၁။ နိဒါန်း
ရက်များမကြာသေးမီ ပြီးခဲ့သောရက်ပတ်က အသက်အားဖြင့် (၄၂/၄၃)နှစ်အရွယ်
ရန်ကုန်မှ အသဲကင်ဆာဝေဒနာ ခံစားနေရသူ အမျိုးသမီးတဦး၏ ကံကြမ္မာနှင့် ခံစားနေရသော ဝေဒနာများကို
သာဝိတ္ထိဆန်းဗေဒင်ပညာ၊ ပုဂ္ဂလပညတ်ဓါတ်ပညာ၊ အဋ္ဌမုခဓါတ်ပညာနှင့် အင်္ဂဝိဇ္ဇာဓါတ်ပညာ
စသော မြန်မာ့ဆေးပညာ ဓါတ်စာ၊ယတြာနည်းမျိုးစုံတို့ဖြင့် ကူညီပံ့ပိုး ကုသပေးခဲ့ပုံမှတ်တမ်းကို
‘နက္ခတ္တနယဆေးပညာ ဝိုင်းဝန်းဖေါ်ထုတ်ထိန်းသိမ်းပါ’ အပိုင်း(၁)တွင် ဇာတ်လမ်းပမာ ပြည့်စုံစွာ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူလူထုအတွင်း ထိုကဲ့သို့သော အလားတူဝေဒနာရှင်များ
တွေ့ရှိပါက ငွေကုန်ကြေးကျ သက်သာစွာဖြင့် လူနာ၏ ရောဂါဝေဒနာအပြင် ကံကြမ္မာကိုပါ ပြုပြင်ပေးကုနိုင်သော
ပညာများ မြန်မာ့ဆေးပညာမှာ ရှိပါကြောင်း ပြည်သူအပေါင်း သိစေရန် ရည်ရွယ်၍ တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခုဆက်လက်၍ အင်္ဂဝိဇ္ဇာဓါတ်ပညာဖြင့် လက်တွေ့ကုသခဲ့ဖူးသော
ကုထုံးအတွေ့အကြုံအထောက် အထားများကို တင်ပြ၍ နက္ခတ္တနယတွင် အကြုံးဝင်သော ဓါတ်ပညာများသည်
အရေးကြုံပါက အသက်ကိုပင် ကယ်နိုင်သော သမားဂုဏ်ပြ ဆေးပညာများပင်ဖြစ်ကြောင်း ထပ်မံတင်ပြလို၍ ဤအပိုင်း(၂)ကို ဆက်လက်ဖော်ပြခြင်း
ဖြစ်ပါသည်။
၂။ အင်္ဂဝိဇ္ဇာဓါတ်ပညာ၊ နေရာတိုင်းမှာ သုံးနိုင်တာ၊
အရေးကြုံက သုံးကြည့်ပါ။
အင်္ဂဝိဇ္ဇာဓါတ်ပညာကို ပုဂံခေတ်ကာလမှစ၍ အသုံးပြုခဲ့ကြပြီး
ကုန်းဘောင်ခေတ် မကာရလောပဆရာတော် ခင်ကြီးဖျော်မှ လောကီပညာရပ် ကဏ္ဍပေါင်းစုံပါဝင်သော
အင်္ဂဝိဇ္ဇာ(၉)စောင်တွဲကျမ်းနှင့် အခြားနှီးနွယ်သော ဓါတ်ကျမ်းများကိုပါ ပြုစုခဲ့ပါသည်။
ထိုခေတ်မှစ၍ ယနေ့တိုင် အမည်ပေး အခါပေးမှအစ လာစေ၊ သွားစေ၊ ပြေးစေ၊ ပျက်စေ၊ ရောဂါရစေ၊ ကျန်းမာစေ - စသော ဓါတ်ယတြာများ၊ မှော်,အင်း,သိုက် - စသော ဂမ္ဘီရအစီအရင်များ၊
နက္ခတ်၊ ဗေဒင်၊ အဂ္ဂိယပ်ပါမတျန် အင်္ဂဝိဇ္ဇာဓါတ်ပညာများကို အသုံးပြုလျှက် ရှိကြပါသည်။
ထိုပညာရပ်များသည် အများထင်ကြသကဲ့သို့ ပျောက်ဖူးသည်ကိုသာ
မှတ်တမ်းပြုထားသော သညာကု ကုထုံးဆေးပညာများ မဟုတ်ပါ။ အချိန်အခါအလိုက် ဂြိုဟ်တို့၏ ရပ်တည်နေပုံ၊
မိတ်ဓါတ်၊ ရန်ဓါတ်၊ နဝင်းဓါတ်၊ အခိုက်ဓါတ် - စသည့် ပညာခန်းများဖြင့် ကုသသူဆရာ၏ ဥာဏ်စွမ်းရှိသလောက်
အကဲပေါက်သော သမားဂုဏ်ပြ ကုထုံးဆေးချက်များ ဖြစ်ကြပါသည်။ ထိုကုထုံးဆေးချက်နှင့်ဆိုင်သော၊
ကျမ်းရင်းမှာ ဖော်ပြထားသော ဥပဒေသနမူနာအချို့ကို ဦးစွာတင်ပြလိုပါသည်။
ကက်ကင်းအမျိုးအစားများ
(၂-၁) နံတူတက်ကင်း
ကက်ကင်းဟူသောစကားသည် ကြက်နှင့်ကင်းဟူသော သတ္တဝါ (၂)ကောင်မှ
ဆင်းသက်လာသော စကားဖြစ်သည် ကြက်နှင့်ကင်းတို့ တွေ့ပါက ဦးရာသတ္တဝါက နိုင်သည်။ ကြက်က ဦးလျှင်
ကြက်က နိုင်၍ ကင်းသေသည်။ ကင်းက ဦးလျှင် ကြက်သေသည်။ ငှင်းကို နမူနာပြုလျက် - ”တမည်ဓါတ်နံ၊
ပုံတူမှန်လည်း၊ အားမာန်ကြီးခြင်း၊ နိုင်ကြခြင်းကား၊
ကင်းကိုကြက်ပင်၊ ကြက်လျှင်ကြောင်ဘား၊ ကြောင်အားခွေးမူ၊ ခွေးမူကျားညှင်း| ဓါတ်အခင်းကြောင့်၊
နံချင်းသတ်လို၊ ဆေးကပိုဟု - - - - -” မူလကျမ်း၌
ထုတ်ဆို ဖွင့်ပြထားပါသည်။ ထိုကဲ့သို့သော ကက်ကင်းကို “နံတူကက်ကင်း”ဟု ခေါ်၍ “ဓါတ်တူနံတူ
ဆေးကိုယူ နံတူသတ်က အသေရ” အားကြီးသောဓါတ်၊ ဦးရာဓါတ်က နိုင်ကြသည်။
(၂-၂) ကက်ကင်းပြန်
ကက်ကင်းပြန်ဟူသည် မည်သည့် သစ်ပင်သစ်ရွက်၊ ၀တ္ထုပစ္စည်း၊
သက်ရှိသက်မဲ့မဟူ ဓါတ်စီရင်သောအခါ အရင်းမှအဖျားသို့ နံသင့်ကောက်ယူလျှက် (ထိုမှတဖန် အဖျားနံကို
အရင်းမှာ ထား၍ အရင်းနံကို အဖျားဘက်၌ ပြောင်း၍ ထားခြင်း သဘာဝမျိုးကို ဓါတ်ပြန် (ကက်ကင်းပြန်)ဟု
ခေါ်သည်။ “ကက်ကင်းသေ ရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊ နံတူသတ်က အသေရ” ဟု ကက်ကင်း၏အစွမ်းကို
ပြလေသည်။ ကက်ကင်းပြန်ယူပုံ ဥပမာ -
တောင်ငူ
= ခံတက် ပုဂံ = ကံပဲ့
