဓါတ်၌
တည်သည် ဖြစ်၍ ဆောက်တည်အပ်သော သီလသည် (သူရာမေရယ)တည်း။ ဤခန္ဓာငါးပါးတို့သည် ရူပကာယ၌ တည်သည်
ဖြစ်၍ ရုပ် သွားရာ နာမ်ပါသည်။ နာမ်သွားရာ ပညတ်ကျသည်၊ ပညတ်ကျရာ ဓါတ်သက်ပါသည် ဟု အမြဲမချွတ်
မှတ်ကြလေကုန်ဟု ဆရာတော်ခင်ကြီးဖျော်ကိုယ်တိုင် အဋ္ဌမုခ ဓါတ်ကျမ်း၏ ပဥ္စမကဏ္ဍမှာ ပုဂ္ဂလပညတ်၏အခြေခံ
နေ့နံ၊ သင်္ချာ၊ အက္ခရာဟူသော မူလ (၃)ပါးကို စပ်၍ “တြိမူလ - ဆေးယူကြလော့”ဟု အမှာပြုပြီး
ခန္ဓာငါးပါး၊ ဓါတ်ကြီး ငါးပါး၊ စောင့်ထိန်းအပ်သော သီလငါးပါးတို့ကို (နမောဗုဒ္ဓါယ)ဖြင့်
ဓါတ်ပန္နက်၊ ဓါတ်သက်စ၍ တည်ပေးခဲ့ပါသည်။ ထိုဓါတ်ပန္နက်၊ ဓါတ်သက်ကို အခြေခံ၍ ဆရာတော်
၏ အညွှန်းအရ အမည်ပညတ်ဟူသမျှကို နေဂိုဏ်း၊ လဂိုဏ်းခွဲ၍ တည်ဆောက်ခဲ့သော ပုဂ္ဂလပညတ်ကျမ်းသည်
ရှေးဦးမဆွ ဓါတ်သက်တည်စကပင် ဒေသနာကို အခြေခံ ခဲ့သော ပညာဖြစ်ကြောင်း ဦးစွာ ပထမ တင်ပြအပ်ပါသည်။
(၂) အဋ္ဌမုခ ရွှေကျမ်းစာ -
ပုဂ္ဂလဟူ၍ ဖြစ်ပေါ်လာ
ဆရာတော်ခင်ကြီးဖျော်မှ အဋ္ဌမုခကျမ်း၏ နိဂုံးလင်္ကာကို ဘုရားဟော
ဒေသနာ တော် အလိုကျ ခန္ဓာငါးပါး၊ သီလငါးပါး၊ ဓါတ်ကြီးငါးပါးတို့ဖြင့် အခြေခံ၍ (နမောဗုဒ္ဓါယ)
ဖြင့် ဓါတ်သက်တည်ခဲ့သည့်အတိုင်း ဆရာသန့်မှလည်း နေ့နံ, သင်္ချာ, အက္ခရာဟူသော (တြိမူလ)ကို
“ပိဋကတ်ကို နှောက်၍ရှာ၊ ဗေဒင်ကြောင်းနှင့် ပေါင်းလိုက်ပါ”ဟူသော အညွှန်းအရ ပိဋကတ်သုံးပုံမှာ
အသုံးပြုသော အက္ခရာတို့ကို ဗေဒင်ကိန်းများနှင့်ညှိ၍ အပူအအေး, နေလဂိုဏ်းခွဲ၍ ပုဂ္ဂလပညတ်ပညာကို
နေသားတကျ တည်ဆောက်ခဲ့ပါ သည်။
တော(၃)တောင်မှာ ကျက်စားနေထိုင်သော (၃၃)စီးသော ဆင်ပြောင်တို့ကို
ကြိုး (၈)စင်းနှင့် တိုင်(၄)တိုင်မှာ ချည်နိုင်ပါက မလှုပ်ရှားနိုင်၊ အပြီးတိုင်၏ဟု
ပမာပြု၍ သုတ်, ဝိနည်း, အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံနှင့်တကွ လောကအားလုံးမှာ ရှိရှိသမျှ
ပညတ်အားလုံး အကျုံးဝင်သော (၃၃)လုံးသော ဗျည်းတို့ကို သရ(၈)လုံးဟူသော ကြိုး (၈)စင်းနှင့်
အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ ဟူသော တိုင်(၄)တိုင်မှာ ချည်၍ ဂြိုဟ်(၈)ခွင်မှာ ထိန်းနိုင်ကြောင်း
- (တြိမူလ)ကို အခြေခံ၍ ပုဂ္ဂလပညတ်ဓါတ်ပညာဟူ၍ ဆရာသန့်မှ တီထွင်ခဲ့ပါသည်။
အထက်ပါ အပိုဒ်(၁)မှာ ဖွင့်ဆိုခဲ့သည့်အတိုင်း ဆရာတော်ခင်ကြီးဖျော်၏
ခန္ဓာငါးပါး၊ ဓါတ်ကြီးငါးပါး၊ သီလငါးပါး - ဟူသော အခြေခံ(၃)ပါးကို နမောဗုဒ္ဓါယဖြင့်
ဓါတ်သက်တည်၍ ဖော်ထုတ်ခဲ့သည့်နည်းတူ ဆရာသန့်မှလည်း “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ”ဟူသော
အဘိဓမ္မာသဘာဝ မာတိကာအနှစ်ချုပ် အရ ဂြိုဟ်ရှစ်ခွင်မှ ဂြိုဟ်ကြီးကိုးလုံးကို ပါပဟူသော
အကုသလာဓမ္မာ၊ သောမဟူသော ကုသလာဓမ္မာ၊ နိဗ္ဗာန်ဟူသော အဗျာကတာဓမ္မာ - ဟူ၍ ဒေသနာအလိုကျ
