Pages

Monday, May 11, 2026

'နက္ခတ္တနယ ဆေးပညာ ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ' စာတမ်း၊ ၂၀၂၂

 ၁။ ခေါင်းစဉ် (Title)              နက္ခတ္တနယ ဆေးပညာ ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ

၂။ စာတမ်းရှင်(Author)           ဒေါက်တာနွယ့်ဝင်း ၊ ကထိက ၊ ဌာနမှူး(ငြိမ်း)

                                             ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် ၊ မန္တလေးမြို့

၃။ နိဒါန်း(Introduction)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၂/၁၃) ရက်နေ့များအတွင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)မှာ ပြုလုပ်ကျင်းပသော အကြိမ်(၂၀)မြောက်၊ မြန်မာသမားတော်များညီလာခံ မှာ “နက္ခတ္တနယဆေးပညာ ဘက်စုံပြန်လည်ဖော်ထုတ်ရေး”အတွက် စာတမ်းတစ်စောင်ကို ဗဟိုတိုင်းရင်းဆေးဆရာအသင်းအနေဖြင့် တင်ပြခဲ့ပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် တတိယနှစ်သင်တန်းသားများအား သင်ကြားပေးလျှက်ရှိသော နက္ခတ္တနယဘာသာ သင်ရိုးအပိုင်း (က)တွင်-

 (၁) “အာရုံလေးတန်-ဓါတ်ကြိုက်ဟန်” ဟူသော ပုဂ္ဂလပညတ်ဓါတ်ပညာနှင့်ဆိုင်သော ကုထုံးဆေးချက်

(၂) “အောင်စည်မှုတ်ထွေ-ချွေးငုတ်လေ၏” ဟူသော ဩဠာရိကသုခုမပညာရပ်နှင့် ဆိုင်သော ကုထုံးဆေးချက်

(၃) “ကြာမုံဝတ်ရင့်၊ အတင့်ပြီးသည်၊ သုံးလီစိုးအုပ်၊ ရဲစွမ်းထုတ်က” _ အစချီသော အဌမုခဓါတ်ပညာနှင့်ဆိုင်သော “နွေမိုးမရှောင်၊ စန်းနှင့်မြေှာင်” ဟူသော ကုထုံးဆေးချက်

(၄) “သူ့ကိုနိုင်လို၊ ဆနှင့်ခို၊ လိုရာဆေးဖော်သုံး” “ပထဝီဓါတ်ကို သတ်မည့်ဂြိုလ်-အာပေါဓါတ်နှင့်မွှေ၊ ရေအငံ၊ တေဇောဓါတ်နှင့်သတ်” စသောဆပွတ်လင်္ကာဖြင့် ဆေးချက် ရှာခြင်း ၊ ဓါတ်ကြီးလေးပါး၏ နိုင်ရာဓါတ်ကိုရှာ၍ ဓါတ်ခိုက်ဖြေခြင်း၊ တြိရန်းခိုက်၍ ရောဂါသည်းခြင်း၊ ပဉ္စပွတ်နှင့် ဆပွတ်ကိုရှောင် ဟူသော နေ့ရက်၊ အချိန်၊ နေရာအရပ် သင့်မသင့်ရွေးချယ်ခြင်း စသော အင်္ဂဝိဇ္ဇာဆိုင်ရာ ကုထုံးဆေးချက်

(၅) “စသာရွှေကူအင်းဝသူ၊ ဆန်ဖြူတတင်းပေး”  “စိန်ဉမှာ၊ နံသာဝင်း၊ သင်းထုံလှိုင်” စသော တြင်းလင်္ကာ - မြွေဆိပ်၊ နဂါးဆိပ်နှင့်တူသော ပါဒ်ခိုက်များ၊  “ဦးသာဝ တလစီ၊ ဇီမာသဒွေး” စသော ဂြိုဟ်ရှစ်ခွင်ပျော်သမျှ လင်္ကာ၊ ကောဇာပြည့်စန်းနက္ခတ်၊ အာယုနက္ခတ် စသည်တို့သည် နက္ခတ်ဗေဒင်နှင့်ဆိုင်သော အဆိုအမိန့်များ

(၆) စန်းပြတ်,လွန်းပြတ်တွက်နည်း၊ မိမိနေ့နှင့် တေဇကျသော အရပ်မှာ ညောင်ထောက်ခြင်း၊ အာယုကျသောအရပ်မှာ ငါးပုဇွန်လွှတ်ခြင်း၊ ပရိဝါရကျသောအရပ်မှ ကျောင်းကန် ဘုရားမှာ ဆန်လှူခြင်းစသော ဝေဒပညာ၏ ဂြိုဟ်စားသက်ရောက်အရ ကံမြှင့် ကံဆင့်၊ ယတြာချေခြင်း စသောအစီအရင်များ - စသည်တို့ကို တတိယနှစ် နက္ခတ္တနယ သင်ရိုးအပိုင်း(က)အဖြစ် (၃)ပိုင်းခွဲ၍ သင်ထားကြောင်း တွေ့ရှိရပြီး

(၇) နက္ခတ်ဓါတ်တိုင်ထူ၍ ဓါတ်စာပေးခြင်းကိုမူ တွက်ပုံနှင့်တကွ အပိုင်း (၄) ပိုင်းခွဲ၍  အပိုင်း (ခ)အဖြစ် အသေးစိတ် သင်ပြထားကြောင်း - စသည်တို့ကို အသေးစိတ်တင်ပြခဲ့ပါသည်။

            အဓိကရည်ရွယ်ချက်မှာ - နယကြီးလေးပါးကို မြန်မာတို့၏ ဆေးပညာအမွေအနှစ်အဖြစ် သတ်မှတ်၍ ဆက်လက်ထိန်းသိမ်းသောအားဖြင့် တိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့မှ မျိုးဆက်သစ်လူငယ်များကို သက်ကြားပေးလျက်ရှိရာ ဒေသနာနယနှင့် အာယုဗ္ဗေဒနယ တို့ကို မဟာဘွဲ့ပေးနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးနိုင်သော်လည်း နက္ခတ္တနယဘာသာရပ်ကိုမူ တတိယနှစ်မှသာ အကျဉ်းချုံး၍ သင်ပေးထားပြီး နက္ခတ္တနယဌာနဟူ၍ ဌာနသီးခြားမရှိသေးကြောင်း တွေ့ရှိရပါသည်။

အထက်ပါ အပိုဒ်ခွဲ(၇)ခုတို့ဖြင့် တင်ပြခဲ့သော ပညာရပ်ဆိုင်ရာ ကုထုံးများကို ဘာသာရပ် အလိုက် တိုးချဲ့သင်ပြနိုင်ပါက နက္ခတ္တနယဌာနကြီးတစ်ခုဖြစ်လာနိုင်ပြီး ပညာရပ်ဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့လွန်ဒီဂရီများလည်း ပေးအပ်နိုင်မည် ဖြစ်ပါသည်။ ဒီပလိုမာ၊ ဘွဲ့လွန်ဒီဂရီများ ပေးအပ်နိုင် အောင်လည်း ဖော်ပြပါပညာရပ်များမှာ ကျမ်းတစောင်၊ ပေတဖွဲ့အခိုင်အခန့်ရှိသော ပညာရပ်များ ဖြစ်ကြပါသည်။

သို့ပါ၍ (၂၀၁၉)ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့သော သမားတော်ညီလာခံမှာ “နက္ခတ္တနယ ဆေးပညာ ဘက်စုံပြန်လည်ဖေါ်ထုတ်ရေး” စာတန်းတင်ပြခဲ့ရာ _ ညီလာခံတတ်ရောက်လာကြသော ပြည်နယ်တိုင်းအသီးသီးမှ ကိုယ်စားလှယ်တော်ကြီးများအားလုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အားလုံး မှ နက္ခတ္တနယဆေးပညာ ဘက်စုံပြန်လည်ဖော်ထုတ်ရေးအတွက် တက္ကသိုလ်မှာ ပိုမိုတိုးချဲ့သင်ကြား ပေးသင့်ကြောင်း တညီတညွတ်တည်းဆုံးဖြတ်၍ သင်ကြားရေး အစီအမံရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့ကြပါသည်။ သို့သော် ကိုဗစ်‌ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာပါသဖြင့် ယနေ့အချိန်အထိ အကောင်အထည် မဖော်နိုင်သေးကြောင်း တွေ့ရှိရပါသည်။

သို့ပါ၍ အထက်ဖော်ပြပါ -

(၁) ပုဂ္ဂလပညတ်ဓာတ်ပညာ

(၂) ဩဠာရိကသုခုမဓာတ်ပညာ

(၃) အင်္ဂဝိဇ္ဇာပညာ

(၄) အဌမုခဓာတ်ပညာ

(၅) မဟာဘုတ်နှင့် ဆန်းဗေဒင်ပညာ

(၆) ကောင်းကင်အမြင်နက္ခတ်ပညာ

(၇) နက္ခတ်ဓာတ်စာပညာ - များကို နက္ခတ္တနယဆိုင်ရာ မြန်မာ့ဆေးပညာ အမွေအနှစ်အဖြစ် တာဝန်ရှိသူများမှ ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ကြပါရန် ဤညီလာခံမှာ ထပ်ဆင့်တင်ပြအပ်ပါသည်။


(၄) ရည်မှန်းချက်( Objective)

(က) ယေဘူယျရည်မှန်းချက်(General Objective)

(၂၀၁၉)ခုနှစ်၊ အကြိမ်(၂၀)မြောက်၊ မြန်မာ့သမားတော်များညီလာခံမှ ချမှတ်ဆုံးဖြတ်ခဲ့ကြ သော နက္ခတ္တနယဆေးပညာ ဘက်စုံပြန်လည်ဖေါ်ထုတ်ရေး လုပ်ငန်းစဉ်များကို ယခုနှစ် ကျင်းပသောညီလာခံမှ ဆက်လက်အကောင်အထည်ဖော်ရေး ထပ်ဆင့်ထောက်ခံ အတည်ပြု ပေးနိုင်ပါရန်

(ခ) ဝိသေသရည်မှန်းချက် (Specific Objective)

(၁) ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ဘက်စုံအထောက်အကူပြုနိုင်ရန် အလွှာစုံပညာရှင်များပါဝင်စေရေးအတွက် တိမ်မြုတ်နေသော မြန်မာ့ဆေးပညာရပ်များ ကို ပြန်လည်ဖေါ်ထုတ်ရန်

(၂) အထက်ဖော်ပြပါပညာရပ်များနှင့် နှီးနွယ်ဆက်စပ်နေသော ပညာရပ်အားလုံးကို မြန်မာ့ ဆေးပညာ၏ အမွေအနှစ်များအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရန်

(၃) နက္ခတ္တနယဆေးပညာဌာန တခုအဖြစ် တိုးချဲ့ဖွဲ့စည်းရန်

(၄) မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များ၏ လေ့လာသင်ယူမှုစွမ်းအား တိုးမြင့်လာ စေရေးအတွက် နက္ခတ္တနယဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့လွန်ဒီလိုမာ၊ ဘွဲ့ဒီဂရီများ ပေးအပ်နိုင်ရေးလမ်းဖွင့်ပေးရန်

 (၅)ဆက်လက်ထိန်းသိမ်းရန်လိုအပ်သော ဖော်ပြပါပညာရပ်များသည် လက်တွေ့ကုသရေး နယ်ပယ်တွင် အမှန်တကယ်အသုံးဝင်ကြောင်း၊ ကျွမ်းကျင်သူများမှ ပိုမိုသုတေသနပြု၍ ဝိုင်းဝန်းဖော်ထုတ်ကြရန်

(၆) ကျွန်ုပ် ဉာဏ်မှီသ၍‌ လေ့လာတွေ့ရှိချက်ဆောင်းပါးများကို အကျဉ်းခြုံး၍ ဤညီလာခံတွင် တင်ပြရန်

၅။ အသုံးပြုသည့်ပစ္စည်းများနှင့်ဆောင်ရွက်ပုံနည်းလမ်း_ (Materials and Method)