လက်ပန်
= မြင်းလား ကင်ပွန်း = ဖွဲကြမ်း
(၂-၃)
ကတ်ကင်းအရှင်ဓါတ်
ကက်ကင်းအရှင်ဓါတ်ဟူသည် မူလရောဂါနံ၏ နံဂြိုဟ်ခေါ် ကတ္တားကို
အရင်းခံ၍ ထိုနံနှင့်တူသော အခံဓါတ်ကို ထပ်၍အုပ်လျှက် တဖန် အဖျားနံကို ဆပွတ်ဂြိုဟ်နှင့်
ပြန်၍ အုပ်ခြင်း သဘာ၀မျိုးကို (ကက်ကင်းအရှင်ဓါတ်) ဟု ခေါ်သည်။ အချို့က ပကတိ နံတူယူခြင်းကို
ကက်ကင်းအရှင်ဟု ခေါ်ကြသေးကြောင်း ဥပမာ - ဇလွန်မြို့ကို ဆူးလေ၊ ဇလပ်၊ ဇောင်းလျားဟု ကတ်တင်းအရှင် ယူသည်လည်း ရှိ၏။
အများဆုံးတွေ့ရသော နမူနာဆေးချက်များမှာ အနာရောဂါ၏ မူလနံကို
အခံပြု၍ အဖျားနံကို ဆပွတ်အုပ်သော ဆေးချက်များ ဖြစ်ကြသည်။ ဥပမာအားဖြင့်-
(က)
နှင်းခူ (ဆခို) ထန်းနိ့ ပြချ၍ ရေနံချေးနှင့် လိမ်းကြသည်။
(ခ)
မွှေးကျွတ်နာ (ဆခို) ပဒိုင်းမြစ် သွေး၍ ဆားနှင့် လိမ်းကြသည်။
(ဂ)
ထိပ်ခတ်နာ (ဆခို) ထန်းနို့ဆေးရိုး စဉ်း၍ ဆေးလိပ် လုပ်သောက်ကြသည်။
(ဃ)
၀က်ခြံအနာ (ဆခို) ဝက်ချေးမနှဲမြစ်သွေး၍ ဆားနှင့် လိမ်းကြသည်။
(င`)
မြင်းဘုနာ (ဆခို) ဖျောက်ဆိပ်ခေါက်နှင့် အုန်းသီးခွံ သွေး၍ လိမ်းကြသည်။
(စ)
ကြွက်တက်နာ (ဆခို) ကြက်နှာမောင်းနွယ် ပတ်၍ စည်းထားကြသည်။ ကြောင်ပန်းရွက် သတ္ထုရေလည်း
လိမ်းကြသည်။
(မသွေတကြောင်း၊
ကြွက်တက်ရှောင်းသော်၊ ကြွက်နှာမောင်းပန်း၊ ကြောင်ပန်းတရပ် -အင်္ဂဝိဇ္ဇာအဆို)
(ဆ)
ခေါင်း (ဆခို) ကိုက် (ဆခို) တူနှင့်ထု (စတိမျှ)
ခေါင်းကိုက်သော်
မခက်လော၊ တူနှင့်ထုသော် မပျောက်လော (လောကျမ်းမှ)
(ဇ)
ဝမ်း (ဆခို) ဗိုက်နာ (ဆခို) ချက်ပေါ်ဆားပုံပေး (လောကျမ်းအဆို)
အထက်မှာ ဖေါ်ပြခဲ့သော နမူနာများသည် ကက်ကင်းအမျိုးမျိုး
အထူးသဖြင့် (ကက်တင်းအရှင်ဓါတ်)ကို ရှေးက ဆေးပညာရှင်ကြီးများမှ ဆေးအဖြစ် အသုံးပြုခဲ့ကြပုံကို
ဒေသသုံး ဆေးမြီးတိုများမှ ရွေးထုတ်၍ အင်္ဂဝိဇ္ဇာအလိုဆေးချက်များ ဖြစ်ကြောင်း အထောက်အထားပြု
ပြဆိုအပ်ပါသည်။
၃။
ခွေးရူးပြန်ဆေး ဖော်မြူလာ၊ မြန်မာနည်းဖြင့် ဖော်ထုတ်ပါ။
လွန်ခဲ့သော တစ်နှစ်ခန့်က ခွေးရူးပြန်၍ သေဆုံးကြသူများအကြောင်း၊
ခွေးလေခွေးလွင့် များ၏ အန္တရာယ်အကြောင်း၊ ခွေးချစ်သူများ၏ အသင်းအဖွဲ့လှုပ်ရှားမှု စောင့်ရှောက်မှု
အကြောင်း၊ ခွေးရူးပြန်နှင့်ဆိုင်သော ဆောင်းပါးများ၊ Facebook လူမှုကွန်ယက် စာမျက်နှာပေါ်တွင် မကြာခဏ
တွေ့ရဖတ်ခဲ့ရပါသည်။ သတိပြုမိသည်ကား ယနေ့အချိန်အထိ ခွေးရူးပြန်ရောဂါဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူဟူ၍
ကမ္ဘာမှာ (၆)ဦးသာရှိကြောင်း မှတ်သားမိပါသည်။ ခွေးရူးကိုက်ခံထားရဖူးသူ တစ်ဦး ခွေးရူးပြန်ပြီဟေ့ဆိုလျှင်
ဆေးမရှိတော့ပါ။ အချိန်ပိုင်း၊ ရက်ပိုင်းအတွင်း သေဖို့ပင် ရှိပါသည်။ ပျောက်ကင်းအောင်
ကုသသော ဆေးလည်း ယနေ့ထိ မပေါ်သေးပါ။ ခွေးရူးပြန်ကာကွယ်ဆေးတော့ ထိုးဆေး ရှိပါသည်။
ခွေးရူးကိုက်ခံရဖူးပြီး (၅)နှစ်ကြာမှ ခွေးရူးပြန်ရောဂါနှင့်
အလွန်တူသော ဝေဒနာ ခံစားရသူတစ်ဦးကို မြန်မာတို့၏ အင်္ဂဝိဇ္ဇာဓါတ်ပညာဆေးချက်ဖြင့် ကုသ၍
ပျောက်ခဲ့ဖူးသည်ဟု ဆိုလျှင် ယုံကြမည် မဟုတ်။ ယုံချင်ယုံ၊ မယုံလျှင် ပုံပြင်ဟုတော့ မပြောနိုင်ပါ။
မကျေနပ်လျှင် လာ၍ ဗြူး (view)။ တစ်ဦးတော့ ရှိခဲ့ဖူးပါသည်။ လူနာနှင့်အတူ အကိုက်ခံရသူများ၊
ကုသပေးသူ ဆရာတော်နှင့် ဆေးရှာပေးသူတို့ ယနေ့တိုင်အသက်ရှင်ရှိနေဆဲ။ ထိုခွေးကိုက်၍ ခွေးရူးပြန်
သေခဲ့ကြသူများကလည်း နည်းနည်းနောနော။ လူ(၄)ဦးနှင့် နွားကြီးတစ်ကောင်။ ထိုအကြောင်းအရာများကို
ဆောင်းပါးရေးဖို့ လွန်ခဲ့သောနှစ်က ဓါတ်ပုံမှတ်တမ်းများ ယူထားခဲ့ပါသေးသည်။ ဆေးချက်များမှာ
မသဒီစရာ။ အနိဋ္ဌဆေးချက်များဖြစ်နေ၍ ယုံနိုင်ဖွယ်မရှိ။ အဆဲခံထိဘို့သာ ရှိမည်မို့ မရေးဖြစ်ခဲ့ပါ။
ယခုမူ ရေးဖို့ရန် အကြောင်းဖန်လာသည်မို့ ပြည်သူများလည်း အသိပေး၊ ရောဂါတိုက်ဆိုင်သူများလည်း
ယုံကြည်ပါက သုံးနိုင်စေ။ အင်္ဂဝိဇ္မာပညာရပ်ကိုလည်း ပြန်လည်ဖော်ထုတ်သောအားဖြင့် ယခု