(၃)မျိုးခွဲ၍ ပါပ၊ သောမတို့ဖြင့် တည်ဆောက်ပြခဲ့ပါသည်။ အကုသိုလ်စိတ်(၁၂)ပါးရှိ၍ ပါပတို့မှ
ရာဟုဂြိုဟ်သက်သည် (၁၂)နှစ်၊ ကုသိုလ်စိတ်(၂၁)ပါးရှိ၍ သောမတို့မှ သောကြာဂြိုဟ် သက်သည်
(၂၁)နှစ်၊ အဗျာကတာနှင့် အလားတူသော ကိတ်ဂြိုဟ်ကိုမူ လောကုတ္တရာ တရား (၉)ပါး၏အချုပ် နိဗ္ဗာန်ဟူသော
အဗျာကတအရ နဝင်း(၉)ဂဏန်းဖြင့် ပုဂ္ဂလ ပညတ်၏ အခြေခံဂြိုဟ်ရှစ်ခွင်ကို အဘိဓမ္မာအလိုကျ
တည်ဆောက်ခဲ့ပါသည်။
သို့ပါ၍ ပါပဂြိုဟ်အားလုံးတို့၏ ဂြိုဟ်သက်ပေါင်း (၃၆) ကိုးနဝင်း၊
သောမဂြိုဟ် အားလုံးတို့၏ ဂြိုဟ်သက်ပေါင်း (၇၂) ကိုးနဝင်း၊ ပါပသောမအားလုံးတို့၏ ဂြိုဟ်သက်
ပေါင်း(၁၀၈) အာကာသနဝင်းဟူ၍ (၉)ဂဏန်းဖြင့် ချုပ်ထားရာ လောကမှာ ကိလေသာ အပူမီး အားလုံးတို့၏
ချုပ်ငြိမ်းရာသည် လောကုတ္တရာ(၉)ပါးတို့၏ အချုပ် နိဗ္ဗာန် ဖြစ်သကဲ့သို့ ပုဂ္ဂလပညတ် အားလုံးကိုလည်း
နဝင်းဖြင့် ချုပ်၍ ထားပါသည်။
ဤသို့လျှင် ပုဂ္ဂလပညတ်ဓါတ်ပညာ၏ အခြေခံတည်ဆောက်ပုံကပင်လျှင် “ပိဋကတ်ကို
နှောက်၍ရှာ၊ ဗေဒင်ကြောင်းနှင့် ပေါင်းလိုက်ပါ”ဟူသော အဆိုအရ ဗေဒင်နှင့် ပိဋကတ် တစ်စပ်တည်းပြု၍
နေသားတကျ စီစဉ်၍ ထားခဲ့ပါသည်။
(၄) ဆေးချက်ချပုံ သဘာဝ - ဒေသနာနှင့်
ထပ်တူပြ
ဤခန္ဓာကိုယ်ကြီးကို ရုပ်၏အခြေခံ အဝိနိဗ္ဘောဂရုပ်(၈)ပါးနှင့် စိတ်အခြေခံ
နာမ် (၈)ပါးဟူသော ရုပ်နာမ်(၂)ပါးတို့ဖြင့် တည်ဆောက်ထားပြီး မဂ္ဂင်(၈)ပါး အကျင့်မြတ်ဖြင့် ရှုမှတ်ပွားများမှသာ သစ္စာ(၄)ပါး အသိဆိုက်၍ သံသရာဝဋ်မှ ကျွတ်လွတ်နိုင် သကဲ့သို့
ပုဂ္ဂလပညတ်ဓါတ်ပညာနည်းဖြင့် ဆေးချက်ချရာမှာလည်း ဂြိုဟ်(၈)ခွင်ဖြင့် တည်ဆောက်ထားသော
(တြိမူလ)ဟူသော ဆေးချက်များကို ပါပ,သောမ၊ ဖို,မ၊ မိတ်,ရန်၊ ရုပ်,နာမ်,နဝင်း ဟူသော အခြေခံ
(၈)ပါးနှင့် ညှိနှိုင်း၍ ဓါတ်ကြီးလေးပါးကို ပိုင်းခြားကုမှသာ ခံစားနေရသော ရောဂါဝေဒနာ
ဝဋ်ဆင်းရဲမှ ပျောက်ကင်းချမ်းသာ နိုင်ပါကြောင်း - ဆေးချက်ချပုံ သဘာဝ - ဒေသနာနှင့် ထပ်တူပြခဲ့ပါသည်။
(၅) ပဋိစ္စသမုပ္ပါဒ် အလိုကျ
- ရုပ်နာမ် (၂)ပါးကို ကုပါကြ
ခန္ဓာငါးပါးရှိ သတ္တဝါတို့မှာ ရုပ်,နာမ်နှစ်ပါးနှင့် တည်ဆောက်ထားသည်ဖြစ်၍
မကျန်းမာသော ခန္ဓာကိုယ်ကို ပုဂ္ဂလပညတ်နှင့် ဆေးကုသရာမှာလည်း ရုပ်ဓါတ်, နာမ်ဓါတ်ကို
ကုသောအားဖြင့် ရုပ်ဆေး,နာမ်ဆေးဟူ၍ ဆေးချက်(၂)မျိုးဖြင့် ကုပေးပါသည်။ ထိုသို့ ကုသပေးရာတွင်
အသုံးပြုသော ဆေးတို့မှာလည်း ဘုရားသခင် ဟောကြားတော်မူသော အာရုံ(၆)ပါးတို့ကို လူနာ၏ ပသာဒရုပ်(၅)ပါးနှင့်
ဟာဒယဝတ္တု တို့ ထိတွေ့စေပြီး ပဋိစ္စသမုပ္ပါဒ်အလိုကျ ဝီထိစိတ်ဖြစ်စဉ်၏ ဇော,စေတနာ အလိုကျ
ဖြစ်စေရန် လူနာ၏ ဓါတ်ခံနှင့်သင့်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ယုံကြည်မျှော်လင့်ချက်ဖြင့်