ကျမ်းကိုးအညွှန်းပါ ကျမ်းများ လေ့လာသုသေသနပြုခြင်း (literature Research)

၆။ တွေ့ရှိချက်နှင့် ဆွေးနွေးသုံးသပ်ချက် (Finding and Discussion)

       အထက်နိဒါန်းတွင် ဖော်ပြခဲ့သည့်အတိုင်း နက္ခတ္တနယဘာသာမှာ အကျုံးဝင်သော ပုဂ္ဂလပညတ်၊ ဩဠာရိကသုခုမ၊ အဌမုခ၊ အင်္ဂဝိဇ္ဇာ၊ နက္ခတ္တဝေဒ၊ မဟာဘူတဝေဒ ဘာသာရပ်များသည် ကမ္ဘာဦးတည်စကာလ၊ နေနှင့်လ၊ ဂြိဟ်နက္ခတ်တာရာများ ပေါ်လာသည်မှစ၍ ဈာန်အဘိညာဉ်ရ- ရသေ့သူတော်စင်များမှ အဘိညာဉ်တန်ခိုးဖြင့် ဆင်ခြင်၍ လူသားတို့ကောင်းကျိုးအတွက် တီထွင် ထားခဲ့ကြသော ပညာရပ်များဖြစ်ကြပါသည်။ နေလအပါအဝင် ဂြိုဟ်များ၊ နက္ခတ်များကို အခြေခံ၍ တည်ဆောက်ထားသော ပညာရပ်များဖြစ်၍ အင်္ဂဝိဇ္ဇာ၊ ဗေဒင်၊ နက္ခတ်၊ အဂိ္ဂယပ်၊ ပုဂ္ဂလပညတ်၊ အဌမုခ၊ ဩဠာရိကသုခုမစသော ဓာတ်ပညာတို့သည် တစ်ခုနှင့်တစ်ခု နှီးနွယ်ဆက်စပ်၍ နေပါသည်။  ပညာရပ်အားလုံးသည် မူလပင်မဓာတ်ကြီးလေးပါးကိုပင် အခြေခံထားသောပညာများဖြစ်၍ လူနာများ၏ မူလဓါတ်ခံနှင့်ကံကြမ္မာကို သိစေရန် အမည်နှင့်မွေးသက္ကရာဇ်၊ ဖွားသောနေ့နံ တို့ကို မေးရပါသည်။ ဖွားသောအချိန်မှာရှိနေသော နေ့ရက်၊ နာရီ၊ လ၊ နှစ် ဟူသော ဉတုရာသီနှင့်ယှဉ်သော ဂြိုဟ်နက္ခတ်တို့အရ လူနာကြိုက်သော ဓာတ်၊ ရာသီ၊ လူနာ၏ စိတ်ဓါတ်နှင့် ဆီလျော်သောဓါတ်စာ၊ ဓါတ်ဆေးများပေး၍ ကုကြရပါသည်။

ဤသို့ အမည်၊ မွေးနံ၊ မွေးနေ့သက္ကရာဇ်ကိုမေး၍ ဆေးချက်ချရသည်ကိုပင် “ဗေဒင်ဆန်သည်၊ ပေါ့တန်သည်” ဟု အချို့က လက်မခံလိုကြပါ၊ သူ့ဘာသာ၊ သူ့ပညာရပ်အလိုက် အခြေခံမူများဖြစ်၍ လိုအပ်ချက်အရ မေးမြန်းတွက်ချက်ရခြင်းဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ နက္ခတ္တနယဘာသာမှာ အကြုံးဝင်သော ပညာရပ်များဖြစ်၍ မြန့်မာ့ဆေးပညာ အမွေအနှစ်များအဖြစ် နိုင်ငံတော်၏ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်မှ ထိုပညာရပ်များကို မတိမ်ကော မပျောက်ပျက်စေရန် အနာဂတ်မျိုးဆက်သစ်များအတွက် ဆက်လက်စောင့်ရှောက်ထိန်းသိမ်းသင့်ပါကြောင်း ထပ်လောင်း တင်ပြအပ်ပါသည်။

ဒုတိယပိုင်းအနေနှင့် ဆက်လက်၍ ယခုစာတမ်းခေါင်းစဉ်ပါ  “နက္ခတ္တနယဆေးပညာ -ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ” ဟူသော ခေါင်းစဉ်အရ _ ကျွန်ုပ်ဉာဏ်မှီသ၍ လေ့လာမိသမျှသော ထိုပညာရပ်ဆိုင်ရာဆောင်းပါး (၈)ပုဒ်မှတပုဒ်ကို အကျဉ်းချုံး၍ တင်ပြလိုပါသည်။ တိုင်းရင်းဆေး ပညာရှင်များသည် ထိုပညာရပ်များကိုပါ လေ့လာ၍ မိမိတို့ကျွမ်းကျင်ရာ ဘာသာရပ်ဆေးချက် များနှင့် တွဲဖက်ပေးကုပါက လက်ရှိမြန်မာ့ဆေးပညာသည် တမူဆန်းပြားထူးခြား၍ အံ့မခမ်း ဆေးပညာတရပ် ဖြစ်လာနိုင်ကြောင်းတင်ပြလို၍ ဤစာတမ်းကို တင်ပြခြင်းဖြစ်ပါသည်။ 

အမှတ်(၁) ဆောင်းပါးအကျဉ်းချုပ်

လူနာမှာ- သာယာဝတီနယ်မှ အသက် (၄၂)နှစ်အရွယ်ရှိ အသည်းကင်ဆာ ဝေဒနာရှင် ဒေါ်ရီရီလွင်ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် သတိလစ်မေ့မြောနေသည်မှာ (၅)ရက်ရှိ၍ ဆေးရုံမှ ဆင်းခွင့်ပြုပြီး ရွာပြန်ခေါ်လာ၊ အခြားမိတ်ဆွေတဦးမှ ကျွန်ုပ် Facebook မှာတင်လိုက်သော “ဓါတ်ပညာခရီး နီးသည်တော့မဟုတ်ပါ” ဟူသောဆောင်းပါးဖတ်ပြီး ဓါတ်ပညာဖြင့် ကုကြည့်ရန် အကြံပေး၍ ကျွန်ုပ်ထံဖုန်းဖြင့်ဆက်သွယ်လာပါသည်။ လူနာ၏ အမည်၊ နေ့နံ၊ မွေးသက္ကရာဇ်အရ တွက်ချက်၍ ဗုဒ္ဓဟူးသမီး (စရေ)လေဓာတ် ခမ်းနေသဖြင့် သတိလစ်နေသူကို သံပုရာရေ + ဆား ရောစပ်၍ ပါးစပ်မှအစက်ချပေးခြင်း (သနပ်ခါး + နံ့သာဖြူ + ကရမက်များ လိမ်းပေးခြင်း)၊ မိုးကုတ်ဆရာတော်ကြီး၏ တရားခွေ ဖွင့်ပေးထားခြင်း၊ ဇီဇဝါပန်းများ အိပ်ယာအောက်မှာ ခင်းပေး ခြင်း၊ လက်စွပ်ရေစိမ်၍တိုက်ခြင်း၊ သံပုရာ + ဆားရေကို မကြာခဏ အစက်ချ၍ လေဓါတ်ကို ဆွပေးခြင်းဖြင့် ရွာရောက်ပြီး (၃)ရက်အရတွင် (၈) ရက်ကြာ သတိလစ်မေ့မျောနေသော လူနာမှာ အောက်တိုဘာ(၁) ရက်နေ့မှစ၍ သတိရလာပြီး တဖြေးဖြေး အစားပါဝင်၍ (၇/၁၁/၂၀၁၉) အထိ (၁)လကျော် တောင်ဝှေးဖြင့် ရွာထဲသွားလာနိုင်သည်အထိ အခြေနေကောင်းလာပါသည်။

လူနာသည် အသက် (၄၃)နှစ်ထဲရောက်လာပြီး ထိုအသက်ပိုင်း၌ မူလမဟာဘုတ်ရော ကောဇာမဟာဘုတ်မှာပါ မရဏခွင်မှာရှိသော ကြာသပတေးဂြိုဟ်သို့ သက်ရောက်သောနှစ်ဖြစ်၍ အလွန်ညံ့သော သက်ရောက်ဖြစ်နေပါသည်။ သို့ပါ၍ ကိုယ်စားပစ်ခြင်း၊ ငါးများဘေးမဲ့လွှတ်ခြင်း စသော ယတြာမျိုးစုံ- သာဝိတ္တိဆန်းပညာ၊ ပုဂ္ဂလပညတ်၊ အင်္ဂဝိဇ္ဇာ၊ အဌမုခဓါတ်ပညာ နည်းမျိုးစုံဖြင့် ညှိနှိုင်းပေးကုခဲ့ရာ တောင်ဝှေးဖြင့် သွားလာလည်ပတ်နိုင်သည်အထိ တိုးတတ်ကောင်းမွန်လာခဲ့ ပါသည်။

သို့သော် “ဝိပါက်ကြမ္မာ-မရှောင်သာ၊ သေမည့်သူဆေးမတွေ့” ဆိုသကဲ့သို့ အများ အံ့အားသင့် လောက်အောင် ကောင်းနေရာမှ မမျှော်လင့်ဘဲ “လှစေလို၍ သကြောင်တိုက် ၊ ရေစီးကမ်းပြိုလိုက်” ဆိုသကဲ့သို့ ကထိန်အလှူရေစက်ချရန် အားရှိဖို့အတွက် မိုရီယာမင်(Moriamin) အားဆေး ပုလင်းချိတ် ပေးလိုက်ရာမှ သတိပြန်လစ်ပြီး မလည်လာတော့ပါ။

ဆောင်းပါးထဲမှာ  “ဝိပါက်ကြမ္မာ မရှောင်သာ ၊ ဝမ်းသာ၍မှမဆုံးသေးပါ”၊ “ကံကောင်းလာလို့ ကုသိုလ်လုပ် ၊ အဘယ်ဝိပါက်ကယ်ဝင်လို့ရှုတ်” ဟူသောခေါင်းစဉ်ဖြင့် အကျယ်ရေးထားပါသည်။ ​

ဖြစ်ပုံမှာ လူနာ နာလံထကျန်းမာလာစအချိန် နှစ်စဉ်ကျင်းပနေကြ ကျေးရွာကထိန်တွင် ကထိန်သင်္ကန်းကပ်လှူလို၍ (၁၀)စောင်တွဲထီထိုးရာ (၁)သိန်းတွတ်ဝင်၍ (၁၀)သိန်းဆုရရှိပါသည်။ (၆/၁၁/၂၀၁၉) နေ့တွင် ငွေထုတ်၍ နောက်နေ့ (၇/၁၁/၂၀၁၉) ကထိန်ပွဲတွင် သင်္ကန်းလှူရတော့ မည်။ သို့ဖြစ်၍ လူနာပို၍ အားရှိစေရန် ဆရာဝန်ပင့်၍ မိုရီယာမင်း(Moriamin)  အားဆေးတစ်လုံး သွင်းလိုက်သည်။ မျှော်လင့်ထားသလို အားမပြည့်လာဘဲ ထိုင်းမှိုင်းလာပြီး သတိလစ်ချင်သလို ဖြစ်လာသည်။  (၇/၁၁/၂၀၁၉) နေ့ ကထိန်ပွဲမသွားနိုင်တော့ဘဲ အိမ်မှာပင် ဘုန်းကြီးပင့်ပြီး ရေစက်ချ လိုက်ရသည်။ မကြာမှီ လူနာလည်း သတိလစ်သွားပြီး တစ်ပတ်မျှအကြာ လူနာ၏မွေးနေ့ ဗုဒ္ဓဟူးနေ့မှာပင် ဆုံးပါးခဲ့ပါသည်။