ရေးဖြစ်ခြင်း ဖြစ်ပါသည်။
ထိုဝေဒနာအတွက် သုံးသော ကုထုံးဆေးချက်၏ ဥပဒေသအချုပ်တို့မှာ
-
(၁)
ကက်ကင်းဟူသမျှ နံစဉ်အရ၊ ပေါင်းက နဝငိးကြေ၊ နဝင်းဟူက ဆေးစွမ်းပြ၊ နေရာတိုင်းမှာ သုံးလို့ရ။
(၂) ကက်ကင်းသေရှင်သူ၊ ထက်အောက် ပြန်လှန်ကူ၊ နံတူသတ်က အသေရ။
(၃)
သူ့ကိုနိုင်လို၊ ဆနှင့်ခို၊ လိုရာဆေးဖော်သုံး။
ဟူသော အင်္ဂဝိဇ္ဇာအဆိုသုံးရပ်ကို ဆေးလုပ်၍ ပြလိုပါသည်။
အင်္ဂဝိဇ္ဇာပညာအလိုရ ကက်ကင်းဓါတ်နှင့် ဆပွတ်ဓါတ် ပညာနှစ်ရပ် ပေါင်းစပ်ထားသော ခွေးရူးပြန်ကာကွယ်ဆေးနှင့်
ကုသဆေးများ။ လွယ်သလားမမေးနဲ့။ လက်တကမ်းအတွင်းမှ ဆေးပစ္စည်းများ။ စွမ်းသလားလည်း မမေးနဲ့။
ခွေးရူးပြန်ရောဂါလို့ ထင်ရသူကိုပင် နာရီပိုင်းအတွင်း ပြန်ကောင်းပ။ တစ်ပြားမှ ငွေမကုန်။ မယုံလျှင် လာ၍မေး လူနာရော ကုပေးသူပါ အားလုံး သက်ရှိနေကြဆဲ
ဖြစ်ပါသည်။
အများအားဖြင့် နက္ခတ္တနယပါ ဓါတ်ပညာများသည် ပျောက်ဖူးသည်များကို
မှတ်တမ်းပြုထားသော ဆေးမြီးတိုအဆင့်မျှဟု ရတနာပုံခေတ်ကာလ နန်းတွင်းသမားတော်ကြီး ဦးဖိုးလှိုင်မှ
ဥတုဘောဇနကျမ်းမှာ မှတ်ချက်ပြုခဲ့ဖူးပါသည်။ ထိုမှတ်ချက်စကားအရ ခေတ်အဆက်ဆက် ဆရာများကလည်း
အခြေအမြစ် မရှိသော သညာကု ဆေးပညာဟု သတ်မှတ်ကာ နေရာလည်းမပေး၊ အလေးလည်းမထား၊ အပေါစားပညာဟုထင်ကာ
လေ့လာသင်ယူမှုလည်း မရှိကြတော့ပါ။ ထိုပညာများကို သုံးရကောင်းမှန်းသိသူများ ရှားလာပြီဖြစ်ပါ၍
နောက်မျိုးဆက်လူငယ်များမှာ ထိုပညာနှင့် ဝေးသထက်ဝေး တဖြေးဖြေး ကွယ်ပျောက်ရုံသာ ရှိတော့မည်။
သို့ဖြစ်၍ အင်္ဂဝိဇ္ဇာဓါတ်ပညာသည် အများထင်ကြသကဲ့သို့ အခြေအမြစ်
မရှိသည် မဟုတ်။ အရေးကြီးသည့် ခွေးရူးရောဂါ၊ ခွေးရူးပြန် ကမ္ဘာနာကဲ့သို့ ခက်ခဲသော ရောဂါများကိုပင်
ရှေးက ကုစားခဲ့ကြသော ဆေးချက်အခြေခံ ဖော်မြုလာများ ရှိခဲ့ပါကြောင်း အောက်ပါအတိုင်း မီးမောင်းထိုး၍
ပြလိုပါသည်။
(၃-၁)
ခွေးရူး (ဆခို) ခွေးချေးခြောက်၊ ကြက်ချေးခြောက်၊ ငယ်ချေးခြောက်၊ ကျားချေးခြောက် (ကက်ကင်းအရှင်ဓါတ်)
(၃-၂)
ယား(ဆခို) ယံ(ဆခို) ခွေးချေးခြောက် (ဆခိုနည်း)
(၃-၃)
ကုတ်(ဆခို) ဖဲ့(ဆခို) နှမ်းဆီ၊ ထန်းလျက်(ညက်) (ဆခိုနည်း)
(၃-၄) ဗုဒ္ဓ၊ စန္ဒြော၊
သောရီ၊ ဂုရု - ယား/ယံ ကြက်တောင်ပြန် (သူ့ကိုနိုင်လို ဆ,နှင့်ခို၊ လိုရာဆေးဖော်သုံး)
(၃-၅) ခွေးရူးပြန် - ပြန်ရူးခွေး (ကက်ကင်းပြန်၊ ကက်ကင်းသေ)
(ဆခို) နှင့် ပဒိုင်း၊ ဖွင့်ပြ (ကက်ကင်းအရှင်ဓာတ်) (ဆခို)
(၃-၆) ခွေးရူးပြန် - မှန်ကြည့် (ကက်ကင်းပြန်)
(၃-၇) ခွေး(ဆခို) ရူးပြန်(ဆခို) - ထန်းလျက်(ညက်) (ဆခိုနည်း)
(၃-၈) ခွေးရူး(ဆခို) ပြန်(ဆခို) - ခွေးချေးဆန် (ကက်ကင်းအရှင်)
(၃-၉) ခွေးရူးပြန် - ပ(ဆခို) ရိတ်ချည် (ကက်ကင်းပြန်) -
စစ်စေးရွှေချ (ဆခို/ဓါတ်တူနံတူ)
(၃-၁၀) ခွေးရူး - ငရံ့ပလူ (ဓါတ်တူနံတူ)
(၃-၁၁) ခွေး(ဆခို) ရူးပြန်(ဆခို) - ငချိတ်ဆန် (ဆခိုနည်း)
(၃-၁၂) ခွေးရူးပြန် - ပြန်ရူးခွေး (ကက်ကင်းပြန်) (ရန်ဓါတ်)
မရိုးစေး (ဓါတ်တူ၊ နံတူ/ရန်ဓါတ်)
(၃-၁၃) ခွေးရူး - ရှိန်းခို (ကက်ကင်းပြန်၊ ကက်ကင်းသေ)
(၃-၁၄) ငယ်ထိပ် - ဓါးခွဲ (ကက်ကင်းပြန်)
(၃-၁၅) ငယ်ထိပ်ပေါက် စေးသိပ် - စန္ဒြော သောရီ ဂုရု ဘောမ
(သူ့ကိုနိင်လို၊ ဆနှင့်ခို၊ လိုရာ ဆေးဖော်သုံး)
ရှေးက ကျေးလက်နေ သမားဆရာများ အသုံးပြုခဲ့ကြသော အထက်ပါ ခွေးရူးကုဆေးနှင့်
ခွေးရူးပြန်ကုဆေး ဖော်မြူလာများသည် အင်္ဂဝိဇ္ဇာပညာ၏ ဆေးနည်းများ ဖြစ်ကြပါသည်။
၄။ အတိတ်ဆီက ဇာတ်လမ်း - ခွေးရူးကိုက်ခဲ့သည့်
မှတ်တမ်း
နှစ်တွေပင် ကြာခဲ့ပါပြီ။ လွန်ခဲ့သော (၄၉)နှစ်ခန့်ဆီက စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြိ့နယ်၊ ကွေ့ချောင်းရွာမှ အဖြစ်အပျက်။ ထိုအချိန်က လူနာ
ဒေါ်ရှိန်သည်ပင် ယခု (၇၉)နှစ်။ သူမယောင်္ကျား ဦးမောင်စော အသက်(ဂု၁)နှစ်။ ကုသပေးသူ ဆရာတော်