ပြုလုပ်သော ဆေးဝါး, ဓါတ်စာ, ယတြာအားလုံးကို အထူး အာရုံပြု နှလုံးသွင်းစေပြီး မနသီကာရ
(ဇောစေတနာ)ကို ဆေးချက်အဖြစ် ယူထား သဖြင့် “ဝိညာဏပစ္စယာ၊ နာမရူပံ” “နာမရူပ ပစ္စယာ ဝိညာဏံ”နှင့်
“စိတ္တစေတသိကာ ဓမ္မာ၊ စိတ္တ သမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော” “ပစ္ဆာဇာတ စိတ္တစေတသိကာ
ဓမ္မာ၊ ပူရေဇာတဿ ဣမဿ ကာယဿ၊ ပစ္ဆာဇာတ ပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာ အဆိုအရ လက်ရှိခံစားနေရသော
ရောဂါရုပ်၊ သောကစိတ်များကို အာရုံသစ်, စိတ်သစ်, ရုပ်သစ်များဖြင့် အစားထိုးပြီး ကျန်းမာခြင်း
အကျိုး ရရှိစေခြင်းအပြင် “ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ”ဟူသော ပဋိစ္စသမုပ္ပါဒ်
ဒေသနာအလိုအရ နောက်ဘဝများအတွက်ပါ ကျန်းမာခြင်းမျိုးစေ့ ရစေ နိုင်ပါသည်။ ပစ္စုပ္ပန်သံသရာ
နှစ်ဖြာအကျိုးကို ရစေနိုင်သော အားကိုးထိုက်သော မြန်မာတို့၏မူပိုင် ဒေသနာဆေးပညာတစ်ရပ်ဖြစ်၍
ပညာရှင်အားလုံးနှင့် တာဝန်ရှိသူများမှ အမျိုးသားရေး ဆေးပညာအဖြစ် ဖော်ထုတ်ထိန်းသိမ်းသင့်ပါကြောင်း
တင်ပြအပ် ပါသည်။
(၆) အဘိဓမ္မာကို အခြေခံ - ဆေးချက်စွမ်းရန်
ထပ်ဆင့်ကြံ
အထက်အပိုဒ်တို့မှာ ဖော်ပြခဲ့သည့်အတိုင်း ပုဂ္ဂလပညတ်ဓါတ်ပညာသည်
အဘိဓမ္မာ ပိဋကတ်ကို အခြေခံ၍ တည်ဆောက်ထားသည်နှင့်အညီ (တြိမူလ)ကို ဆေးအဖြစ်ယူ၍ ကုသသည့်အခါမှာလည်း
အဘိဓမ္မာဒေသနာအလိုကျ “ပညတ်၊ ပရမတ် ထိုနှစ်ရပ် ဆက်စပ်သူမှ မြတ်သူသာ”ဟူ၍ ဓါတ်တော်ကျ ရဟန္တာ
အရှင်မြတ်ကြီးများ ညွှန်ပြသကဲ့သို့ နေ့နံ, သင်္ချာ, အက္ခရာတို့ဖြင့် ပညတ်ထားသော သက်ရှိ/သက်မဲ့တို့ကို
ပညတ်အမည်ရှိသော နွယ်မြက်သစ်ပင် ဆေးဘက်ဝင် အားလုံး တို့နှင့် ပါပ,သောမ၊ ဖို,မ၊ မိတ်,ရန်၊
ရုပ်,နာမ်,နဝင်း ဓါတ်များ ညှိ၍ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, အတွေးအကြံဟူသော အာရုံ(၆)ပါးကို
အဘိဓမ္မာအလိုကျဆေး အဖြစ် ယူ၍ ပညတ်, ပရမတ် ထိုနှစ်ရပ် တွဲစပ်၍ ကုသပေးပါသည်။ အခြားသော
ဆေးပညာများမှာ အများအားဖြင့် ဆေး/ဓါတ်စာတို့ကို အရသာအားဖြင့် ဆေးချက်ချ ကြသည်က များပါသည်။
ပုဂ္ဂလပညတ်ဓါတ်ပညာကမူ အရသာကို အဓိက မပြုဘဲ အာရုံ (၆)ပါးတို့ကိုသာ ဆေးချက်အဖြစ်ယူ၍ ကုပါသည်။
ပုဂ္ဂလပညတ်ကျမ်းရင်း၏ နောက်မှ ပြုစုရေးသားကြသော ဆရာများကမူ မိမိတို့
အားသန်ရာ ဒေသနာနယ ဆေးပညာ၊ အာယုဗ္ဗေဒ ဆေးပညာများနှင့် ပေါင်းစပ်၍ ပူအေး၊ တက်သက်၊ ပွင့်ပိတ်အရ
လည်းကောင်း၊ လေ, သည်းခြေ, သလိပ်တို့၏ လွန်သည်, ယုတ်သည်, နုံ့သည်, သန်သည်၊ ပြတက်, ဒွေးဝန်း,
သန္နိပါတ် စသည့် ရောဂါလက္ခဏာများနှင့် ယှဉ်စပ်၍ ပေးကုကြသည်လည်း ရှိပါသည်။ “သက်ကြည့်
ဗေဒင်၊ တတ်မျှော်မြင်လျက်၊ ဆင်ခြင်ထောက်ရှု၊ ဆေးကုလိမ္မာ၊ ဆေးစာများမြောင်၊ ကျမ်းစောင်စောင်ကို၊