ကံကြမ္မာ၏ ဆန်းကြယ်ပုံကို သိစေလို၍ အသေးစိတ်ရှင်းပြရခြင်းဖြစ်ပါသည်။ မင်းရာပြည့် (ချောက်)၏ ဆေးဝါးမပါ ဓာတ်စာဖြင့်ကုနည်းစာအုပ်ပါ အင်္ဂဝိဇ္ဇာနည်းအရ “ရောက်သက်ကို တည်ပြန်၊ မသွေမှန်နံဂြိုဟ်ဇီဝနှော”  စားသတ္တအကြွင်းကျန် - ခယားပြန်တိုင်ထူ၍ဟော” ဟူသော အညွှန်းအရ လူနာအသက် ၄၃ + မွေးဂြိုဟ်အသက် ၁၂ = ၅၅÷၇= ၆ ကြွင်း - အင်္ဂဝိဇ္ဇာတိုင် ထူသော် -

           

           

           

           

           

                      အခိုက် - မိုရီယာမင်း(Moriamin)

           

၎င်းအသက်အပိုင်းမှာ မတည့်ဆုံးသော အခိုက်အစာကိုမှ တိုက်ရိုက်ပေးမိသလို ဖြစ်ခဲ့ပြီး ဓါတ်ခိုက်ခဲ့ပြီ။

၄၃ ÷ ၈ = ၃ ကြွင်း အဌမုခ ဓါတ်ပညာအလိုအရ တနင်္လာခွင်မှစ၍ လက်ဝဲရစ်ရေသော် သောကြာခွင်သို့ သက်ရောက်နေပြီး ၎င်းသက်ရောက်ခွင်၏ ရန်ဓါတ်များမှာ- (သောင်၊ တွင်၊ တင်၊ ကြောင်း) ဖြစ်ပါသည်။ ၎င်းမတည့်သောရန်ဂြိုဟ်နံများသည် (သောင်တွင် = သိန်းထီ) (တင်ကြောင်း = ကထိန်) ဟုအဓိပ္ပာယ်ရပါသည်။

သို့ပါ၍ သိန်းထီပေါက်၍ ကထိန်ခင်းလိုက်သည်ကပင် (ကံဆိုးမသွားရာ မိုးလိုက်၍ရွာ) ရန်ဓါတ်များ အစုလိုက်အပြုံလိုက် ထိပ်တိုက်တိုး၍ သွင်းလိုက်သည့် မိုရီယာမင်း(Moriamin)ကပင် ဆေးမဖြစ်ဘဲ ဘေးအဖြစ် ကြုံခဲ့ရပါသည်။  (၁၃/၁၁/၂၀၁၉)ရက်နေ့ သူမ၏အသက် (၄၃)နှစ်(၁)လ (၁၀)ရက် သူမမွေးဖွားခဲ့သော ဗုဒ္ဓဟူးနေ့မှာပင် ကွယ်လွန်ခဲ့ပါသည်။ ကံကောင်းသည်လား၊ ကံဆိုးသည်လား၊ ဝမ်းနည်းရမည်လား၊ ဝမ်းသာရမည်လား၊ ဝေခွဲမရ။ ဆွေမျိုးအားလုံး ယူကြုံးမရ၊ ကြေကွဲခဲ့ကြရပါသည်။ ကောင်းမှုကုသိုလ်ပြု၍ အေးချမ်းစွာ တဘဝ တခန္ဓာ ချုပ်ငြိမ်းသွားပြီမို့ ကောင်းရာသုဂတိရောက်ပါစေဟု ဆုတောင်းရုံမှအပ ဒီဘဝဒီမျှနှင့် ပြီးဆုံးခဲ့ပါပြီ။

အထက်မှာတင်ပြခဲ့သော ကင်ဆာဝေဒနာရှင် ဒေါ်ရီရိလွင်ကို မြန်မာ့တိုင်းရင်းဆေးပညာများ အနက်မှ နက္ခတ္တနယတွင်ပါဝင်သော -

(၁) ပုဂ္ဂလပညတ်ဓါတ်ပညာ

(၂) အဌမုခ ဓါတ်ပညာ၏

(ဂ) အင်္ဂဝိဇ္ဇာ ပညာ

(ဃ) သာဝိတ္တိ ဆန်းဗေဒင်ပညာ - များကိုအသုံးပြု၍ လူနာနှင့် ၎င်းမိသားစု၊ ကိုယ် ကျန်းမာရေး၊ စိတ်ချမ်းသာရေး၊ ငွေကြေးကုန်ကျမှု သက်သာရေးစသော လူမှုရေးကိစ္စ အဝဝကို မြန့်မာ့ရိုးရာဆေးပညာဖြင့် ကူညီပေးနိုင်ခဲ့ရုံသာမက၊ လူနာ၏ ကံကြမ္မာကိုလည်း ဗေဒတ္ထနည်းပညာ ဖြင့် တွက်ဆ၍ ယတြာနည်းမျိုးစုံဖြင့် ကာကွယ်ဖေးမနိုင်ခဲ့သလို၊ ဝိပါတ်ကြမ္မာ ကြုံလာပါက - ရှောင်မရသည့် သင်ခန်းစာများလည်း မှတ်သားရ၍ အဖိုးတန် မြန်မာ့ဆေးပညာများ ပြန်လည် ဖော်ထုတ်ရေး၊ ဝိုင်းဝန်းအားပေး စုစည်းဖော်ထုတ်ကြပါရန်- ညီလာခံကိုယ်စားလှယ်တော်ကြီးများ အားလုံးကို အလေးအနက် တိုက်တွန်းအပ်ပါသည်။

 အမှတ်(၂)ဆောင်းပါး_

            “အင်္ဂဝိဇ္ဇာဆေးပညာ၊ နေရာတိုင်းမှာသုံးနိုင်တာ ၊ အရေးကြုံကသုံးကြည့်ပါ” ခေါင်းစဉ်ဖြင့် ကက်ကင်းအမျိုးအစားများဖော်ပြ၍ ကက်ကင်းဓာတ်ဖြင့် ဆေးဖော်ပုံ၊ ခွေးရူးပြန်ရောဂါဟု ယူဆရသောလူနာကို အင်္ဂဝိဇ္ဇာနည်းဖြင့် ကုသပျောက်ကင်းခဲ့ပုံအကြောင်း၊ “သူ့ကိုနိုင်လို၊ ဆ, နှင့်ခို၊ လိုရာဆေးဖေါ်သုံး” အဆိုအရ ဆေးချက်အမျိုးမျိုး ဖေါ်ထုတ်နိုင်ပုံတို့ကို ၎င်းဆောင်းပါးမှာ ဖေါ်ပြထားပါသည်။

အမှတ်(၃)ဆောင်းပါး

“မြို့တိုင်းပြည်ရွာ သာယာကြောင်း၊ ဓါတ်ပညာဖြင့်တည်ခဲ့ကြောင်း” ခေါင်းစဉ်ဖြင့် မန္တလေး နန်းမြို့ရိုးတံခါးများကို ရှေးခေတ်အခါက ဓါတ်ပညာများဖြင့် စီရင်တည်ဆောက်၍ မြို့ရိုးတံခါးမကြီး လေးပေါက်၏ အမည်များကို  ဦးထိပ်တံခါး(အန္တော)၊ ကျော်မိုးတံခါး(ဂဗ္တေ)၊ စည်ရှည်တံခါး(စရေ)၊ လေးသိန်းတံခါး(ဝံသေ)ဟူသော ဓါတ်အမည်ယူ၍လည်းကောင်း၊ အခြားမြို့ရိုးတံခါးငယ် ရှစ်ပေါက် ကိုလည်း မိတ်အမည် မန်းဦး(ပအောင်)၊ လွန်ကဲ(လားကု)၊ စည်သာ(ဆွေသား)၊ ထင်ရှား (နောင်ရင်း)၊ သောင်းညွတ်(သားဆွေ)၊ ကျွန်းလုံးယူ(ကုလား)၊ ရန်ဌည်(ရင်းနောင်)၊ ကြေးမုံ (ဂဗ္ဘေ/ခေမာ)ဟူ၍ မြို့တံခါးအားလုံးကို ဓါတ်ပညာဖြင့် မြို့ရွာများ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတတ်စေရန်၊ ဘေးရန် အန္တရာယ်မှ ကင်းဝေးစေရန်၊ ဘုန်းကျက်သရေတိုးရန် စသော ဣဌမင်္ဂလာများအတွက် (အင်း/စမ) ယတြာတို့ဖြင့် စီရင်ခဲ့ကြပါသည်။

ကျွန်ုပ်သည်လည်း တပ်သည့်ပညာမနေသာ၊ ကိုယ့်ကျေးရွာသာယာရေးအတွက်- “ဒို့ရွာလေးလည်း သာစေချင် ၊ ရှေ့ထုံးဟောင်းသို့ ဓါတ်ပန်းဆင်” ဟူသော ခေါင်းစဉ်ဖြင့် ဇာတိရွာ၏ တေဇအရပ်ရှိ ဘုရားတွင် မုခ်ဦးတစ်ခု တည်ဆောက်၍ (တောင်းဆုပြည့်စေ) (အောင်စေမည်) ဟူသော အတိတ်အရ စပ္ပါနဝ အင်းစီရင်၍ (၁၆/၃/၂၀၁၇) နေ့စွဲဖြင့် ဆင်းတုတစ်ဆူ ကိုးကွယ်ပူဇော်ထားပါသည်။  ယနေ့အချိန်ထိ ရွာသူရွာသားများ အန္တရာယ်ကင်းလျက် ရှိပါသည်။

အမှတ်(၄)ဆောင်းပါး  

“မဟာဘုတ်ကပြောသော ကျွန်တော့်ဘဝဇာတ်ကြောင်း” ခေါင်းစဉ်ဖြင့် ကျွန်ုပ်ငယ်စဉ်ဘဝမှ စ၍ ယနေ့အထိဖြတ်သန်းခဲ့ရသော ဘဝအခြေအနေများ၊ ဇာတာကိန်းခန်းအရ ရောဂါအဆိုး ကြုံခဲ့ရသောနှစ်များ၊ အခက်အခဲများကို မဟာဘုတ် - ဂြိုဟ်စားသက်ရောက်နည်းဖြင့် တွက်၍ တင်ပြထားပါသည်။ မဟာဘုတ်နှင့်ဆန်းပညာအလိုအရ မှည့်ခေါ်သော နာမည်သည် အရေးကြီး သဖြင့် မိဘတိုင်း သားသမီးများ၏ အမည်ကို ပညာရှင်များနှင့်ညှိနှိုင်း၍ မှည့်ခေါ်သင့်ကြောင်း မီးမောင်းထိုး၍ ပြထားပါသည်။

အမှတ်(၅)ဆောင်းပါး

“ဘုမ္မိဟူက‌ ရှောင်မရ၊ ကြိုတင်တွက်ဆ၊ ကာကွယ်ကြ” ဟူသောခေါင်းစဉ်ဖြင့် “ရှာဖွေလေ တွေ့ရှိလေ၊ လက်တွေ့သုံးကြည့်မလွန်ပေ” “အညံ့ကြုံမည့်ရောက်သက်များ၊ ကြိုတင်တွက်ဆ သတိထား” “ဝိပါက်ကြမ္မာ မရှောင်သာ၊ ဖြစ်ကိန်းကြုံဖို့ ဖန်တီးလာ” “ကံကြမ္မာဖန်လာဖို့အရေး ၊ ကြက်ကင်ဟော့ပေါ့ကြုံပြန်သေး” “ အရေးကြုံလာ ဝိုင်းကူပါ၊ မြန်မာ့ပညာနည်းကျယ်စွာ” “လူသားမှန်သမျှ ရှောင်မရ၊ ဘုမ္မိကိန်းက စောင့်နေပ” ခေါင်းစဉ်များဖြင့် သမီးအလတ်၏ ဘုမ္မိကိန်း(၂)ထပ်ကြုံစဉ်က ကျန်းမာရေးပြဿနာကြုံခဲ့ပုံများကို အကျယ်တဝင့် တင်ပြထားပါသည်။