ဦးပညာဇောတ၏အသက် (၈၆)နှစ်။ အသီးသီး ရှိနေကြပါပြီ။ သီလကောင်း၍ ယနေ့အချိန်အထိ အသက်ရှည်ကြ။ လက်တွေ့မှတ်တမ်ႈ သက်ရှိ ပြနိုင်သေးသည်ကပင် ကံကောင်းသည်ဟု
ဆိုရမည်။
လွန်ခဲ့သော (၄၉)နှစ် အတိတ်ကာလ (၁၃၃၃)ခုနှစ်၏ တနေ့သောနံနက်
(၆)နာရီခန့်အချိန်၊ ဘန့်ဘွေး-လက်ပံရွာ ခမည်းတော်ပြန်ပွဲ၊ ဒုံးပျံတင်ဝင်း၏ ဇာတ်ပွဲကြည့်အပြန်
ထမင်းချက် မီးမွှေးဖို့ ထင်းယူနေစဉ် ခွေးတကောင်မှ သူမ၏ ဘယ်ပေါင်ကို ကိုက်သွားကြောင်း၊
ရွာထဲမှ မခင်မြလည်း အကိုက်ခံရ။ ထိုမှဆက်၍ တစ်မိုင်ခွဲခန့် အဝေးရှိ ရွှေတောင်ဦးဘုရားကျောင်းမှ
ဆရာတော် ဦးစန္ဒောဘာသနှင့် သီလရှင်ဆရာမကြီးဒေါ်နှင်း။ ထိုမှ ပြန်လှည့်လာပြီး လမ်းမှာ
ဦးဘဟိန်း၏ နွားကြီးတကောင်။ ထိုနေ့ ညနေ(၄)နာရီခန့်အချိန်တွင် ကွေ့ချောင်းရွာမှ လက်ခုပ်ပင်ရွာ
အပြန်လမ်းမှာ ဦးချစ်ရီ၏ ညာလက်မောင်းကို ကိုက်သွား။ ၎င်းမှဆက်၍ တစ်မိုင်ခန့်အကွာ စုန်းချောင်းရွာ၊
တောင်အရပ်မှ အမျိုးသားတစ်ဦးနှင့် ဒေါ်စိန်ကြည် အကိုက်ခံရကြောင်း၊ ယခုအသက် (၇၃)နှစ်ရှိသူ
ဦးချစ်ရီမှ အသေးစိတ် ပြောပြသည်။ ဦးချစ်ရီကမူ စုန်းချောင်းရွာ ဦးရွှေခင်ထံမှ ထန်းလျက်၊
ပြာနှင့် အရိုးများပါသော ဆေးထန်းလျက်လုံး တထိုင်တည်း ကုန်အောင်စားခဲ့ရ။ နောက်နေ့မှာ
ကျေးစာကျရွာ ဘုန်းကြီးထံသွား ကုခဲ့သေး။ ငယ်ထိပ်ကို ဓါးနဲ့ခွဲ။ ဆေးပါ သိပ်ပြီး ဆေးမြစ်တစ်ခု
လက်တစ်ဆစ်မျှ ဆန်ဆေးရည်နှင့် သွေးသောက်ရန်ပင် ပေးလိုက်ကြောင်း၊ ယနေ့ထိ ဘာမှ မဖြစ်တြောင်း။ ဆေးမြစ်မှာ ငရံ့ပလူဖြစ်မည်ဟု ယူဆကြောင်း - ပြောသည်။
မမိရှိန် အကိုက်ခံရပြီး ရွာထဲမှ မခင်မြ ယခုအသက်(၆၈)နှစ်လည်း
အကိုက်ခံရ။ ခွေးရူးကိုက်ခံရပြီး တညနေ တစ်ကိုယ်လုံး ခေါင်းတွေပါယား။ ပျို့၍ အန်ချင်လာကြောင်း၊
အချို့ ခွေးရူးပြန်ပြီး သေတယ် သတင်းကြား၍ စိုးရိမ်ပြီး ကျေးစာကျရွာ ဆရာတော်ကျောင်းသို့
ခင်ပွန်းဖြစ်သူ ကိုကျော်ဝင်းနှင့်သွား၍ ဆေးကုခံကြောင်း၊ ဘုန်းကြီးမှ ခွေးရူးပြန်ချင်လို့
စတော့တာဖြစ်ကြောင်း ပြော၍ ငယ်ထိပ် ဓါးနဲ့ခြစ်။ ဆေးသိပ်၍ ဆေးမြစ်တစ်မျိုး သွေး၍ တိုက်လိုက်ကြောင်း၊
အန်လိမ့်မည်။ အန်လျှင် ပျောက်ပြီ - ဟုပြော။ လမ်းမှာတခါအန်၊ ယနေ့ထိ ဘာမှမဖြစ်တော့ကြောင်း
- လူတွေ့ မေးမြန်းခဲ့သည်။
အဆိုပါ ဒေါ်မိရှိန်နှင့် အပေါင်းပါတို့ကို ကိုက်ခဲ့သော
ခွေးရူးကြောင့် များမကြာမီ (၃)လခန့်မှာ ရွှေတောင်ဦးမှ(၂)ဦး၊ စုန်းချောင်းတောင်ရပ်မှ
(၂)ဦး၊ လူ(၄)ဦးနှင့် နွားကြီးတစ်ကောင်၊ ခွေးရူးပြန်ရောဂါဖြင့်သေခဲ့ကြကြောင်း။ ဤသည်မှာ
အတိတ်ကဇာတ်လမ်း - မှတ်တမ်းယူ၍ သိခဲ့ရပါသည်။
၅။ သွေးကင်း၊ လေကင်း၊ ခွေးရူးတင်း၊ ဘယ်ကင်းဆိုစေ၊
ကုစမ်းပေ။
ခွေးရူးပြန်ရောဂါဟု ယူဆရသော ဝေဒနာမှ ပြန်လည်တျန်းမာလာသူ
ဒေါ်မိရှိန်နှင့် ၎င်း၏ခင်ပွန်း ဦးစော၏ ပြောပြချက်အရ -
ခွေးရူးအကိုက်ခံရသည်မှာ (၅)နှစ်ပင် ကြာခဲ့ပါပြီ။ တနေ့သော
ညနေစောင်းအချိန်၊ ဒေါ်မိရှိန်သည် အသိစျေးသည်တစ်ဦးကို အကူလိုက်၍ စျေးရောင်းပေးရင်း ဦးချစ်လှိုင်အိမ်မှ
ပဲကြီးရိုးပြတ်ပုံပေါ် ထိုင်ခဲ့သည်။ ဒီဒေသလူများ အတွေ့အကြုံ၊ အယူအဆအရ ခွေးရူးကိုက်ခံထားရသူများ
ပဲကြီးခင်းထဲ ဖြတ်မသွားရ။ အနံရလျှင်ပင် ယားလာပြီး ခွေးရူးပြန်ကြောင်း ယုံကြည်ကြသည်။
အမှုခဲ့၊အမှတ်မဲ့ ပဲကြီးပုံပေါ် ထိုင်ခဲ့ပြီး အိမ်ပြန်ရောက်။ နေ၀င်ဖျိုးဖျ ညစာစားပြီး
အပိန့်တွေပါထ။ ကုတ်မရ၊ ဖဲ့မရ။ ပိုပိုယားယားလာသည်။ နေလည်းဝင်စ၊ တဖြေးဖြေး မျက်စေ့တွေပါ
ဝါးဝါးလာ၍ မမြင်တော့။ သတိလည်း မကောင်းတော့၍ ခွေးရူးပြန်တော့တာပဲဆိုကာ ဘုန်းကြီးကျောင်းသို့
လှည်းဖြင့် ခေါ်လာ။ လူနာက ကျောင်းရောက်တာပင် မသိတော့။ ကစမ်းတဝါး လျှာတွေဝါး၊ ရေတွေငတ်။ တဖြေးဖြေး လျှာပါထွက်လာသည်ဟု
ဆိုသည်။ တကိုယ့လုံး ယားလာကတည်းက ခွေးရူးပြန်တာဘဲဆိုပြီး ရေလုံးဝမတိုက်ကြ။ မပေးကြဟု
သိရ။