တတ်ခေါင်တွင်ကျယ်၊ - - ”ဟု လည်းကောင်း၊ “ကျမ်းများစွာနှင့်၊ ချင့်ကာညှိနှိုင်း၊ ကသိုဏ်းကွက်ကျ၊
ထင်ကမြင်မျှော်၊ လျော်ရာထောက်လှန်း၊ ကျန်းဂန် အရ၊ သဘာဝဖြင့်၊ တွေးဆကုသရာသတည်း”ဟူ၍ လိနတ္ထလင်္ကာ(၂၄)၏
အမှာစာအရ လည်းကောင်း၊ ပညာရပ်များကို ပေါင်းစပ်ကုစွမ်းနိုင်ပါက အလွန်ကောင်းမွန်သော သမားဂုဏ်ပြ
ဆေးချက်များ ဖြစ်ကြပါလိမ့်မည်။
ကျွန်ုပ်မှလည်း ပုဂ္ဂလပညတ်ဆရာ၏ “ပိဋကတ်ကို နှောက်၍ရှာ၊ ဗေဒင်ကြောင်း
နှင့် ပေါင်းလိုက်ပါ”ဟူသော လမ်းညွှန်ချက်အရ လည်းကောင်း၊ “ဝိပရိနာမ၊ ဖောက်ပြန် ကြသော်၊
အမှန်ဒေသ၊ လေးဌာနကို၊ မုချနက်နဲ၊ သိနိုင်ခဲ၏၊ မှတ်စွဲတန်ရုံ၊ သုံးပုံဗေဒင်၊ ပါဒ်နှင့်နာရီ၊
ဗီဇနာပြန်၊ ခရာသံကို စိတ်ဉာဏ်ဝေခွဲစေသတည်း”ဟူသော ကျမ်းရင်း လိနတ္ထလင်္ကာ(၁၄)အရလည်းကောင်း၊
ပုဂ္ဂလပညတ် - သမုတိဓါတ်ကျမ်းပြုဆရာ - လောကဓါတ် ဆရာကြည်မှ “- - - - နတ်စက်လားသို့၊ ဟူးရားသမား၊
နှစ်ပါးကိစ္စ၊ စွမ်းနိုင်ကမူ၊ သိကြားလက်ဆောင်၊ ပွဲတိုင်းအောင်လိမ့်၊ - - - ၊ ဗိန္ဓောဗေဒင်၊
အမြင်နှစ်ခွ၊ အစုံပြ၍၊ အလှနှစ်ဖက်၊ ရွှေဖြင့်ယက်သည်၊ နတ်စက်ဒိဗ္ဗပညာတည်း”ဟု ညွှန်ပြချက်များအရ ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရားလေးပါးမှ ကံနှင့်စိတ်ကို ပြုပြင်အထောက်အကူပြုသောအားဖြင့်
လည်းကောင်း၊ ဘုရားသခင် ဟောကြားတော်မူသော အာရုံ(၆)ပါးမှ ဓမ္မာရုံဆေးချက်ကို ဖော်ထုတ်သောအားဖြင့်
လည်းကောင်း၊ နာတာရှည်လူနာနှင့် ဆေးမတွေ့၍ ပျောက်နိုင်ခဲသော ဝေဒနာများ ဖြစ်ပါက ၎င်းတို့၏
ကံကြမ္မာကို စစ်ဆေးသောအားဖြင့် မဟာဘုတ်၊ ဂြိုဟ်စားသက်ရောက်၊ သုံးတန်ပေါ်နိစ် အင်္ဂဝိဇ္ဇာ၊
အဋ္ဌမုခဓါတ်များနှင့်ပါညှိ၍ သင့်လျော်သော လက္ခဏာ ပူအေး, တက်သက်, ပွင့်ပိတ် အခြေအနေအရ
ဓါတ်စာများနှင့် တွဲ၍ ဆေးချက်ချကုပါသည်။
သို့ပါ၍ မည်သည့် ဆေးပညာရှင်မဆို မိမိတို့ ကျွမ်းကျင်ရာ ဆေးပညာရပ်နှင့်
ပုဂ္ဂလပညတ်ဓါတ်ပညာ၏ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ စသော အာရုံ ဆေးချက်တို့ကို တွဲဖက်ကုပါက
ဆေးပညာ(၂)ရပ်ဖြင့် ကုသည်ဖြစ်၍ ပွဲတိုင်းအောင်သည့် နတ်စက်ဒိဗ္ဗပညာဖြစ်လာနိုင်၍ ပုဂ္ဂလပညတ်ဓါတ်ပညာကို
ဆေးပညာရှင်တိုင်း တတ်သင့်၊ လေ့လာသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
ကျမ်းရင်းမှာ ဖော်ပြထားသော အချက်အားလုံးကို အချိန်အခြေအနေအရ မဖော်ပြဘဲ
အဓိက လိုရင်းအချက်များကိုသာ ဖော်ပြပါမည်။
ကျမ်းရင်း၏ စာမျက်နှာ (၅၄)မှာ -
“ဝိပရိနာမ အလွန်ဆန်းကျယ်လှသော မဟာဘုတ်သည် အဘယ်အကြောင်းပြု ၍ ဖောက်ပြန်ပါသနည်း။
ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရားလေးပါး ရှိ၍ ဖောက်ပြန်ကုန်၏။ ထိုအကြောင်းတရားလေးပါးတို့တွင်