 အမှတ်(၆)ဆောင်းပါး

“တွေး၍မကုန်၊ ရေး၍မကုန်၊ ပုဂ္ဂလပညတ်ဇာတ်ကြောင်းစုံ” ခေါင်းစဉ်ဖြင့် _

-       ဆေးစာများမြောင် ၊ ကျမ်းစောင်စောင်ကို ၊ တတ်ခေါင်တွင်ကျယ် အတုယူဖွယ်

-       ပုဂ္ဂလပညတ် မျိုးစေ့အစ ၊ ခင်ကြီးဖျော်၏ အဌမုခ

-       အဌမုခနှင့် အင်္ဂဝိဇ္ဇာ၊ တိုက်ဆိုင်ပုံက အံ့ဩစရာ ခေါင်းစဉ်များဖြင့် ဆောင်းပါး(၁) မှာ ဖော်ပြခဲ့ သော ကင်ဆာလူနာ၏ ကံကြမ္မာဆန်းကြယ်ပုံ ဖြစ်ရပ်များကို တင်ပြထားပါသည်။

အမှတ်(၇) ဆောင်းပါး

“ကုထုံးသာဓက နမူနာပြ၊ အားကျစရာ ဒို့ရဲ့ဆေးပညာ” ခေါင်းစဉ်ဖြင့် အင်္ဂဝိဇ္ဇာဆရာ (ရင်ကို အေးမြစေသား) ဦးမောင်မောင်သန်း၏ အရေးပေါ်လူနာတစ်ဦးကို ခေါင်းရင်းမှထိုင်၍ ကြေးဖလားကို ကျောက်ခဲနှင့်ခေါက်၍ အသံပေးကုခဲ့ပုံနှင့် အသံဖြင့် အခိုက်မှ နဝင်းသို့ ဆွဲတင်ကုသပုံတို့ကို သာဓကပြု၍ “ဖတ်ပါမှတ်ပါ၊ လေ့လာပါ ရှေးဟောင်းသူတို့ကုထုံးစာ” ဟူ၍ ရှေးဆရာကြီးများ၏ ကုထုံးနမူနာယူ၍ လက်တွေ့သုတေသနများပြုကြရန် တိုက်တွန်းထားပါသည်။

အမှတ်(၈) ဆောင်းပါး

ပုဂ္ဂလပညတ်ဓါတ်ပညာတွင် အထက်နဝင်း ဖြစ်လာပုံကို

·         “အထက်နဝင်း သဲလွန်စ၊ ကျမ်းပေါင်းစုံနှင့် ညှိနိုင်မှ”

·         “ဆန်းပညာအစ ၊ သုံးတန်ပေါ်နိစ်နှင့် မဟာဘုတ်မှ”

·         “ဆန်းပညာ၏ ဣဌဌာန၊ ပုဂ္ဂလမှာ ဆေးချက်ချ၊ နဝင်းဖြစ်၍ အစွမ်းပြ”

·         “အရိယာဝံသအရှင် ၊ မှည့်မည်တွင်၊ ဓါတ်တွင်သနင်း၊ အထက်နဝင်း၊ ဉာဏ်ရှိသူများ  သုံးလေမင်း”

·         “အထက်နဝင်းကို သုံးလိုလျှင်၊ ဆန်းပညာကို တတ်အောင်သင်” - ခေါင်းစဉ်များဖြင့် ပုဂ္ဂလပညတ်ဓါတ်ပညာ၏ သမားဂုဏ်ပြဆေးချက် (အထက်နဝင်း) ဖြစ်ပေါ်လာပုံကို တင်ပြထားပါသည်။

 ၇။ ကောက်ချက်ဆွဲတင်ပြခြင်း (Conclusion and Suggestion)

            အထက်တွင်တင်ပြခဲ့သော အပိုင်းတို့ကိုကြည့်ပါက  - အကြိမ်(၂၀)မြောက် သမားတော်များ ညီလာခံမှာ တင်ပြခဲ့သောအပိုင်းနှင့် ထိုညီလာခံမှာတင်ပြခဲ့သော ပညာရပ်တို့သည် တိုင်းရင်းဆေး ပညာ၏ လက်တွေ့ကုသရေးနယ်ပယ်မှာ အသုံးပြုနိုင်ရုံမက အခြားသော လူသားအကျိုးပြု လုပ်ငန်းများဖြစ်သော တိုင်းပြည်ရပ်ရွာအေးချမ်းသာယာရေး၊ မိသားစုအရေး၊ စီးပွားရေး၊ ပညာရေး၊ ရောင်းရေးဝယ်ရေး၊ လာစေ၊ သွားစေ ၊ ကောင်းစေ၊  ဆိုးစေမှအစ လိုသလို အသုံးပြု၍ ရနိုင်သော အဖိုးတန်၊ အစွမ်းထက်သော ပညာများဖြစ်ကြောင်း သိစေလို၍ ကျွန်ုပ် ဉာဏ်မှီသ၍ လေ့လာမိသမျှ တင်ပြခြင်းဖြစ်ပါသည်။ အခြားသော  ကျွမ်းကျင်ပညာရှင်များမှလည်း မိမိတို့ ကျွမ်းကျင်ရာအပိုင်းမှ  ဝိုင်းဝန်းမျှဝေ ဖေါ်ထုတ်ကြမည်ဆိုပါက လက်ရှိပညာရှင်များ  ပို၍ပို၍ တိုးတတ်ပြီး ရေရှည်ထိန်းသိမ်း နိုင်မည်ဖြစ်ပါ၍ မိမိတို့ ကျွမ်းကျင်ရာပညာရပ်ဖြင့် မြန့်မာ့ဆေးပညာ တိုးတတ်ပြန့်ပွားရေး - ဝိုင်းဝန်း ဖော်ထုတ်အားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ 

၈။ အကြံပြုတင်ပြခြင်း (Future Plan)

(၁)       အထက်နိဒါန်းတွင် ဖော်ပြခဲ့သည့်အတိုင်း - (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ (၁၂/၁၃) ရက်များက နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့သော အကြိမ်(၂၀)မြောက် မြန်မာ့သမားတော်များ ညီလာခံမှ ဆုံးဖြတ်ခဲ့သည့်အတိုင်း ယခုညီလာခံမှလည်း နက္ခတ္တနယ ဆေးပညာ ဘက်စုံပြန်လည်ဖော်ထုတ်ရေး ဆက်လက်အတည်ပြုပေးပါရန်၊

(၂)       ဖော်ပြပါပညာရပ်များကို တိုင်းရင်းဆေးတက္ကသိုလ်မှ နက္ခတ္တနယဆေးပညာ၏ အမွေအနှစ် များ အဖြစ် ဆက်လက်ထိန်းသိမ်းမှသာလျှင် နောင်မျိုးဆက်သစ် လူငယ်တိုင်းရင်းဆေးဆရာများ လေ့လာသင်ယူလိုက်စားကြပြီး အရှည်သဖြင့် ထိန်းသိမ်းနိုင်မည်ဖြစ်၍ နောင်မျိုးဆက်သစ်များလည်း ပညာမျိုးစေ့လည်းရကြစေ၊ လိုလားသူများ ဆက်လက်ကြိုးစား၍ ဘွဲ့လွန်ဒီပလိုမာ၊ ဘွဲ့ဒီဂရီများ လည်း ရကြစေရန်နှင့် လူငယ်များ၏ သင်ယူလိုမှုအား မြှင့်တင်ပေးနိုင်ရန် ထိုပညာရပ်များ၏ အခြေခံသင်ရိုးများကို တက္ကသိုလ် သင်ကြားရေးတွင်ထည့်သွင်းပေးသင့်ပါကြောင်း

(၃)       ထိုသို့သင်ရိုးများရေးဆွဲနိုင်ရန် ဘာသာရပ်အလိုက် ကျွမ်းကျင်သူဆရာများ စုဖွဲ့၍ အခြေခံ သင်ရိုးညွှန်းတမ်းနှင့် ဆက်လက်လေ့လာနိုင်ရန် ကျမ်းကိုးအညွှန်းများပါ သတ်မှတ်သင့်ပါကြောင်း လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။

၉။ ကျေးဇူးတင်လွှာ( Acknowledgement)

ဤစာတမ်းကိုဖတ်ကြားခွင့်ပြုပါသော တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ စာတမ်းရွေးချယ်ရေးကော်မတီဝင်များအားလည်းကောင်း၊ ကျမ်းကိုး အညွှန်းပါ ဆေးပညာအသီးသီးကို ဖော်ထုတ်ရေးသားခဲ့ကြသော ဆရာများအားလည်းကောင်း၊  သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးသို့လည်းကောင်း ထာဝရဦးခိုက် ကျေးဇူးတင်လျှက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချူပ်အပ်ပါသည်။  

                                                                                             ဒေါက်တာနွယ့်ဝင်း

                                                   ကထိက၊ ဌာနမှူး (ငြိမ်း)

                                                                                 ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်

                                               ၈/၁၀/၂၀၂၂ (စနေ)

၁၃၈၄ ခု၊ သီတင်းကျွတ်လဆန်း (၁၄)ရက်

 


၁၀။ ကျမ်းကိုးစာရင်း (Reference)

(၁)       တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ နက္ခတ္တနယ တတိယနှစ် သင်ခန်းစာ ပြုစုရေးကော်မတီ၏ နက္ခတ္တနယသင်ရိုးလက်စွဲ။

(၂)       ပုဂ္ဂလပညတ် (၃)စောင်တွဲကျမ်း၊ ဂျာနယ်ကျော်မမလေး။

(၃)       ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း၊ ဆရာကြီးဦးသာတင့်။

(၄)       နေလကမ္ဘာဆေးပညာ၊ ပုဂ္ဂလပညတ်ဓာတ်ကျမ်း၊ သခင်ဗသွင်၊ ၁၉၆၉။

(၅)       မြန်မာ့ဆေးပညာပေါင်းချုပ်၊ ဂျာနယ်ကျော်မမလေး၊ ၁၉၆၂။

(၆)       ပုဂ္ဂလပညတ်အလင်းပြဓာတ်ကျမ်း၊ ပထမကျော်ဆရာသိန်း၊ ၁၉၈၂။

(၇)       လောကဓာတ်ဆရာကြည်၏ သမုတိဓာတ်ကျမ်း၊ ၁၉၇၀။

(၈)       ပညတ္တသိင်္ဂီကျမ်း၊ ဆရာကြီးဦးစံမြင့်၊ မန္တလေး။

(၉)       အဌမုခဝိတ္ထာရဒီပနီ၊ ဆရာတော်ဦးသောမ၊ လာကာရွာ၊ ကောလင်းစီရင်စု၊ ၁၂၈၃။

(၁၀)    ခင်ကြီးဖျော်ဆရာတော်၏ အဌမုခဓာတ်ကျမ်း။

(၁၁)     အဌမုခ၊ ဓာတုဝိတ္ထာရ၊ ဓာတုဝိဘာဂဒီပနီသုံးစောင်တွဲ၊ ဂျာနယ်ကျော်မမလေး။

(၁၂)     ဆေးဝါးမပါ၊ စားနည်းကုထုံးကျမ်း၊ မင်းရာပြည့်(ချောက်)။

(၁၃)     ဆရာကြီးဦးတင်ဦး(ပဲခူး)၏ ပုဂ္ဂလပညတ်အဖွင့်နှင့် လက်တွေ့ကုထုံးကျမ်း။

(၁၄)     ထိပေ့သျှင် ဆရာကြီးဦးအောင်မင်း၏ ကျိုးကြောင်းဆက် ဆန်းကျမ်း မဟာဘုတ်ဗေဒင် (ပထမတွဲ)။

(၁၅)    သမားတော်ကြီး ဦးခင်မောင်ရီ၏ အဇ္ဈတ္တိကနိဒါန်းနှင့် ပညတ်ဆေးကျမ်း။

(၁၆)    အရှင်ဣန္ဒဝံသ၏ အင်္ဂဝိဇ္ဇာအလင်းပြယတြာဓာတ်ရိုက်ကျမ်း။

(၁၇)    ဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)၏ ၂၁ရာစုဆောင်းပါးပေါင်းချုပ်(ပထမတွဲ + ဒုတိယတွဲ)နှင့် အင်္ဂဝိဇ္ဇာပညာသင်ဆောင်းပါးများ။