ထိုည (၇)နာရီ - (၈)နာရီခန့်၊ ဦးကျော်မောင်(ကွယ်လွန်)၊ ဖခင်
- ဦးဘကျော် (ကွယ်လွန်) စာရေးသူ၏ မိခင် ဒေါ်မယ်နက် (ကွယ်လွန်)နှင့် ယခုသက်ရှိ ဦးလှဖေကြီးတို့ပါ
ဘုန်းကြီးကျောင်းသို့ လိုက်ပို့ကြကြောင်း။ ဆရာတော်မှ ကျောင်းသား မောင်ဆောင်းဝင်း ယခု
အသက်(၆၂)နှစ်ရှိ အထွေထွေကျောင်းလုပ်သား(ငြိမ်း)နှင့် ဦးမောင်ဆန်း (၆၇)နှစ်တို့အား ခွေးချေး
အရှာခိုင်း။ ပြီး အမှုန့်ကြိတ်၍ နှမ်းဆီနှင့်ဖျော်၊ မှန်ကိုသုတ်၊ လူနာကို တွဲ၍ထူ။ ခေါင်းကိုကိုင်၍ မှန်ကို ကြည့်စေသည်။ ဇွတ်အကြည့်ခိုင်းသည်။ မျက်နှာရှေ့က မှန်ကိုပြသည်။ နာရီ၀က်ခန့်အကြာ
တဖြေးဖြေး အယားပြေလာပြီး အမြင်လည်း ကြည်လာကြောင်း (လူနာမှပြောသည်)။ လူနာမှာ နာရီဝက်ခန့်အကြာ
ထိုင်ရာမှ လဲသွားပြီး အိပ်ပျော်သွား။ လူနာလဲသွားစဉ် ခွေးရူးပြန် သေခြာတယ်ဟု ဘုန်းကြီးမှ
ပြောကာ ငယ်ထိပ်ကို ဆေးတစ်မျိုး သိပ်သေးသည်ဟု လူနာရှင်မှ ပြောသည်။ တစ်နာရီမျှအကြာ နိုးလာတော့ အကောင်းပကတိ
မတွဲရတော့ဘဲ ည(၁၀)နာရီခန့် အိမ်ကိုပြန်လာ။ ယားလျှင်ဆက်ကြည့်ဖို့ ဆေးသုတ်ထားသော မှန်အပဲ့ကိုပါပေးလိုက်ကြောင်း၊
ယနေ့ (၁၉/၆/၂၀၂၀)နေ့မှာ ခေါ်ယူတွေ့ဆုံစဉ် လူနာဒေါ်မိရှိန်နှင့် ၎င်း၏ခင်ပွန်း ဦးစောမှ
ပြောကြားကြပါသည်။
ဒေါ်မရှိန်သည် ခွေးရူးကိုက်ပြီး ဘန့်ဘွေးရွာ မယ်ဘွင့်ထံမှ
ခွေးရူးကာကွယ်ဆေး တစ်ဆယ်ကျပ်သား ကုန်အောင်စားရ။ ဆေးနည်းတော့ မသိ။ မန်ကျည်းမှည့်နှင့်
အရိုးမှုန့်တွေ ပါကြောင်း၊ ၎င်းအပြင် ကျေးစာကျရွာဆရာတော်ထံလည်း သွားကုသေးကြောင်း၊ ငယ်ထိပ်
ဓါးနှင့်ခွဲ၍ ဆေးသိပ်ပေး။ ငါးနှစ်ကြာမှ ခွေးရူးပြန်သလို ဖြစ်လာ၍ ရွာမှဆရာတော်နှင့်
ကုခဲ့ရကြောင်း၊ ပြန်ပြောင်း၍ ပြောပါသည်။
ခွေးရူးပြန်တာလား၊ တစ်ခုခု သွေးမတည့်တာလား၊ အများကတော့
ခွေးရူးပြန်သည်ဟု ဆိုကြ၊ သွေးကင်း၊ လေကင်း တစ်ခုခု မတည့်၍ (Allergic) ဖြစ်သည် ဆိုပါကလည်း
မျက်စိ တွေမမြင်၊ လျှာပါထွက်၍ သတိလစ်အောင်တော့ မဖြစ်ရာ။ (Shock) ဖြစ်သည် ဆိုလျှင်လည်း
သည်မျှနှင့် ပြန်မကောင်းနိုင်သေး။ အကယ်၍ ခွေးရူးပြန်ဖြစ်သည်ဆိုပါက ကမ္ဘာ့မှတ်တမ်းဝင်
ဖြစ်ရပ်ဆန်း၊ မြန်မာ့ဆေးပညာအစွမ်းဟု ကမ္ဘာကပင် ဂုဏ်ယူလောက်ပေသည်။ သွေးပင်း လေပင်း၊ ခွေးရူးပင်း၊ မည်သည့်အပင်းပင် ဆိုကြစေ။ သည်အဖြစ်မျိုးကြုံလာပါက ရေနစ်သူပမာ
စွဲကိုင်ရာ တစ်ခုခု အားကိုးတော့ ရှာကြစမြဲ။ သို့ဖြစ်၍ ဝသီပါသူ သုတေသီများ မှတ်သား၍
အရေးတစုံ ကြုံလာပါက သုံးနိုင်ကြရန် ဆေးပညာဥပဒေသနှင့် ဖော်မြူလာများပါ ရှာဖွေ၍ ကျိုးကြောင်းဆက်
တင်ပြလိုက်ပါသည်။
၆။
ရာသီမရွေး ရသည့်ဆေး၊ တွေး၍ယူဘိ - အလွယ်ရှိ၊ ခွေးရူးပြန်ကို ကုနိုင်၏
အထက်မှာ ဖော်ပြခဲ့သည်တို့မှာ ခွေးရူးပြန်သကဲ့သို့ဖြစ်သော
လူနာကို ကုခဲ့သည့်ကုထုံး၊ သုံးခဲ့သည့် ဖော်မြူလာများမှာ- ၁၊ ၂၊ ၃၊ ၆ တို့အရ ဖြစ်ကြောင်း
ဆက်စပ်၍ သိနိုင်ပါသည်။ ယနေ့အချိန်ထိ နောက်ထပ် ပြန်ဖြစ်ခြင်း မရှိတော့ပါ။ အကယ်၍ လူနာသည်
ဝေဒနာ ပြင်းထန်၍ မှန်အကြည့်ခိုင်း မရပါက ခွေးချေးနှင့် ဖျော်ထားသောဆီဖြင့် လျှာတို့ပေးရမည်။
ဒါနှင့်မှ မရသေးပါက ကလေးငယ်ချေး (သို့မဟုတ်) လူမစင်ဖြင့် မှန်ကိုတို့ပါက မှန်ကိုလျှာနှင့်
လျက်မတတ် ငုံ့၍ ကြည့်ကြောင်း ဆရာတော်ထံမှ ဗဟုသုတ မှတ်သားခဲ့ရပါသည်။
ရ။
အိုးရွဲ့ကို စလောင်းရွဲ့အုပ်၊ အဆိပ်ကို အဆိပ်နဲ့ထုတ်
မြွေဆိပ်သင့်သူကို မြွေဆိပ်မှ ထုတ်ယူထားသော ဖြေဆေးနှင့်
ကုကြသည်။ အိုးရွဲ့ကို စလောင်းရွဲ့နှင့်အုပ်မှ အဆင်ပြေသကဲ့သို့ ခွေးရူးသည် အနိဋ္ဌ၊ ခွေးချေးသည်
အနိဋ္ဌ။ အနိဋ္ဌနှင့် အနိဋ္ဌ တွေ့မှသာ ဣဋ္ဌအဖြစ် လိုအပ်သော ဆေးအကျိုးကို ရပါမည်။ သင်္ချာသဘောတရားမှာလည်း
(-) x (-) = (+) ဖြစ်သကဲ့သို့ သာဝိတ္ထိဆန်းဗေဒင်ပညာအဆိုမှလည်း ဖိနပ်ကို ခြေထောက်မှာ
စီးပါမှ ဆူးညှောင့်ခလုတ် ကာကွယ်မည် ဟုဆိုသည်။ သို့ပါ၍ ခွေးရူးပြန်ရောဂါကို ခွေးချေးအနိဋ္ဌနှင့်မှ