မည်သူအရင်းဖြစ်သနည်း၊ ကံနှင့်စိတ် နှစ်ပါးတို့တွင် စိတ်ပြဋ္ဌာန်းရာ ကံဖြစ်သည် ဆိုသောကြောင့်
ပဋိသန္ဓေကို ဖြစ်စေတတ်သော စိတ်ပင်တည်း။ ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်း၌ စိတ်တစ်ခုကြောင့်
ရုပ် အဋ္ဌဝီသ၊ နံတေပညာသ၊ ဩဃ၊ ယောဂ၊ နီဝဏ၊ အာရုံခြောက်ပါး၊ သံယောဇဉ် (၁၀)ပါး အကျယ်ပွား၍
များပြားသည့်အကြောင်းကို ကျမ်းဦး၌ ဟောတော်မူသည်” - ဟု စိတ် အရေးကြီးကြောင်းကို လည်းကောင်း၊
ကျမ်းရင်း စာမျက်နှာ (၂၇)မှာ -
“စိတ္တံ၊ စေတသိကံ၊ ရူပံ၊ နိဗ္ဗာန မီတိ သဗ္ဗဒါ”ဟူ၍ အဘိဓမ္မာအစ၌
မိန့်တော်မူ၏။ သဗ္ဗဒါဟူသော ပါဠိအရ အလုံးစုံ အကုန်မကျန် ရုပ်,နာမ်အမှန်မှာ အရင်းကံ မူလ
စိတ်ပိုင်းကို ပြသည်။ လောက၌ ပုဂ္ဂိုလ်သတ္တဝါ၊ ဗြဟ္မာနတ်လူမှစ၍ ခန္ဓာငါးပါး ရှိသမျှ
အပေါင်းအစုတို့သည် စိတ်,စေတသိက် အရင်းကံကြောင့် ဖြစ်ရဟန်မူလမှာ လေးဝဓါတ်ဟု ကြပ်ကြပ်
သဘောထား၍ မှတ်အပ်၏” - ဟု ပရမတ္တတရားလေးပါးမှာ စိတ်အရေးကြီးကြောင်း ပြပါသည်။
ထိုစာမျက်နှာ (၂၇)မှာပင် -
“ဓါတ်ချင်းထိခိုက်၍ ရုပ်၌ဖောက်ပြန် ပရိကံဝတ္ထု အဓိကပြုသည်ကို ထောက်ရှု
ဆင်ခြင် ကွင်းကွင်းမြင်အောင် သမ္မဇဉ်ထိန်းချုပ်၍ ဓါတ်လေးပါးမဟာဘုတ် ထိန်းအုပ် ခါ ကြံရမည်။
ကြံစည်ရန်တစ်ချက် ဘုရားဟောကျမ်းထွက်မှာ မနောပုဗ္ဗင်္ဂမာဓမ္မာ၊ ဝိညာဏက္ခန္ဓာသာလျှင်
ပြဋ္ဌာန်းရန်အကြောင်း၊ ပေါင်းရုပ်ကလပ် မဟာဘုတ်အရပ်ရပ် ပရမတ္တတရားမို့ များစွာသော ပုထုဇဉ်တို့
အမှန်မသိကြဟု ပုဂ္ဂလပညတ်ကျမ်းအလို ဉာဏ်ခို၍ မှတ်ရမည်” - ဟု အရာအားလုံးမှာ စိတ်ဟူသော
ဝိဉာဏက္ခန္ဓာသာ အဓိက ဖြစ်ကြောင်း ပြဆိုပါသည်။
စာမျက်နှာ (၂၉)မှာ -
“လူရယ်လို့ သမုတ်အပ်သောဓါတ်ရုပ် မဟာဘုတ်လေးဖြာတွင် အအေးမှာ သီတ၊
အပူမှာ ဥဏှ၊ ဥတုဇ သည်နှစ်ပါးကို ထင်ရှားစွာ ရှိတယ်ဟု ဉာဏ်သတိမူပြီးလျှင် အယူ သဘော ဘုရားဟော
မကောအောင်ကြံနိုင်မှ ထီးခရိုင်ချုပ်သည်သို့ ကုက္ကုစ္စသံသယ ဉာဏ်ဆ၍ ကင်းကြမည်၊ ဘုရားဟောအရမှာ
သီတဥဏှ အပူအအေး နှစ်ဌာနရှိသည်။ ယခုမျက်မြင်လောကမှာလည်း မီးနှင့်ရေသာ ရှိသည်။ ကောင်းကင်မှာလည်း
နေနှင့်လ သာ ရှိသည်” - ဟု ပြဆိုခဲ့သဖြင့် အပူ,အအေးဟူသော ပါပ,သောမကို အခြေခံသော နေလဆေးပညာဟူ၍
ဖြစ်ပေါ်လာခဲ့ပါသည်။
(၈) ရောဂါဝဋ်မှ ကျွတ်လိုလျှင်
- အာရုံဆေးချက် စွဲစေချင်
သံသရာဝဋ်မှ ကျွတ်လွတ်လိုသော် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အလိုအရ
ဝေဒနာနှင့် တဏှာကြားမှ ထွက်ရမည်ဟု မိုးကုတ်ဆရာတော်ကြီးမှ အတိအကျ လမ်းညွှန်ထားပါသည်။
ယခု ဆေးကုသသောလုပ်ငန်းဖြစ်၍ တဏှာမှ ထွက်ရန်မလို၊ ခံစားနေရသော ရောဂါဝေဒနာမှ ပျောက်ကင်းပြီး
ဘဝဆက်လက်ရှင်သန်စေရန် မိမိအား ပေးကုသော အဆင်း, အသံ, အနံ့, အရသာ စသော အာရုံဟူသမျှကို
“ဒါဟာ ငါ့ရောဂါ ပျောက်စေမည့်ဆေးတွေဘဲ”ဟု များများစွဲ၊ များများတွေး၍ “ငါ့ရောဂါ ပျောက်ပြီ၊