(၁၈)    ဦးကြာမြင့်၏ ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း။

(၁၉)    နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၏ သီတဉဏှပါစက တေဇောဓာတ်ကျမ်း။

(၂၀)     နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၏ နေလပညာနှင့် ပါစကတေဇောဓာတ်ကျမ်း။

(၂၁)     နေလဝိဇ္ဇာဓာတ်ဆရာ ဦးကျော်လင်း၏ ပုဂ္ဂလပညတ်အဖွင့်ကျမ်းဖြစ်သော နေလဝိဇ္ဇာ ဆေးပညာဓာတ်ကျမ်း။

(၂၂)     ဒေါက်တာနွယ့်ဝင်း၊ ကထိက/ဌာနမှူး(ငြိမ်း)၊ ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၏ ပြည်သူ့ကြားက ပြည်သူ့ဆေးပညာ၊ ပုဂ္ဂလပညတ် အခြေခံဓာတ်စာနှင့် သင်ပုန်းကြီးလက်စွဲ၊ ဆဌကမ္မအခြေခံကုထုံး လူနာလက်စွဲ။

''မြန်မာ့တိုင်းရင်းဆေးပညာ တခေတ်ဆန်းစေဖို့ ရုပ်၊ နာမ်၊ ဓါတ်စုံသုံးကြစို့" စာတမ်း၊ ၂၀၂၄

၁။      ခေါင်းစဉ် (Title)               ''မြန်မာ့တိုင်းရင်းဆေးပညာ တခေတ်ဆန်းစေဖို့

                                                ရုပ်၊ နာမ်၊ ဓါတ်စုံသုံးကြစို့"

၂။      စာတန်းရှင် (Author)        ဒေါက်တာနွယ့်ဝင်း - ကထိက/ဌာနမှူး (ငြိမ်း)

                                                ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့။

 ၃။      နိဒါန်း (Introduction)

          မြန်မာ့တိုင်းရင်းဆေးပညာကို မြတ်နိုးတန်ဖိုးထားသူတိုင်း မိမိတို့ မြန်မာ့ဆေးပညာများ ခေတ်နှင့်အညီ အစဉ်တိုးတက်စေရန် လိုလားမျှော်လင့်ကြမည် ဖြစ်ပါသည်။ ယနေ့ တိုင်းရင်းဆေးလောကသည် ရှေးယခင်ကကဲ့သို့ မိမိတစ်ဦးတည်း တစ်နိုင်ငံတည်း တသီးတခြား ရပ်တည်နေ၍ မရပါ။ အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံ ဖြစ်၍လည်း အခြားတိုင်ပြည်များနှင့် ယှဉ်ပြိုင်ရင်ဘောင်တန်း၍ မြန့်မာ့ဆေးပညာကို ဖော်ထုတ်ပြကြရမည် ဖြစ်ပါသည်။ အခြားသော တိုင်းပြည်များမှ ခေတ်မှီ GMP နည်းပညာများဖြင့် ဆေးပစ္စည်း အသစ်များ သုတေသနပြု ဖော်ထုတ်ကြသလို ကျွန်ုပ်တို့ မြန်မာများမှလည်း ခေတ်မှီ GMP စနစ်ဖြင့်  အဆင့်မြင့် မြန်မာ့ဆေးများ ဖော်ထုတ်လျက် ရှိပါသည်။ ကျွန်ုပ်တို့ ကုသရေး ကဏ္ဍဘက်မှလည်း အခြားတိုင်းပြည်များနှင့် ယှဉ်ပြိုင်ပြသနိုင်ရန် ဆန်းသစ်သော အသွင်အပြင်များဖြင့် ဖော်ထုတ်ပြသရန် လိုပါသည်။ ဖော်ထုတ်ပြသရုံသာမဟုတ် လူနာ၏ ရောဂါအခြေအနေ တိုးတက်ပျောက်ကင်းမှု၊ ကုသမှု အရည်အသွေး ရလာဒ်ကောင်းများ ရရှိရေး သုတေသနပြုမှုများ စသည့် အတွေ့အကြုံကောင်းများ ရရှိရေးအတွက် ပညာရှင်များ အားလုံးမှလည်း ဝိုင်းဝန်းကြိုးစား ဖော်ထုတ်ပြသကြရန် လိုပါမည်။

          လက်ရှိကုသနေသော နည်းပညာစနစ်များ ကောင်းပါသည်။ ဒေသနာဆေးပညာ ဟူသည် မြန့်မာဆေးပညာရှင်တိုင်း အလေးဂရုပြုကြသည့် ဘုရားဟောဒေသနာ၊ အပူအ‌အေး ကို အခြေခံသော မြန်မာတို့ မူပိုင်ဆေးပညာ ဖြစ်ပါသည်။ အာယုဗေဒ ဆေးပညာဆိုသည်မှာ လည်း အိန္ဒိယမှာ အထင်ကရ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက် သင်ကြားကုသလျက် ရှိသော-လေ၊ သည်းခြေ၊ သလိပ် ဟူသော"တြိဒေါသ"ကို အခြေခံသော ဆေးပညာ ဖြစ်ပါသည်။ ထိုပညာရပ်(၂)ခုကို မြန်မာမှုမြန်မာဟန်နှင့် ပေါင်းစပ်၍ ရှေးရှေးသော ပညာရှင်ကြီးများမှ မြန်မာ့ဆေး ပညာအဖြစ် ပေါင်းစပ်တည်ထွင်ခဲ့ကြပါသည်။

          သို့ပါ၍ ယနေ့တိုင်းရင်းဆေးလောကတွင် အသုံးပြုနေကြသော ကုထုံးကုကွက်များ သည် မြန်မာ့ဆေးပညာ ‌ဒေသနာ အယူအဆအရ အပူနာလေးပါး၊ အ‌အေးနာလေးပါး ဟူ၍ အနာ(၈)ပါး ခွဲခြား၍ ရောဂါများကို အာယုဗေဒ ဆေးပညာအဆိုအရ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ ငံ ဟူသော အရသာ(၆)ပါးဖြင့် ဆေးချက်ချပေးရကြသည်မှာ ရှေးရှေးသောကာလမှ ယနေ့တိုင် ဖြစ်ပါသည်။

          အာယုဗေဒဆေးပညာသည် ရှေးရှေးသော ဘုရားမပွင့်မှီကပင် ရသေ့ကျော်ပညာရှင်တို့ ဖော်ထုတ်ခဲ့ကြသော ဆေးတစ်မည်ချင်းစီ၏ ရသ, ဝိပါက, ဂုဏ်, ဝိရိယ, ကိစ္စ, ပဘာဝ စသော အာနိသင်များကို အသေးစိတ် ဖော်ပြထားသော ဆေးပညာ။ ကမ္ဘာ့တိုင်းရင်းဆေးလောက ကပင် လက်ခံထားသော ဆေးပညာ။ ထိုပညာရပ်ကို ဒေသနာဆေးပညာအလို အပူအအေး အယူအဆနှင့် ပေါင်းစပ်ထားသည်ဖြစ်၍ အတိုင်းထက်အလွန်၊ တံခွန်နှင့်ဘုရား၊ အလွန်ပင် ထင်ရှား၍ ယနေ့ခေတ်တိုင် မြန်မာတိုင်းရင်းဆေးဆရာများ အသုံးပြုနေကြခြင်းဖြစ်ပါသည်။

          ထိုမျှကောင်းလွန်းသောမြန်မာ့ဆေးပညာကို ကမ္ဘာကိုသိအောင်ပြဘို့ အသာထား၊ အရှေ့တောင်အာရှကို ဦးစွာ ထင်ရှားအောင်ပြဖို့ လိုပါမည်။ အရှေ့တောင်အာရှ ပြမည်ဆိုလျှင် မြန်မာ့ဆေးပညာ ဒါဘဲလားဟု မေးပါက ထို့ထက်ထို့ထက်ပို၍ မြန်မာ့ဆေးပညာမှာ အခြားသော ဆေးဘက်ဝင်ပညာများ အများအပြား ရှိပါကြောင်း ယနေ့ဖော်ပြမည့် "ခေတ်မှီ ပေါင်းစပ်ကုထုံး"ဖြင့် သက်သေပြရမည် ဖြစ်ပါသည်။ ထိုခေတ်မှီပေါင်းစပ်ကုထုံးကိုလည်း တမင် အဆန်းထွင် ဖော်ထုတ်ထားသည် မဟုတ်ပါ။ ဘုရားသခင်ဟောကြားတော်မူသော အဘိဓမ္မာဒေသနာတော်အလိုကျ အာရုံအမျိုးမျိုးကို ခေတ်မှီနည်းဖြင့် ဆန်းသစ်ဖော်ထုတ် ထားခြင်းသာ ဖြစ်ပါသည်။ ထိုပေါင်းစပ်ကုထုံးဖြင့် မြန်မာ့ဆေး ပညာတခေတ်ဆန်း စေနိုင်ကြောင်း ပြသလို၍ ဤစာတမ်းကို တင်ပြရခြင်းဖြစ်ပါသည်။

 ၄။      ရည်မှန်းချက်(Objectives)

ယေဘူယျရည်မှန်းချက် (General Objective)

လက်ရှိ သမားရိုးကျကုထုံးများကို ခေတ်မှီဆန်းသစ်သော အသွင်များဖြင့် ပေါင်းစပ် ကုသပေးရန်

ဝိသေသရည်မှန်းချက် (Specific objectives)

(က)   ခေတ်မှီဆန်းသစ်သော အသွင်အပြင်အာရုံများဖြင့် လူနာများကိုဆွဲဆောင်ရန်

(ခ) ဓါတ်စုံသုံး၍ ကုသပေးနိုင်ရန် ကျွမ်းကျင်သော အလွှာစုံပညာရှင်များဖြင့်          ပူးပေါင်း၍ မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်ရန်

(ဂ) အလွှာစုံပညာရှင်များ ပါဝင်လာသဖြင့် တိုင်းရင်းဆေးပညာရှင်များမှ ဆေးပညာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ တိမ်မြုပ်နေသော ဆေးပညာများ ပြန်လည် ဖော်ထုတ်ကြရန်

(ဃ)ပေါင်းစပ်ကုထုံး၏ ရလာဒ်များကို ရှုဒေါင့်စုံမှ သုတေသနအမျိုးမျိူး ပြုလုပ်ကြ      ခြင်းဖြင့် ကုသမှုအရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်

(င)  ရလာဒ်ကောင်းများ ရရှိပါက ပေါင်းစပ်ကုထုံးကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန်

၅။      အသုံးပြုသည့် ပစ္စည်းများနှင့် ဆောင်ရွက်ပုံနည်းလမ်း (Material and Method)   

          ဘုရားဟော အဘိဓမ္မာ ဒေသနာနှင့် ကျမ်းကိုးအညွှန်းပါ-ကျမ်းစာအချက်အလက်များ ပေါင်းစပ်၍ သုတေသနပြုခြင်း(Literature Research)

၆။      တွေ့ရှိချက်နှင့် ဆွေးနွေးသုံးသပ်ချက် (Finding and Discussion)

          အထက်ခေါင်းစဉ်မှာ-"မြန်မာ့တိုင်းရင်းဆေးပညာ တခေတ်ဆန်းစေဖို့ - ရုပ်,နာမ်,ဓါတ်စုံ သုံးကြစို့"ဟု ဖွင့်ဆို  ထားသဖြင့် ရုပ်, နာမ်, ဓါတ် ဟူသည် - မည်သည်ကိုဆိုကြောင်း ဦးစွာ ရှင်းလင်းရန် လိုပါမည်၊၊