သဘာဝကျ ဆေးချက်လှပေမည်။
ဆေးများကို သာဝိတ္ထိဆန်းပညာ ရှုထောင့်တမျိုးတည်းမှ ဆေးအစီအမံ
ပြုသည်မဟုတ်။ အင်္ဂဝိဇ္ဇာပညာအလိုအရ ကက်ကင်းဓါတ်၊ ဆပွတ်ဓါတ်များကိုပါသုံး၍ အစွမ်းထက်သော
ခွေးရူးပြန်ရောဂါကုဆေးများအဖြစ် ရှေးဆရာကြီးများမှ အသုံးပြုခဲ့ကြပါသည်။ ထိုဆေးများဖြင့်
ပျောက်မပျောက်ကိုမှု ဝသီပါသူ ပညာရှင်အပေါင်းမှ ရောဂါရှင်တွေ့ပါက .လက်တွေ့ပေးကု သုတေသနပြုနိုင်ကြပါရန် ရှေးဆရာကြီးများ၏ ဆေးချက်ဖော်မြူလာကို မျှဝေလိုက်ရပါသည်။
ခွေးရူးပြန် ဖြစ်လာပါက ဆေးမရှိတော့သည့် လူနာကို - ဓါတ်ပညာ မှန်ပြရုံဖြင့် လုံးဝ ထိခိုက်စရာ
မရှိပါကြောင်း ထပ်လောင်းအာမခံပါသည်။ တိုက်ဆိုင်၍ ရှင်လာပါက မြန်မာ့ဆေးပညာ၏ အောင်မြင်မှုတစ်ရပ်၊
ကမ္ဘာကို လက်ခမောင်း ခတ်နိုင်မည် ဖြစ်ပါကြောင်း လေ့လာမိသမျှ ဗဟုသုတ မျှဝေခြင်း ပြုလိုက်ရပါသည်။
၈။
ခွေးရူးပြန်ရောဂါကု ရွှေဓါတ်လုံး၊ အရေးပေါ်က အလွယ်သုံး
ဤနည်းက သမားဂုဏ်ပြ အလွန်လှသည်။ ဝသီပါသူ ဆရာတိုင်း အရံသင့်
စီမံထားသင့်သော “ရွှေဓါတ်လုံး ဆေးတော်ကြီး"ဟု ခေါ်ဆိုနိုင်ပါသည်။ ဖော်ပြခဲ့သော
မှန်ပြ၍ ကုသောနည်းနှင့် တွဲ၍လည်း သုံးနိုင်ပါသည်။
“ရွှေဓါတ်လုံး
စီရင်နည်း”
ခွေးများသည် ဆန်များကိုစားပြီး အစာမကြေ၊ ချေးပါသောအခါ ဆန်စေ့များ
အတုံးလိုက်ပါတာ တွေ့ခဲ့သော် ၎င်းခွေးချေးဆန်များကို အစေ့ထုတ်ထားသော ပဒိုင်းသီး အတွင်းထည့်၊
ပဒိုင်းသီးကို ပြန်ပိတ်၍ ပရိတ်ချည်ဖြင့် ရစ်ပတ်ချည်ထား။ ခြောက်သော် စစ်စေးသုတ် ရွှေချ။
ခွေးရူးပြန်လူနာ တွေ့ပါက ၎င်းရွှေဓါတ်လုံးကို
ရုတ်တရက် ထုတ်၍ပြ။ လူနာမှ အန်လိမ့်မည်။ အအန်ရပ်သော် ထပ်၍ပြ။ အဆိပ်ကျန်သေးက ထပ်အန်မည်။ မအန်တော့သော်
ခွေးရူးဆိပ်ကုန်ပြီ။ လူနာလည်းပန်း၍ အိပ်သွားမည်။ အိပ်ယာနိုးလျှင် အကောင်းပကတိ ဖြစ်သည်တု
ကပိုင်နယ်မှ ဆရာတစ်ဦးပြော၍ မှတ်သားဖူးပါသည်။
ထိုရွှေဓါတ်လုံးကို ဖော်ပြပါ ဖော်မြူလာ ၅၊ ၈၊ ၉ တို့အရ
ဖော်စပ်ခြင်း ဖြစ်ပါကြောင်း၊ အရံသင့် စီရင်၍ ဆောင်ထားသင့်သော ခွေးရူးပြန်ရောဂါအတွက်
သမားဝုဏ်ပြ အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါသည်။
၉။
ခွေးရူးပြန် ကာကွယ်ဆေး၊ ဓါတ်ပညာနှင့် ညှိ၍ပေး
ကျွန်ုပ်သည် တိုင်းရင်းဆေးဗီဇဝါသနာအရ တွေ့ရာရောက်ရာဒေသမှ
ဒေသသုံး ဆေးနည်းများ စုံစမ်းမှတ်သားလေ့ရှိရာ ခွေးရူးရောဂါနှင့် ပတ်သက်၍ ဆေးနည်းများ
တရွာတပုဒ်ဆန်း မှတ်တမ်းတွေ အများကြီး ရခဲ့ပါသည်။
အများအားဖြင့် ထန်းဖိုထန်းလျက် တစ်ကျပ်၊ ကြက်တောင်ပြန်ချေး
(ကြက်ချေး) တစ်မတ်၊ ပဒိုင်းမြစ် (သို့မဟုတ်) ပဒိုင်းရွက် အရွက်ကြောများ ရောကြိတ်၍ ဇီးကင်းခန့်
လုံးပြီး ဘုရားတစ်လုံး၊ တရားတစ်လုံး၊ သံဃာတစ်လုံး အာရုံပြ၍ သုံးချိန်ခွဲ အမြိုခိုင်းသည်လည်း
မှတ်သားဖူးပါသည်။ အသုံးများသောနည်း ဖြစ်ပါသည်။
(၁) ပနိုင်းသည် ခွေးရူးအဆိပ်ကို နိုင်သည်ဟု ရှင်နာဝသိန်၏
ပုံပြအဘိဓါန်မှာ ပါသည်။
(၂) ထန်းလျက်သည် ပဒိုင်းအဆိပ် မလွန်အောင် ထိန်းသည်။
(၃) ကြက်ချေးခြောက်/ ကြက်တောင်ပြန်ချေးခြောက်သည် ရူးခြင်း၊ ယားယံခြင်း၊ ခွေးရူးဆိပ်ကို
အင်္ဂဝိဇ္ဇာအလိုအရ ကာကွယ်သည်။
(၄)
ဆေးစားပြီး မကြာမှီ ပဒိုင်းအဆိပ်သတ္တိဖြင့် ခွေးရူးပြန်သကဲ့သို့ ဖြစ်လာသည်။ အဆိပ်သတ္တိ
ပြေသော် လူနာနှင့် လူနာရှင်များမှ ခွေးရူးပြန်ပြီး၍ အဆိပ်ကုန်ပြီး ခွေးရူးမပြန်တော့ဟု
စိတ်ချကြသည်။
ဖော်ပြပါ ခွေးရူးပြန်ကာကွယ်ဆေးနည်းသည် ဖော်မြူလာ အမှတ်
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၇ တို့နှင့် ဆီလျှော်သင့်တော်သော
ကာကွယ်ဆေးနည်းတစ်လက် ဖြစ်ပါသည်။ အကယ်၍ ပဒိုင်းလည်း
မထည့်လို။ ကြက်ချေးလည်း မထည့်လိုသော် (၃)နှင့် (၇) ပုံသေနည်းအရ ထန်းလျက်ကို နှမ်းဆီနှင့်ကြော်၍
ဘုရားဂုဏ်တော်၊ သမ္ဗုဒ္ဓေ၊ ဗောဇ္စျင်္ဂသုတ် - စသည် ရွတ်ဖတ်၍ ကျွေးပါကလည်း ပျောက်ကင်း၊