ငါ နေကောင်းကျန်းမာပြီ”ဟု သောကစိတ်ကို လုံးဝ မေ့ပျောက်ထားရမည် ဖြစ်ပါသည်။ ဆေး/ဓါတ်စာများကို
အနုဿတိဘာဝနာကဲ့သို့ အချိန်တိုင်း တွေး, သတိရ အောက်မေ့ ဆင်ခြင်နေရပါမည်။ ဤသို့ အချိန်တိုင်း
သတိရလေလေ၊ ဇောစေတနာ အားကောင်းပြီး ပထမဇော စေတနာ ဥပနိဿယပစ္စယအရ ယခုဘဝမှာပင် အကျိုးပေး
ကြောင်း၊ ဝီထိစိတ်ဖြစ်စဉ် နိယာမအရ မှတ်ယူနိုင်ပါသည်။ လူနာကိုယ်တိုင်က ယုံကြည်မှု အပြည့်အဝ
ရှိရပါမည်။ ထိုသို့ ယုံကြည်ခြင်းသည်ပင်လျှင် ဇော စေတနာ မနောစွမ်းအင် တစ်မျိုး ဖြစ်ပါသည်။
ထိုမနောစွမ်းအင်ကြောင့်ပင် လက်ရှိခံစားနေရ သော ရောဂါဝေဒနာများ ပျောက်ကင်းစေပါကြောင်း
- အနောက်တိုင်းဆေးပညာရှင်များမှလည်း သုတေသနပြုပြီး ဖြစ်ပါသည်။
(၉) ဆေးချက်အာရုံ စွမ်းလိုလျှင်
- မေတ္တာဘာဝနာ သိဒ္ဓိထပ်၍တင်
လက်ရှိခံစားနေရသော
ရောဂါဝေဒနာ အမြန်ပျောက်ကင်းလိုပါက အာနာပါန အနုဿတိဘာဝနာနှင့် မေတ္တာဘာဝနာ (၂)မျိုးကို
လူနာကိုယ်တိုင်မှ ပွားများဖို့ လိုပါမည်။
(က) အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပြုလုပ်ပုံမှာ - အသက်ရှူသွင်းသောအခါ
ဝင်လာ သော လေများကို သန့်ရှင်းကြည်လင်ပြီး ဝင်းပြောင်နေသော အလင်းတန်းအဖြစ် အာရုံ ပြု၍
ရှူပါ။ ထိုလေများသည် ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့သွားပြီး ရောဂါဖြစ်နေသောအပိုင်းမှာ ရောဂါခြေဖျက်နေကြပုံကို
မြင်ယောင်ပါ။ မြင်အောင်ကြည့်ပါ။ ခဏအကြာ ပြန်၍ ထုတ်ပစ်သော လေတွင် ခန္ဓာကိုယ်မှ မကောင်းသော
ရောဂါ၊ အညစ်အကြေးများ ထွက်လေနှင့်အတူ ပါသွားပြီး မဲညစ်နေသောလေများ ထွက်သွားပုံကို မြင်ယောင်နေပါ။
ဤသို့ စိတ်မှာ အာရုံပြု၍ လေရှူ၊ လေထုတ်နေခြင်းသည်ပင် အာနာပါနကမ္မဋ္ဌာန်း အနုဿတိဘာဝနာဖြင့်
ကုခြင်း ဖြစ်သည်။ အချိန်တိုင်း ရှုပွားနေဖို့ လိုပါသည်။
(ခ) မေတ္တာဘာဝနာဟူသည်မှာ - သင့်ကို ကုသပေးသူ ဆရာ၊ဆရာမများ
ပြုစုကြသူ သူနာပြုနှင့် မိသားစုများအပြင် မိမိအား တိုက်ကျွေးသော ဆေး/ ဓါတ်စာ/ အာရုံ
ဆေးချက် ဟူသမျှကိုပါ အားလုံးကို ကျေးဇူးတင်နေရပါမည်။ သူတို့ထံမှ မေတ္တာ ပြန်လာပါလိမ့်မည်။
ဆေး/ ဓါတ်စာ အားလုံးကို အမှုမဲ့၊ အမှတ်မဲ့ မမှီဝဲဘဲ - “ငါ့ရောဂါကို ပျောက်စေမည့် ကျေးဇူးရှင်တွေဘဲ”
- ဟု အာရုံပြု မှီဝဲပါက ပို၍ ဆေးချက်စူးပြီး အမြန် ပျောက်ကင်းစေမည် ဖြစ်ပါသည်။
ဆေးဝါးဓါတ်စာများကိုပါ မေတ္တာပို့ ကျေးဇူးတင်ပါက ထိုဆေးဝါးဓါတ်စာများ
ကပင် ကောင်းသော တုံ့ပြန်မှုပြုကြောင်း ဂျပန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပရော်ဖက်ဆာ ဖြစ်သူ
သိပ္ပံပညာရှင် ဒေါက်တာမာစရုအီမိုတို (Dr. Masaru Emoto) မှ ရေနှင့် စတော်ဘယ်ရီသီးများကို