(၁)     ယနေ့တိုင်းရင်းဆေးပညာသည် အပူအအေးကို အခြေခံထားသော ဒေသနာဆေးပညာ ဖြစ်၍ ရောဂါကိုလည်း အပူနာလေးပါး၊ အအေးနာလေးပါး ဟူ၍ သတ်မှတ်ပြီး သင့်လျော်သော ဆေးဝါး၊ ဓါတ်စာ အရသာများဖြင့် ရောဂါဝေဒနာ၏ ပူအေး, တက်သက်, ပွင့်ပိတ် အခြေအနေ အရ ပေးကုကြပါသည်။ ခန္ဓာကိုယ်ပြင်ပမှလည်း အခိုးအာကာသပွင့်စေရန် ဆေးလိမ်းခြင်း, ဆေးစိမ်, ကြပ်ထုပ်ထိုးခြင်း, အပူငွေ့ပေး၍ ချွေးထုတ်ခြင်း, လျှပ်စစ်ဖြင့် အာရုံကြောကို ဆွပေးခြင်း၊ အကြောပြင်ခြင်း၊ မှိုင်းခံ၊ အခိုးရှူခြင်း၊ နှာရှူခြင်း - စသည့်နည်းများကို အာယုဗေဒ နည်းစနစ်များနှင့် ပေါင်းစပ်ကုပေးကြပါသည်။

ဖော်ပြပါကုထုံးများကို ပုဂ္ဂလပညတ်ဓါတ်ပညာအလိုအရ ရုပ်,နာမ် ခွဲပါက-ပါးစပ်မှ စားမြို၍ ကုသော ဆေးဝါးနှင့် အစာအာဟာရဟူသမျှကို (နာမ်ဆေး)ဟုခေါ်၍ ဆေးစိမ်,ဆေး လိမ်း, ကြပ်ထုပ်ထိုးခြင်း, အကြောပြင်ခြင်း စသော ခန္ဓာကိုယ်ပြင်ပမှ ကုပေးရသော ကုထုံး အားလုံးကို (ရုပ်ဆေးဟု) ပုဂ္ဂလပညတ်ဓါတ်ပညာက သတ်မှတ်ပါသည်။ ဤသို့ဖြင့် လက်ရှိ ကုသနေသော တိုင်းရင်းဆေးကုသနည်းများကို (ရုပ်ဆေး) (နာမ်ဆေး) ဟူ၍ ရုပ်နာမ်ခွဲ၍  ကုသပေးပါမည်။

ဆက်လက်၍ - စာတမ်းခေါင်းစဉ်အရ ဓါတ်စုံသုံးနိုင်ရန်အတွက် လက်ရှိကုသနေသော ခန္ဓာကိုယ်ပြင်ပမှ ပေးကုသော ရုပ်ဆေးများကို ထပ်မံတိုးချဲ့ မွန်းမံဖြည့်စွက်ရန် လိုအပ်နေ ပါသည်။ နာမ်ဟုခေါ်သော ပါးစပ်မှ ဆေးနှင့်အစာပေးခြင်းတို့မှာ ရောဂါဝေဒနာ၏  လက္ခဏာအရ ဆေးချက်ချပေးသည်ဖြစ်၍ ကောင်းမွန်ပြည့်စုံပါသည်။ ရုပ်ဟုခေါ်သော လက်ရှိ အသုံးပြုနေသော ဆေးချက်များသည် အခိုးအာကာသကို လျင်မြန်စွာရစေသည်ဖြစ်၍ ပဉ္ဓဘုတ်နည်းပညာအရ ကုသမှုပြည့်စုံသည်ဟု ဆိုရပါမည်။ ပုဂ္ဂလပညတ် ဓာတ်ပညာ၏ ရှုဒေါင့်အနေနှင့်မူ အမြင်အာရုံဖြင့် ပေးကုသော စက္ခုဝိညာဏဓာတ်၊ အသံအာရုံဖြင့် ပေးကုသော သောတဝိညာဏဓာတ်၊ စိတ်မှ မျှော်လင့်ယုံကြည်ကိုးစားခြင်းဟူသော ဓမ္မာရုံဖြင့် ကုသသော မနောဝိညာဏဓာတ်ခေါ် စိတ်စွမ်းအားကုထုံးများ      လိုအပ်နေပါသေးသည်။ ရနံ့ဖြင့် ပေးကုသော  ဃာနဝိညာဏဓာတ်နှင့် ခန္ဓာကိုယ်ပြင်ပ       ပတ်ဝန်းကျင်မှ ထိစပ်နေသော အရိပ် အာဝါသ, နေရောင်လရောင်, အထိအတွေ့များဖြစ်သော ကာယဝိညာဏဓာတ်များကိုမူ ခေတ်မှီနည်းစနစ်များဖြင့် ထပ်မံတိုးချဲ့ဆောင်ရွက်ရန် လိုသေးကြောင်း တွေ့ရှိရပါသည်။

(၂)     ဒုတိယအနေနှင့် ပေါင်းစပ်ဆောင်ရွက်သင့်သောအရာမှာ လက်ရှိ တိုင်းရင်းဆေးပညာ အရ အပူ၊အအေး လက္ခဏာရှိသော ရောဂါရှင်ကို တက်,သက်,ပွင့်,ပိတ်စေသော အရသာရှိ ဆေးဝါးဓာတ်စာများဖြင့် ပေးကုကြရာ  ဒေသနာဆေးပညာအရ ကောင်းမွန်မှန်ကန်သော ဆေးချက်ဖြစ်ပါသည်။ သို့သော် ပုဂ္ဂလပညတ်ဓာတ်ပညာရှု့ဒေါင့်မှ ကြည့်သော် လူနာ၏ ခံစားနေရသော လက္ခဏာရသင့်သော်လည်း ကာယကံရှင်လူနာ၏ ပညတ်ဓာတ်ခံနှင့် အချို့ဓာတ်စာတို့မှာ နံမသင့်၍ ပျောက်သင့်သောအချိန်၊ ပျောက်သင့်သလောက် မပျောက်၊ အမြစ်မပြတ် ကျန်ရှိနေတတ်သလို နောက်ဆက်တွဲဆိုးကျိုးများလည်း ဝင်ရောက်နိုင်ကြောင်း ယူဆရပါသည်။

          ဥပမာ - သောမလူနာတဦး အေးချုပ်ပိတ် လက္ခဏာရောဂါတခုခု ရှိပါက ဒေသနာအလို ပူသက်ပွင့်ဆေးပေးရာတွင် သောမနှင့်သင့်လျော်သော အစာ၊ ဆေးများကို ဒေသနာအလိုနှင့် ပုဂ္ဂလပညတ်ဆေးပညာအလိုအရ လူနာ၏ ပါပသောမဓာတ်ခံနှင့်ညှိ၍ ပေးလိုက်ပါက ပုဂ္ဂလပညတ်နှင့် ဒေသနာနယပညာရပ်(၂)ခု တွဲဖက်အသုံးပြုသော        ဓာတ်စာဖြစ်၍ ပို၍ အစွမ်းထက်သော ဓာတ်စာဖြစ်ပြီး ကုသမှုရလာဒ်များ ယခင်ထက်ပို၍ အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်ပါမည်။

လက်ရှိတိုင်းရင်းဆေးတွင် အသုံးပြုနေသော ဆေးအဖုံများမှာ ပါပ,သောမ,ရောနှောနေ သော မိဿကဆေးများဖြစ်၍ အသုံးမပြုရဟု မဆိုပါ။ ရောဂါလက္ခဏာအရ ပေးသော ဆေးချက်များ ဖြစ်၍ ဆက်လက် အသုံးပြုနိုင်ပါသည်။သို့သော် ဓာတ်စာအတွက်ကိုမူ အထက်မှာ ညွှန်ပြခဲ့သည့်အတိုင်း လူနာ၏ မူလပညတ်ဓာတ်နှင့် ကိုက်ညီအောင် တွဲဖက်ပေး ပါက ပို၍ ကုသမှုရလာဒ် ကောင်းလာမည် ဖြစ်ပါသည်။လက်ရှိဆေးပညာရှင်များအနေဖြင့် ပါပသောမနှင့်ကိုက်ညီသော ပူအေး, တက်သက်, ပွင့်ပိတ်စေသော ဆေးဖုံ၊ဆေးနည်းများ ဖော်စပ်အသုံးပြုနိုင်ပါက ပို၍အဆင်ပြေပါမည်။ ယခုဖော်ပြခဲ့သည်တို့မှာ (နာမ်ဆေး)ဟု ခေါ်သော ဆေး၊အစာကျွေးပေးခြင်းကို ဒေသနာဆေးပညာတွင် ပုဂ္ဂလပညတ်အယူအဆ ဖြစ်သော လူနာ၏ပညတ်ဓာတ်ခံနှင့် ကိုက်ညီအောင် ပါပ၊သောမခွဲ၍ စီမံပေးကုပါက ပဋိပက္ခလည်းမဖြစ်နိုင်၊ ဘေးထွက်ဆိုးကျိုးများလည်းမရှိ၊ အမြန်ဆုံးသက်သာ ပျောက်ကင်းမှု ရှိ၊ မရှိ လက်တွေ့သုတေသနပြု ဖော်ထုတ်သင့်ပါသည်။

(၃)     ဆက်လက်၍ ရုပ်ဆေးဟုခေါ်သော လူနာ၏ ခန္ဓာကိုယ်ပြင်ပမှ အသုံးပြုပေးကုနေသော ဆီလိမ်း, ကြပ်ထုပ်ထိုးခြင်း, ဆေးစိမ်, ဆေးငွေ့ပေးပေါင်းခံခြင်း စသည်တို့မှာလည်း လူနာ၏ ပညတ်ဓာတ်ခံနှင့် ဆန့်ကျင်သော ဆေးများကို ခွဲခြား၍ အသုံးပြုပါက ပို၍အောင်မြင်မှု ရမည် ဖြစ်ပါသည်။ ဥပမာ - သောမသမားများကို နှမ်းဆီ၊/မုန်ညှင်းဆီလိမ်း၍ ဆားကြပ်ထုပ်ထိုးခြင်း၊ ပါပသမားများကို မြေပဲဆီ/ နေကြာဆီ/ သံလွင်ဆီ တစ်မျိုးမျိုးကို လိမ်း၍ သဲပူကြပ်ထုပ် ထိုးပေးခြင်း၊ သောမသမားများကို အနီရောင်အောက်ရောင်ခြည် (Infrared) ဖြင့် အပူပေး၍ ပါပသမားများကို ခရမ်းလွန်ရောင်ခြည်(ultra violet)ဖြင့် ပေးကုခြင်း စသော ကုနည်းများ သုံး၍ နည်းပညာ(၂)ရပ် ပေါင်းစပ်ကုကြည့်ပြီး ကုသမှုရလာဒ်များကို သုတေသန ပြုကြည့်သင့် ပါသည်။

(၄)     အထက်ပါ (နာမ်ဆေး)(ရုပ်ဆေး)များ ပေါင်းစပ်ကုသပုံကို နမူနာပြပြီး၍ (ဓာတ်စုံ ကုသပုံ)ကို ဆက်လက်ဖော်ပြလိုပါသည်။

          ဓာတ်စုံဆိုသည်မှာ ဒေသနာတွင် ဖော်ပြထားသော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ်ကြီးလေးပါးကို ဆိုသည်မဟုတ်ပါ။ အဘိဓမ္မာဒေသနာတွင် ဟောကြားတော် မူသော စက္ခု၊ သောတ၊ ဃာန၊ ဇီဝှာ၊ ကာယ၊ မန၊ မနောဝိညာဏ ဟူသော ဓာတ်ကြီး(၇)ပါးကို ဆိုလိုပါသည်။ ထိုဓာတ်များသည် အဘယ်သို့ ဖြစ်လာကြသနည်းဟူမူ လူနာ၏ ခန္ဓာကိုယ်မှာ ရှိသော စက္ခု၊ သောတ၊ ဃာန၊ ဇီဝှာ၊ ကာယ ဟူသော ပသာဒရုပ်(၅)ပါးနှင့် ဟဒယဝတ္တုဟူသော အခံဓာတ်ခြောက်ပါးတို့နှင့် ပြင်ပမှာရှိသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ မျှော်လင့်အားကိုးယုံကြည်သော အတွေးအကြံ ဓမ္မာရုံဟူသော အာရုံ(၆)ပါးတို့ တွေ့ဆုံ၍ ဖြစ်လာသော စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇီဝှာ ဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်နှင့် မနောဝိညာဏဓာတ် ဟူသော ဓာတ်(၇)ပါးကို အသုံးပြုရန် ရည်ရွယ်၍ “ရုပ်,နာမ်, ဓာတ်စုံ၊ သုံးကြစို့” ဟု စာတမ်းခေါင်းစဉ်မှာ ရေးခဲ့ခြင်း ဖြစ်ပါသည်။