ကာကွယ်နိုင်မည် ဖြစ်ပါသည်။ (ဆေးရုံဆေးခန်းမှ ခွေးရူးပြန် တာတွယ်ဆေးလည်း ထိုးရပါမည်။)
၁၀။
အင်္ဂဝိဇ္ဇာ နည်းကျယ်စွာ၊ ပမာ မြေနှင့်မိုး
အင်္ဂဝိဇ္ဇာနည်းပညာသည် မိုးမြေပမာ ကျယ်ပြန့်ပါကြောင်း၊
ဆရာတော်ခင်ကြီးဖျော်၏ ကျမ်းရင်းမှာ ပြဆိုထားပါသည်။ အထက်မှ ဖော်ပြခဲ့သည်တို့မှာ ယနေ့ထိ
ကမ္ဘာမှာ မရှိသေးသော ခွေးရူးပြန်ကု ဆေးနည်းပညာ ဖော်မြူလာ မြန်မာ့ဆေးပညာမှာ ရှိပါကြောင်း၊
ပညာရှင် စိတ်ဝင်စားသူများ စုပေါင်း၍ သုတေသန ပြုလုပ်ဖို့တော့ လိုပါသည်။
ခွေးရူးအကိုက်ခံထားရဖူးသူ တစ်ဦးမှ ခွေးရူးပြန်သလိုဖြစ်၍
ဖော်ပြခဲ့သောနည်းဖြင့် ပေးကုရာ တစ်ဦးပျောက်တာကတော့ အသေအခြာပါ။ ခွေးရူးပြန်သူ တစ်ဦးဦး
တွေ့ကြုံလာပါက ပေးကြည့်တာတော့ မမှားပါ။ လွဲစရာမရှိ။ ရှင်လာပါက မှတ်တမ်းဝင်အမြတ်။ ကမ္ဘာကပင်
ဝုဏ်ယူပါလိမ့်မည်။
ကျွန်ပ်၏ဆေးခန်းသို့ လွန်ခဲ့သောနှစ်များက ခွေးရူးပြန်လူနာ
(၃)ဦး လာပြဖူးပါသည်။ ထိုစဉ်က ဤဆေးနည်းများ ကြားတော့ကြားဖူး၏။ ယခုတဲ့သို့ ကျမ်းဂန်နှင့်
ညှိမထားသည်မို့ သုံးကြည့်ဖြစ်ခဲ့ပါ။ အရပ်ပြောနည်းများဖြစ်၍ သုံးရန်လည်း မဝင့်ခဲ့။ ယခုမှသာ
ဆောင်းပါးရေးမည်မို့ ကျမ်းအလိုညှိရသမျှ မျှော်လင့်၍ရသမို့ ဆေးများ ကြိုတင်စီမံပြီး ဒီတခါကြုံရင်ဖြင့် ရေနစ်သူကို ဝါးကူ၍ လက်ကမ်းသကဲ့သို့ စမ်း၍ဖြင့် ပေးကုကြည့်ပါဦးမည်။
ရှင်လာပါက အမြတ်၊ မရှင်တော့လည်း လူနာကံ။ မျှော်လင့်ချက်လေးတော့ ပေးကြည့်ပါဦးမည်။
ဆေးခန်းများသို့ ခွေးရူးပြန်ရောဂါဖြင့်လာသော လူနာများကို
ကမ္ဘာနာဖြစ်၍ ဆေးရုံပို့၊ ဆေးရုံမှလည်း ကြိုးစားကုကြ၊ မရသည့်အဆုံး ကမ္ဘာနာမို့ အိမ်ပြန်ညွှန်း၊
အိမ်မှတဆင့်နေရင်း ပြန်ပို့ကြရသည်ချည်း ကြားရပါသည်။ ပြီးခဲ့သောနှစ်ကမှပင် စကားစပ်မိ၍
ဒေါ်မိရှိန်တစ်ယောက် ခွေးရူးပြန်သလို ဖြစ်ခဲ့ဖူးကြောင်း ပြောကြ၍ ရွာမှ ဆရာတော်ထံ ပြန်၍ မေးရ။ ဤသည်မှ ဆေးနည်းကို သိခဲ့ရပါသည်။
အသုံးပြုသော ဆေးပစ္စည်းများမှာ တစ်ဒေသနှင့်တစ်ဒေသ မတူကြ၊
အချို့က ကျမ်းစာအုပ်မှာ ပါသည်။ အချို့က ဒေသသုံးဆေးနည်းများ အနယ်နယ်အရပ်ရပ်မှ စုစည်းမိသမျှ
ဆေးနည်းများကို အင်္ဂဝိဇ္ဇာ အခြေခံမူများအရ ဆေးချက်ဖော်မြူလာချ၍ ကြည့်ပါသည်။ ပညာရှင်အပေါင်းတို့မှလည်း
ဆက်လက်ကြံဆ ဆေးချက်ချနိုင်ကြပါရန် မျှဝေတင်ပြခြင်း ဖြစ်ပါသည်။
၁၁။
သူ့ကိုနိုင်လို၊ ဆနှင့်ခို၊ လိုရာ ဆေးဖော်သုံး
အထက်မှာဖော်ပြခဲ့သော ခွေးရူးပြန်ကာကွယ်ဆေးနှင့် ကုသဆေးများသည်
အင်္ဂဝိဇ္ဇာဓါတ်ပညာ၏ ကက်ကင်းဓါတ်နှင့် ဆပွတ်ဓါတ်ကို အသုံးပြုထားကြောင်း လေ့လာသူများ
သိကြပါသည်။ အရေးကြုံပါက ၎င်းဆခိုနည်းကို သတိတရ သုံးနိုင်ကြစေရန် ကျွန်ုပ်၏ အတွေ့အကြုံ
အသစ်တစ်ခုကို အလျဉ်းသင့်၍ ထပ်မံမျှဝေလိုပါသည်။
(၂၀၁၉)ခုနှစ် နှစ်ဦးပိုင်းက မြစ်ကြီးနားဆေးရုံသို့ ကျန်းမာရေးစာရင်းဇယားများ
သွားရောက် သင်ကြားကြသော ရုံးချုပ်မှ အဖွဲ့ဝင်တဦး လည်ပင်းမှာ ငါးရိုးစူး မြက်နေကြောင်း
သမီးဖြစ်သူမှ ညရှစ်နာရီခန့် ဖုန်းဆက်လာပါသည်။ ငှက်ပျောသီး တစ်ကိုက်စာကိုက်၍ အနည်းငယ်ဝါးပြီး
မြိုချရန်နှင့် တစ်ယောက်ယောက်က ငါးရိုးမြက်သူ၏ ခေါင်းကို ငုံ့ကိုင်ထားပြီး တံတောင်နှင့် အသက်အောင့်၍ (၇)ချက်ထောင်းရန် အကြံပေးလိုက်သည်။ မနက်
ဖုန်းဆက်တော့ ကောင်းသွားပြီဟုသိရ။ ဒါက ပထမဦး အတွေ့အကြုံ။
၁၂။
ချွေးပြန်၍ ဖတ်ဖတ်မော - တွေ့လိုတ်ရတော တအံ့တသြ
ပထမတစ်ဦး ငါးရိုးစူး အတွေ့အကြုံရပြီး ခြောက်လခန့်အကြာ၊
ခြောက်နှစ်အရွယ် ကလေးတစ်ဦး ငါးရိုးစူးပြန်ပါသည်။ အသိတစ်ဦး၏ ကလေးဖြစ်၍ ဖုန်းဆက်မေး၊
ဆေးရုံမှာ လည်ချောင်းအထူးတုဆရာဝန်ကြီး ပြဖို့စောင့်နေကြောင်း ခဏအကြာ ငါးရိုးရှာ၍ ဖယ်ထုတ်ပေးမည့်အကြောင်း
ပြော၍ ဆေးရုံမှာဆိုတော့ ကောင်းတာပေါ့။ မြန်မာတို့ ဓါတ်ပညာမှာမူ ခေါင်းကို ငုံ့၍ ကိုင်ထားပြီး
ဂုတ်ကို တံတောင်နှင့် အသက်အောင့်၍ (၇)ချက် ထောင်းရကြောင်း” ဗဟုသုတအဖြစ် ပြောပြလိုက်ပါသည်။