အမျိုးမျိုး စမ်းသပ် သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
ဤသည်တို့မှာ ဒေသနာအလိုကျ သမထ ဘာဝနာ ဆေးချက်များဖြစ်သည့်အပြင် ခေတ်သိပ္ပံဆရာတို့
ပြောသော မနောစွမ်းအင် ဆေးချက်များပင် ဖြစ်ပါကြောင်း -
(၁၀) ဒေသနာဆေးမို့ ဆေးချက်လှ
- သူ့အစွမ်းကို လက်တွေ့ပြ
အထက်မှာ ဖော်ပြခဲ့သည့်အတိုင်း ဆေးချက်အားလုံးကို ဒေသနာအလိုကျ တည်ဆောက်ထားသည်ဖြစ်၍
အလွန်အားကျ စိတ်ဝင်စားစရာ ကောင်းသော ဆေးပညာတစ်ရပ် ဖြစ်ပါသည်။ လက်တွေ့ကုသရာမှာ မည်သို့
ရှိသည်ကို ကျမ်းပြု ဆရာကြီးများ ကုသခဲ့ကြသော ရောဂါဝေဒနာများကို ထောက်ရှု၍ ဆေးပညာ၏ အတိမ်အနက်ကို
ခန့်မှန်းနိုင်ပါသည်။
·
သေလုမြောပါး အသက်ငင်နေသော တီဘီလူနာ ဦးလှမောင်ကို
အုန်းဆံများ မီးရှို့၍ ၎င်းမှိုင်းဖြင့် အသက်ရှင်ခဲ့ပုံ
· တစ်ကိုယ်လုံး အေးစက်၍ သတိလစ် တုံးဖြစ်နေသော ကလေးမတစ်ဦးကို
အမျိုးသမီး(၁၀)ယောက်မှ ကွမ်းသွေးများ ဝိုင်းအုံထွေးစေ၍ အသက်ရှင်ခဲ့ပုံ
·
မနေနိုင်အောင် ဗိုက်နာ၍ မခံမရပ်နိုင်သဖြင့် ဓါးဖြင့်ထိုး၍
သေလိုကြောင်း၊ စိန် သောက်၍ သေလိုကြောင်း - အော်နေသဖြင့် စိန်နှင့်သံပရာ ဖျော်၍တိုက်ပြီး
ဖွဲကြမ်းပုံမှာ မျက်နှာဖော်ပြီး တစ်ညမြုပ်၍ ကုသခဲ့ပုံ
·
စိတ်မနှံ့သည့် ကလေးမ ဇာတ်ပွဲပြ၍ ကုခဲ့ပုံ
·
ငါးနှစ်ကြာ လစဉ် သွေးမပြတ်သည့် ကလေးမ - မြို့ပတ်ရထား
မနက်,ည တစ်လစီးစေ၍ ကုခဲ့ပုံ
·
ဆင်ခြေထောက်ရောဂါ - ကောက်ညှင်းကျွေး၍ မြေတွင်းမှာမြှုတ်၊
ကျွဲချေးသုတ် ၍ လေးလအကြာ ပျောက်ကင်းခဲ့ပုံ
·
ဝါးမီးမှိုင်းတိုက်၍ ပြုစား - ဖျားစေပြီး ဝါးရွက်ပြုတ်ရည်နှင့်
သကြားတိုက်ပြီး ပြန်၍ ကုသပုံ
·
အနာကြီးရောဂါ၊ တက်နေသော လူနာများ၊ ဝမ်းလျောနေသော
လူနာများအား ဓါတ်စာအမျိုးမျိုး တိုက်၍ ဆေး ၂-၃ခွက်ဖြင့် ပျောက်ကင်းခဲ့ကြပုံ - များသာမက
တိရိစ္ဆာန်နှင့် သစ်ပင်များကိုပါ သေအောင်၊ ရှင်အောင် ပြုစွမ်းနိုင်သော ဓါတ်ဆေးပညာ
ဖြစ်ပါသည်။
သို့ပါ၍
ပုဂ္ဂလပညတ်ဆေးပညာသည် ဘုရားဟောဒေသနာကို မှီငြမ်းထားသော ဆေးပညာဖြစ်၍ ဆေးချက်များ လှသကဲ့သို့
သူ့ပညာအစွမ်းကလည်း အားကိုးထိုက် ပါကြောင်း ကုထုံးဟောင်းများ သာဓက နမူနာပြ၍ တင်ပြအပ်ပါသည်။
ရ။ ကောက်ချက်ဆွဲ အကြံပြုတင်ပြခြင်း (Conclusion and Suggestion)
အထက်ပါတင်ပြချက်များအရ ပုဂ္ဂလပညတ်ဓါတ်ပညာ၏ တည်ဆောက်ပုံနှင့် ဆေးချက်ချပုံ
အယူအဆများသည် ဘုရားဟော အဘိဓမ္မာဒေသနာကို အခြေခံ တည်ဆောက်ထားသော ဒေသနာအယူအဆ ဆေးပညာဖြစ်၍
-
(၁) လက်ရှိ ဒေသနာနယ ဆေးပညာကို မြန်မာတို့၏ မူပိုင်
အမျိုးသားဆေးပညာ အဖြစ် နိုင်ငံတော်မှ ထိန်းသိမ်း၊ သင်ကြား၊ ပို့ချသကဲ့သို့ ပုဂ္ဂလပညတ်
ဓါတ်ဆေးပညာကိုလည်း အမျိုးသားရေးဆေးပညာအဖြစ် ဖော်ထုတ်ထိန်းသိမ်း သင့်ပါကြောင်း
(၂) ဩဠာရိကသုခုမ၊ အဋ္ဌမုခ၊ အင်္ဂဝိဇ္ဇာ၊ မဟာဘုတ်၊