          ဖော်ပြပါ ဝိညာဏဓာတ်စိတ်များ ဖြစ်လာစေရန် ပြင်ပမှ အာရုံများ လိုအပ်ပါသည်။ ထိုအာရုံများကို လူနာ၏ မူလဓါတ်ခံနှင့်သင့်သော ဓါတ်အာရုံ၊ မိတ်အာရုံ၊ နဝင်းအာရုံများကို ဓါတ်ဆင်၍ ဓါတ်စုံသုံးရမည်ဖြစ်ပါသည်။ ထိုအာရုံများကလည်း တိုင်းရင်းဆေးပညာရှင်များနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ပါသည်။ (ဓမ္မာရုံတမျိုးသာ စဉ်းစားတွေးခေါ်ယူဆရန် ရှိပါသည်။)

          ယခုလက်ရှိ တိုင်းရင်းဆေးရုံမှာ အသုံးပြုနေကြသော ဆေးလူး၊ ဆေးစိမ်၊ ကြပ်ထုပ်ထိုး၊ ပေါင်းချွေးခံ၊ အကြောပြင် စသော နည်းအားလုံးတို့သည် ဖောဌာဗ္ဗာရုံဟူသော အာရုံဖြင့် ကာယ ဝိညာဏဓာတ်ကို အသုံးပြုထားသောကုထုံး ဖြစ်ပါသည်။ အလားတူ အနံ့ပေးခြင်း၊ နှာရှူခြင်း၊ ညှော်နံ့ခံခြင်းစသည့် ကုထုံးများမှာ ဂန္ဓာရုံဖြင့် ဃာနဝိညာဏဓာတ်ကို ဆေးအဖြစ် ကုခြင်း ဖြစ်ပါသည်။ ဓာတ်စုံဟု ဆိုသဖြင့် စုံသင့်သောဓာတ်များ စုံပါမှ ပိုမိုကောင်းမွန်သော ရလာဒ်ရမည် ဖြစ်ပါသည်။ ဥပမာ - လူ့ဘဝရလာပြီး မျက်စေ့မမြင်၊ နားမကြားပါက ဘဝမှာ မပြည့်စုံ။ အင်္ဂါစုံမှ အသုံးဝင်သကဲ့သို့ ယခုကုသရာမှာလည်း ဓာတ်စုံနိုင်သမျှ စုံလေ၊ ပို၍ ရောဂါပျောက်ကင်းမှုရလာဒ် ကောင်းလေ ဖြစ်ပါမည်။ သို့ပါ၍ “မြန်မာ့ဆေးပညာတခေတ် ဆန်းစေဖို့ ရုပ်,နာမ်, ဓာတ်စုံ သုံးကြစို့”ဟု စာတမ်းခေါင်းစဉ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

(၅)    ဓာတ်စုံသုံး၍မည်သို့ဆန်းသစ်မည်နည်း။

          အဆိုပါ ဆန်းသစ်ခြင်းလုပ်ငန်းကို စမ်းသပ် သုတေသနပြုလုပ်လိုပါက လူနာများကို ကျား၊မ အဆောင်ခွဲသကဲ့သို့ ကျား၊မလူနာများကို ပါပ၊သောမ ထပ်မံခွဲထားရပါမည်။ သို့မှသာ ပါပ၊သောမအလိုက် တူရာ သင့်လျှော်သော ဓာတ်၊ မိတ်၊ နဝင်း၊ အာရုံတို့ဖြင့် အုပ်စုလိုက် တစ်ချိန်တည်း အလွယ်တကူ ပေးကုနိုင်မည် ဖြစ်ပါသည်။

(က)   ရူပါရုံဖြင့်ကုသော စက္ခုဝိညာဏဓာတ်ကုထုံး(visual Therapy)

          လူနာခန်းများ၏ ဆေးအရောင်၊ လိုက်ကာ၊ အခင်းစသည့် အ‌ရောင်၊ အလှဆင်သည့်           နံသင့်ပန်း၊ ပတ်ဝန်းကျင်မှ နံသင့်ပန်းအလှပင်များ ဝိုင်းရံစိုက်ပျိုးထားရှိခြင်း စသည့်           အပြင်အဆင်များ

(ခ)     သဒ္ဒါရုံဖြင့်ကုသော သောတဝိညာဏဓာတ်ကုထုံး(Audio therapy)

ပါပ၊သောမလူနာများနှင့်သင့်သော နံနက်ခင်းတရားဓမ္မတေးသံသာ၊ အရှင်နန္ဒမာလာ ဘိဝံသ၊ မဟာဗောဓိမြိုင်ဆရာတော်၊ မုံလည်ဆရာတော်၊ မိုးကုတ်ဆရာတော်ဦးဝိမလ  စသည့် ဆရာတော်ကြီးများ၏ ရိုးရှင်းသောတရားတော်များ၊ ငြိမ့်ညောင်းသာယာ နာပျော်ဖွယ်ကောင်းသော နေ့နံသင့်အဆိုတော်တို့၏ တေးသံသာနှင့် ပညာပေး ဟောပြောခြင်းများ

(ဂ)    ရုပ်မြင်သံကြားကုထုံး(Audio-visual Theapy)

          နေနံသင့် ဆိုင်း၊ အငြိမ့်၊ ကပွဲ၊ ပျော်ပွဲရွှင်ပွဲများ ရုပ်မြင်သံကြား တရားဟောပြောခြင်းနှင့်            ပညာပေးဟောပြောခြင်းများ

(ဃ)   ဂန္ဓာရုံဖြင့်ကုသော ဃာနဝိညာဏဓာတ်ကုထုံး(Aroma Therapy)

လူနာ၏ဓာတ်ခံနှင့်သင့်လျှော်သော နှင်းဆီ၊ ဒေါန၊ စပယ်၊ ခရေ စသော ပန်းရနံများ၊ နံ့သာဖြူ၊ ကရမက်၊ အမွှေးနံ့သာများ အခန်းတွင်းပျံ့သင်းနေစေခြင်း

(င)     အတွေ့အထိ ဖောဌဗ္ဗာရုံဖြင့်ကုသော ကာယဝိညာဏဓာတ်ကုထုံး(Touch Therapy)

          -ရေစိမ်/ဆေးစိမ်ကုခြင်း (Hydrotherapy)

          -ရောင်ခြည်ဖြင့်ကုခြင်း (Phototherapy)

          -နေရောင်/လရောင်ဖြင့်ကုခြင်း (Solar/ Lunar Therapy)

          -သဲဖို့/မြေဖို့/ဖွဲဖို့ကုခြင်း (Touch Therapy)

(စ)    ယုံကြည်ကိုးစားမျှော်လင့်ခြင်း - စသော ဓမ္မာရုံဖြင့် ကုသော မနောနှင့် မနောဝိညာဏ ဓါတ်ကုထုံး (6th SenseTherapy)

          အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ခြင်း (ဝိဇ္မာဓရကုထုံး၊ ဗုဒ္ဓယတြာနှင့်လောကီယတြာများ) ပါဝင်သော မနောဝိညာဏ်၊ မနောစွမ်းအင်ကုထုံးတို့ ပါဝင်ကြပါသည်။

          အထက်မှာဖော်ပြခဲ့သော လူနာ၏အမည်နံဓါတ်နှင့် သင့်လျှော်သော အာရုံတို့ဖြင့် ဘက်စုံ ပေးကုနိုင်ပါက လူအများမှလည်း မြန်မာ့ဆေးပညာကုထုံးသစ်များအပေါ် ပိုမို သက်ဝင် ယုံကြည် စိတ်ဝင်စားလာကြမည် ဖြစ်ပါသည်။ များများကု၍ များများ သုတေသနပြုပြီး ပို၍၊ ပို၍  ဆန်းသစ်မှုများ တိုးချဲ့ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

          အထက်မှာဖော်ပြခဲ့သော အာရုံ/ဓါတ်ဖြင့်ကုသသော ကုထုံးများသည် ဘုရားသခင်   ဟောကြားတော်မူသော “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိဖဿော၊ ဖဿပစ္စယာဝေဒနာ”ဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ လူနာ၏ စက္ခုစသော ပသာဒရုပ်များ နှင့် လူနာပညတ်၏ မူလဓါတ်ခံနှင့် သင့်လျှော်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ တွေ့ထိမှုကြောင့် ဖဿပစ္စယာဝေဒနာအရ လူနာနှင့်သင့်သော သုခ၊သောမနဿ ဝေဒနာများ ဖြစ်ပေါ်စေပြီး ခံစားနေရသော ရောဂါဝေဒနာ၏ ဒုက္ခဒေါမနဿ သောက စသော ရုပ်ဟောင်း၊ ဝေဒနာဟောင်း၊ စိတ်သောကဟောင်းများကို ပစ္စုပ္ပန်ခန္ဓာဖြစ်စဉ်အရ  သင့်သော အာရုံအသစ် များဖြင့် ဖန်တည်း၍ ဖြစ်လာသော ပစ္စုပ္ပန်ရုပ်သစ်,နာမ်သစ်တို့ဖြင့် အစားထိုးကုသော ကုထုံးဖြစ်၍ ယုံကြည်အားကိုးထိုက်သော ဒေသနာကုထုံးများပင် ဖြစ်ပါသည်။

          ၎င်းအပြင် ''အာဟာရပစ္စယောတိ၊ ကဗဠီကာရော အာဟာရော၊ ဣမဿကာယဿ အာဟာရ ပစ္စယေန ပစ္စယော၊ အရူပိနော အာဟာရာသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဌာနာနဥ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော'' ဟူ၍ ဟောထားချက်အရ စားသော အစာ၊ ဆေးဝါးကသာ ရုပ်ကို ဖြစ်စေသည်မဟုတ်၊ ဖဿ၊ စေတနာ၊ ဝိညာဏဟူသော နာမ်အာဟာရသုံးပါးမှလည်း ဤခန္ဓာကိုယ်ရုပ်တရားကြီးကို ထောက်ပံ့ထားသည်ဟု ဟောဆိုထားချက်များအရ ဝိညာဏာ ဟာရ ဟူသော မြင်စိတ်၊ ကြားစိတ်စသော ဝိညာဏဓါတ်များကလည်း ရုပ်တရားကြီးကို ဖြစ်စေကြောင်း အတိအလင်း ဟောပြထားပါသည်။ သို့ပါ၍ ယခုဖော်ပြပါ ဝိညာဏဓါတ် ကုထုံးများသည် ယုံကြည်ကိုးစားထိုက်သော အဘိဓမ္မာဒေသနာကုထုံးများ ဖြစ်ကြပါသည်။

          အထက်ဖော်ပြပါ ဆေးချက်များသည် ယခုမှပေါ်လာသည်မဟုတ်၊ ရတနာပုံခေတ် တောင်သာဒေသနာဆေးပညာပေါ်လာသော ခေတ်ကပင် စတင်ခဲ့သော ဆေးပညာ ဖြစ်ပါသည်။  ထိုခေတ်က စတင်ခဲ့ကြောင်းကို ပုဂ္ဂလပညတ်ကျမ်းရင်းမှာ ဖော်ပြထားသော စလေဆရာဦးပုည၏ မေတ္တာစာအထောက်အထားအရ သိရပါသည်။