ဆရာဝန်ကြီးကိုယ်တိုင် ငါးရိုးကို ကြိုးစား၍ ထုတ်ပေးကြောင်း၊
ငါးရိုးကို မြင်နေပြီး ထုတ်မရ။ တစ်ကြိမ်မက၊ နှစ်ကြိမ်မက။ ဆရာဝန်ကြီးလည်း ဖတ်ဖတ်မော
ကလေးနှင့် ဖခင်လည်း ဇောချွေးပြန်။ အားပြန်၍မွေးဖို့ ခဏနား။ ဆရာဝန်ကြီး ကော်ဖီသောက်၍
အနားယူနေစဉ် ဖခင်ဖြစ်သူမှ ထောင့်တစ်နေရာမှာ အသာချောင်း။ ကလေးဂုတ်ကို တံတောင်နှင့်
(၇)ချက် ထောင်းလိုက်သည်။ ခဏအကြာ ပြန်၍ကြည့်။ ငါးရိုးသည်မရှိတော့။ ကလေးမေးတော့ ဘာမှ
မဖြစ်တော့ဟု ပြော၍ ဆရာဝန်ကြီးမှ ဆေးပေး၊ ပြန်လွှတ်လိုက်။ ထိုသတင်း ရပ်ကွက်အတွင်း ပြန့်၍သွား။ (၇)ရက်ခန့်အကြာ
အေရိုးဗစ်သင်တန်းမှ သင်တန်းသူတစ်ဦး ငါးရိုးစူး၍ အခက်ကြုံပြန်။ နိုင်ဝင်းကလေး ငါးရိုးစူးတာ
ဂုတ်ထောင်းရုံနှင့် ကောင်းသွားသတဲ့။ အခုလည်း ဂုတ်ထောင်းဟု ဆရာမကြီးမှ အကြံပြု။ ခုမကြာခဏအတွင်း လည်ချောင်းရှင်း၍
ကောင်းသွားကြောင်း သုံးယောက်ပင် ကြုံတွေ့ဖူးပါသည်။
ပျောက်ကင်းသည်ကိုသာ မှတ်တမ်းပြုထားသော ဆေးမြီးတို သညာကုမဟုတ်ပါ။
အင်္ဂဝိဇ္ဇာဓါတ်ပညာအလိုအရ စန္ဒြကို သောရီနိုင်၊ ဓါတ်တိုင်မှာ အထင်ရှားတွေ့နိုင်သော
အင်္ဂဝိဇ္ဇာပညာပင် ဖြစ်ပါသည်။ တနင်္လာနံဟူသမျှ စနေက နိုင်သည်။ ”သူ့ကိုနိုင်လို ဆနှင့်ခို၊
လိုရာဆေးဖော်သုံး” ဟူသော ဆ,ခို ဥပဒေသပင် ဖြစ်ပါသည်။ အရေးတစုံ ကြုံလာပါက ဆပွတ်ပညာသည် အလွန်အသုံးတည့်ပါကြောင်း - လူနာသုံးဦး၏ အရေးပေါ်ပြဿနာဖြေရှင်းခဲ့ပုံကို
နမူနာပြ၍ မျှဝေအပ်ပါသည်။
၁၃။
နိဂုံး
ဤဆောင်းပါးကို တင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ -
(၁)
အင်္ဂဝိဇ္ဇာဓါတ်ပညာသည် အဟောပိုင်း၊ အခါပေး၊ ဓါတ်ရိုက်ဓါတ်ဆင်၊ ဝင်စေထွက်စေ - စသော အစီအရင်များလောက်သာ
သုံးရသည်မဟုတ်။ ဆေးကုသရာမှာလည်း တခါတရံ အရေးပေါ်ကုသမှုယူရန် လိုအပ်သော ရောဂါဝေဒနာများကိုပင်
ဓါတ်ပညာဖြင့် အလွယ်တကူ ဖြေရှင်းပျောက်ကင်းနိုင်ကြောင်း
(၂)
အနယ်နယ်အရပ်ရပ်မှာ အသုံးပြုခဲ့သော ရှေးရှေးသော သမားတော်ကြီးများ၏ ခွေးရူးရောဂါကုဆေး
အပါအဝင် မိရိုးဖလာ ရိုးရာသုံးဆေးများကို ဆန်းစစ်ရာ ဆေးအများစုသည် အင်္ဂဝိဇ္ဇာဓါတ်ပညာမှာ
အခြေခံခဲ့ကြကြောင်း တွေ့ရ၍ ထိုအင်္ဂဝိဇ္ဇာဓါတ်ပညာ ပျောက်ကွယ်မသွားရေး ဆက်လက် ထိန်းသိမ်း
သုတေသနပြုလုပ်ကြပါရန်
(၃)
ခွေးရူးကိုက်ခံရဖူးသူတစ်ဦး ခွေးရူးပြန်ရောဂါကဲ့သို့ ဝေဒနာမျိုး ချက်ချင်းခံစားရပြီး
မြန်မာ့ဓါတ်ပညာဖြင့် ပြန်လည်ရှင်သန်လာသူ တဦး၏ ကုထုံးကို စိတ်ပါဝင်စားသူများမှ အလားတူ
ရောဂါတွေ့ပါက သုတေသန ပြုလုပ်နိုင်ကြပါရန်
(၄)
ဤဆောင်းပါးပါ ခွေးရူးပြန်ရောဂါကုနည်း အပါအဝင် ငါးရိုးမြက်၊ ငါးရိုးစူးကုသနည်းကို နည်းယူမှတ်သား၍
အရေးကြုံက ဆပွတ်ဓါတ်ခိုတ်နည်းပညာကို အသုံးပြုနိုင်ကြပါရန်
(၅)
အကြိမ်(၂၀)မြောတ် မြန်မာ့သမားတော်များ ညီလာခံကြီးမှ ပြန်လည်ဖေါ်ထုတ်ရန် လိုအပ်သည်ဟု
ဆုံးဖြတ်ခဲ့ကြသော အင်္ဂဝိဇ္ဇာ အပါအဝင် ပညာရပ်(၆)မျိုးနှင့်ဆိုင်သော ပညာရှင်များကို
စုစည်း၍ ထိုပညာရပ်များ ပိုမို တိုးတက်ပြန့်ပွား၊ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးတို့အတွတ်
သင့်လျှော်သော ဒီပလိုမာဘွဲ့ဒီဂရီများ ချီးမြှင့်နိုင်သည်အထိ တာဝန်ရှိသူများမှ ဝိုင်းဝန်းကူညီ
အကြံပေး ဆောင်ရွက်နိုင်ကြပါရန် ရည်ရွယ်၍ “နက္ခတ္တနယဆေးပညာ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းပါ”
ဟူသော အပိုင်း(၂) ဆောင်းပါးကို ရေးသားလိုက်ရပါကြောင်း -
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများသို့ ထာဝရ
ဦးခိုတ်လျှက်
ဒေါက်တာနွယ့်ဝင်း
ဥက္ကဋ္ဌ
မြန်မာ့တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအဖွဲ့
ဗဟိုတိုင်းရင်းဆေးဆရာအသင်းအမှုဆောင်
၁၉.၆.၂၀၂၀
(၁၃၈၂)ခုနှစ်၊
နယုန်လက္ငယ်နေ့၊ (၇၅)နှစ်မြောက် စိန်ရတု အမှတ်တရ






0 comments:
Post a Comment