ဂြိုဟ်စားသက်ရောက်၊ သုံးတန် ပေါ်နိစ်၊ ဆန်းဗေဒင်ပညာ၊ ကောင်းကင်အမြင် နက္ခတ်ပညာ စသော
ပညာရပ် များကိုလည်း မြန်မာ့ဆေးပညာ၏ မိတ်ဖက်အဖွဲ့အစည်း (Para Traditional Medical
Healing Systems) များအဖြစ် တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် အလွှာစုံပညာရှင်များ
ပါဝင်လာစေရေးတို့အတွက် တိုးချဲ့ ဖွဲ့စည်း ဖော်ထုတ်သင့်ပါကြောင်း - ဤညီလာခံသို့ အကြံပြုတင်ပြအပ်ပါသည်။
၈။ ကျေးဇူးတင်လွှာ (Acknowledgement)
ဤစာတမ်းကို ဖတ်ကြားခွင့်ပြုပါသော တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်
ညွှန်ကြားရေးမှူးများ၊ စာတမ်းရွေးချယ်ရေးအဖွဲ့ကော်မတီဝင် အားလုံးအားလည်းကောင်း၊ ကျမ်းကိုးအညွှန်းပါ
ဆရာတော်ကြီးများနှင့် ကျမ်းပြု ဆရာများအားလည်းကောင်း၊ မိဘနှစ်ပါးနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊
ကြားဆရာ များ အားလုံးသို့ ထာဝရဦးခိုက် ကျေးဇူးတင်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်
အပ်ပါသည်။
ဒေါက်တာနွယ့်ဝင်း
ကထိက/ဌာနမှူး(ငြိမ်း)၊
ခန္ဓာဗေဒဌာန
တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး။
၁၀.၆.၂၀၂၅ (အင်္ဂါနေ့)
(၁၃၈၇)ခု၊
နယုန်လပြည့်နေ့
၁။ အရှင်နန္ဒမာလာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏
ပဋ္ဌာန်းမြတ်ဒေသနာ
၂။ အရှင်နန္ဒမာလာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏
ရောဂါကုစား - စိတ်စွမ်းအား
၃။ အရှင်နန္ဒမာလာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏
ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ (Level 1) အတွက် ပဋ္ဌာန်းသော တရားတော်များမှ သမထနှင့်
ဝိပဿနာ တရားတော်
၄။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပြုပဋ္ဌာန်တရားတော်
၅။ ဒေါက်တာမင်းတင်မွန်၏ အဘိဓမ္မာ အနှစ်ချုပ်
၆။ ဒေါက်တာမင်းတင်မွန်၏ ဘဝဖန်တီးရှင် ကံတရားနှင့်
ရှေ့ဘဝနောက်ဘဝ တရားတော်များ
ရ။ ဆရာသန့်၏ ပုဂ္ဂလပညတ်ကျမ်းရင်း (ဂျာနယ်ကျော်မမလေး၏
ပုဂ္ဂလပညတ် သုံးစောင်တွဲ)
၈။ မန္တလေး စိတ်ပညာဌာန၊ ဒေါက်တာမြင့်လွင် ပြန်ဆိုသော
ကိုယ်တွင်း သမားတော် ခေါ် ဒေါက်တာလူးဝစ်ပရိုတိုး၏ Self-Healing
၉။ ဂျပန်နိုင်ငံ၊ ဆေးဘက်ဆိုင်ရာ ပရော်ဖက်ဆာ၊ သိပ္ပံပညာရှင်
ဒေါက်တာ မာစရုအီမိုတို (Dr. Masaru Emoto)၏ ရေက အဖြေတွေ သိနေတယ် ဟူသော ဆောင်းပါး
၁၀။ မန္တလေး၊ ဂျော်နီကျော်မိုး ရေးသော မသိစိတ်စွမ်းအင်ပညာနှင့်
စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲနည်း
၁၁။ ဒေါက်တာနွယ့်ဝင်း၏ လူတိုင်းအတွက် ပုဂ္ဂလပညတ်ဓါတ်ပညာနှင့်
ဆဋ္ဌကမ္မ အခြေခံကုထုံး (လူနာလက်စွဲ)






0 comments:
Post a Comment