အထက်မှာဖော်ပြခဲ့သော ကုထုံးများသည် ပုဂ္ဂလပညတ်ဓါတ်ပညာမှာ အသုံးပြုခဲ့သော အာရုံကုထုံးများဖြစ်၍ အမည်မေး၍ ဆေးပေးသဖြင့်  အခြေအမြစ်မရှိဟု ပယ်ခဲ့ကြ သော ကြောင့် ယနေ့အချိန်အထိ တိမ်မြုပ်နေရခြင်း ဖြစ်ပါသည်။ အမှန်မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော ရုပ်ဖြစ်ကြောင်း တရားလေးပါး၊ စိတ်ဖြစ်ကြောင်း အာရုံနှင့်ဒွါရတို့ကို အခြေခံသော ဘုရားသခင် ဟောကြားတော်မူသော နက်နဲသော ဒေသနာနည်းများပင် ဖြစ်ပါသည်။

သို့ပါ၍ အဘိဓမ္မာဒေသနာကို အခြေခံသော မြန်မာတို့၏ မူပိုင်ဒေသနာ ဆေးပညာ တစ်ရပ် တိမ်မြုတ်နေသည်ကို နိုင်ငံတော်အစိုးရမှ မြန်မာ့တိုင်းရင်းဆေးပညာများ ဖော်ထုတ် ကြရန် အားပေးနေခိုက်  ဤညီလာခံသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်တော်ကြီးများ ဆေးပညာရှင်များမှ အားလုံး ပူးပေါင်း၍ ပြန်လည်အားပေး ဖော်ထုတ်ကြရန် လိုပါကြောင်း အလေးအနက် တိုက်တွန်းတင်ပြလိုပါသည်။

 ၇။      ကောက်ချက်ဆွဲခြင်း၊ အကြံပြုတင်ပြခြင်း (Conclusion and Suggestion) 

ယနေ့ကျင်းပသော (၂၃) ကြိမ်မြောက်သမားတော်ညီလာခံသို့ ဤစာတမ်းတင်ပြရခြင်းမှာ

(၁)     “ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် ဘက်စုံ အထောက်အကူပြုနိုင်ရန် အလွှာစုံပညာရှင်များ ပါဝင်သော တိုင်းရင်းဆေးပညာ” ဟူသော ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌဆရာကြီးဦးမိတ်၏ (၂၀/၉/၂၀၁၉)နေ့စွဲပါ အကြံပြုချက်အပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၏ (၁၄/၈/၂၀၁၉) နေ့စွဲ စာအမှတ်-၂၀မ(သ) ၂၀၁၉ (၃၁၈၃)/၁၃၄၃၁ကို ရည်ညွန်း၍ - ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၂/၁၃)ရက်နေ့များတွင် နေပြည်တော်မှာ ကျင်းပပြုလုပ်သော အကြိမ်(၂၀)မြောက် သမားတော်များညီလာခံမှာ “နက္ခတ္တနယ ဆေးပညာ - ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ” ဟူသော စာတမ်းဖြင့် နက္ကတ္တနယ ဆေးပညာမှာ ပြန်လည်ဖော်ထုတ်ရန် လိုအပ်နေသေးသော - (၁)ပုဂ္ဂလပညတ်ဓာတ်ပညာ (၂) ဩဠာရိကသုခုမဓာတ်ပညာ (၃)အဋ္ဌမုခဓာတ်ပညာ (၄)ကောင်းကင်အမြင်နက္ခတ်ပညာ (၅) အင်္ဂဝိဇ္ဇာပညာ (၆)မဟာဘုတ်နှင့် ဂြိုလ်စားသက်ရောက်၊ သုံးတန်ပေါ်နိစ်ပညာများ ပြန်လည် ဖော်ထုတ်သင့်ကြောင်းကို တိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ တင်ပြခဲ့ပါသည်။

(၂)     ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၈/၉)နေ့များတွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော (၂၁)ကြိမ်မြောက် ညီလာခံမှာ - အကြိမ်(၂၀)မြောက် ညီလာခံမှာ တင်ပြခဲ့သော ပြန်လည် ဖော်ထုတ်ရန် လိုအပ်သော ထိုပညာရပ်များမှာ အမှန်တကယ် တိုင်းရင်းဆေး ကုသရာတွင် အသုံးဝင် ပါကြောင်း၊ ထိုပညာရပ်များ၏ အသုံးဝင်ပုံ တင်ပြထားသော ဆောင်းပါး(၈)ပုဒ်ကို အကျဉ်းအားဖြင့် တင်ပြခဲ့ပါသည်။ ထိုညီလာခံ(၂)ရပ်စလုံးမှလည်း၊ ထိုပညာရပ်များ ပြန်လည်ဖော်ထုတ်ရန် လိုအပ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့ အချိန်အထိ အကောင်အထည်ပေါ်မလာသေးပါကြောင်း ညီလာခံသို့ တင်ပြအပ်ပါသည်။ 

          သို့ပါ၍ ယခု (၂၃)ကြိမ်မြောက် သမားတော်များညီလာခံမှာ တင်ပြထားသော "မြန်မာ့ တိုင်းရင်းဆေးပညာ တစ်ခေတ်ဆန်းစေဖို့ ရုပ်,နာမ်,ဓါတ်စုံ သုံးကြစို့" ဟူသော စာတမ်း ခေါင်းစဉ်ပါ အချက်များဖြင့် လက်ရှိကုထုံးများကို ခေတ်မှီနည်းများဖြင့် အကောင်အထည်ဖော် မွန်းမံနိုင်ပါက မြန်မာ့ဆေးပညာ တခေတ်ဆန်းနိုင်ပါကြောင်းနှင့် ထိုဆန်းသစ်မှုများကိုလည်း နက္ခတ္တနယမှာ ပြန်လည်ဖော်ထုတ်ရန် လိုအပ်သော ပုဂ္ဂလပညတ်အပါအဝင် ဖော်ပြပါ ပညာရပ်များမှ ထုတ်နှုတ်၍ တင်ပြထားခြင်း ဖြစ်ပါကြောင်း ညီလာခံ တတ်ရောက်လာ ကြသော နိုင်ငံတော်အကြီးအကဲများ၊ တာဝန်ရှိဦးစီးဌာနမှ ပုဂ္ဂိုလ်များနှင့် ညီလာခံ ကိုယ်စားလှယ်တော်ကြီးများအား ကျွန်တော်လေ့လာမိသမျှ အထောက်အထားများဖြင့် ''မြန်မာ့ဆေးပညာ တခေတ်ဆန်းစေဖို့ ရုပ်,နာမ်,ဓါတ်စုံသုံးကြပါစို့''ဟု အကြံပြု တင်ပြအပ် ပါသည်။

၈။ ကျေးဇူးတင်လွှာ(Acknowledgement)

          ဤစာတမ်းကို ဖတ်ကြားခွင့်ပြုပါသော တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ စာတမ်းရွေးချယ်ရေးအဖွဲ့ကော်မတီဝင်များအားလည်းကောင်း၊ ကျမ်းကိုးအညွှန်းပါ- ဆေးပညာရပ်အသီးသီးကို ရေးသားခဲ့ကြပါသော ဆရာများအား လည်းကောင်း၊ သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာ အားလုံးသို့လည်းကောင်း၊ ထာဝရဦးခိုက် ကျေးဇူးတင်လျှက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည် ခင်ဗျား ။

                                                                                                                                                                                                           ဒေါက်တာနွယ့်ဝင်း

                                                                        ကထိက၊ ဌာနမှူး (ငြိမ်း)

                                                              ခန္ဓာဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်

                                                  ၂၆/၅/၂၀၂၄ (တနင်္ဂနွေ)

                                                 ၁၃၈၆ခု၊ ကဆုန်လပြည့်ကျော် (၆) ရက်

 

၉။      ကျမ်းကိုးအညွှန်း(References)

 ၁။      တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ နက္ခတ္တနယသင်ခန်းစာ ပြုစုရေးကော်မတီ၏ နက္ခတ္တနယ သင်ရိုးလက်စွဲ။

၂။      တိုင်းရင်းဆေးတက္ကသိုလ်၊ အကြော၊အရိုး၊အဆစ်နှင့် အပ်စိုက်ကုဌာန၊ ပဉ္စကမ္မကုထုံး၊ အတွဲ(၁)။

၃။      ပုဂ္ဂလပညတ်(၃)စောင်တွဲကျမ်း၊ ဂျာနယ်ကျော်မမလေး။

၄။      ပုဂ္ဂလပညတ်အခြေခံဓါတ်ကျမ်း၊ ဆရာကြီးသာတင့်။

၅။      နေလကမ္ဘာဆေးပညာ၊ ပုဂ္ဂလညတ်ဓါတ်ကျမ်း၊ သခင်ဗသွင်၊ ၁၉၆၉။

၆။      မြန်မာ့ဆေးပညာပေါင်းချုပ်၊ ဂျာနယ်ကျော်မမလေး၊ ၁၉၆၂။

၇။      ပုဂ္ဂလပညတ်အလင်းပြဓါတ်ကျမ်း၊ ပထမကျော်ဆရာသိန်း၊ ၁၉၈၂။

၈။      လောကဓါတ်ဆရာကြည်၏ သမုတိဓါတ်ကျမ်း၊ ၁၉၇၀။

၉။      ပညတ္တသိင်္ဂီ၊ ဆရာကြီးဦးစံမြင့်၊ မန္တလေး။

၁၀။    အဌမုခဝိတ္တာရဒီပနီ၊ ဆရာတော်ဦးသောမ၊ လာကာရွာ ကော်လင်းစီရင်စု၊ ၁၂၈၃။

၁၁။    အဌမုခ၊ ဓါတုဝိတ္တာရ၊ ဓာတုဝိဘာဂဒီပနီ သုံးစောင်တွဲ၊ ဂျာနယ်ကျော်မမလေး။

၁၂။    ဆေးဝါးမပါ၊ စားနည်းကုထုံးကျမ်း၊ မင်းရာပြည့်(ချောက်)။

၁၃။    ဆရာကြီးဦးတင်ဦး(ပဲခူး)၏ ပုဂ္ဂလပညတ်အဖွင့်နှင့် လက်တွေ့ကုထုံးကျမ်း (လက်ရေးမူ)။

၁၄။    သမားတော်ကြီး ဦးခင်မောင်ရီ၏ အစ္စျတ္တိကနိဒါန်းနှင့် ပညတ်ဆေးကျမ်း။

၁၅။    အရှင်ဣန္ဒဝံသ၏ အင်္ဂဝိဇ္ဇာအလင်းပြ ယတြာဓါတ်ရိုက်ကျမ်း။

၁၆။    ဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား)၏ ၂၁ရာစုဆောင်းပါးပေါင်းချုပ် (ပထမ+ ဒုတိယတွဲ)၊ အင်္ဂဝိဇ္ဇာပညာသင်ဆောင်းပါးများ။

၁၇။    ဦးကြာမြင့်၏ ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း။

၁၈။ ထိပေ့သျှင် ဆရာကြီးဦးအောင်မင်း၏ ကျိုးကြောင်းဆက်ဆန်းကျမ်း မဟာဘုတ်ဗေဒင်       (ပထမတွဲ)။

၁၉။    ဆရာဒဂုန်၏ ဆန်းဗေဒင်အသည်းနှလုံးနှင့် မဟာဘုတ်(ပထမ+ ဒုတိယ+ တတိယတွဲ)။

၂၀။    နေလဝိဇ္ဇာဦးကျော်လင်း၏ သီတဥဏှပါစကတေဇောဓာတ်ကျမ်း။

၂၁။    နေလဝိဇ္ဇာဦးကျော်လင်း၏ နေလပညာနှင့် ပါစကတေဇောဓာတ်ကျမ်း။

၂၂။     နေလဝိဇ္ဇာဦးကျော်လင်း၏ ပုဂ္ဂလပညတ်အဖွင့်ကျမ်းဖြစ်သော နေလဝိဇ္ဇာဆေးပညာ ဓါတ်ကျမ်း။

၂၃။    နေလဝိဇ္ဇာ ဦးကျော်လင်း၏ ဆေးဆရာနှင့် ဓါတ်ဆရာကုထုံးပညာဓါတ်ကျမ်း။